backup og meta

သင့်ကျောရိုးလေး မထိခိုက်စေဖို့ ဘယ်လိုနေထိုင်ကြမလဲ။


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 03/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တစ်နေ့တာမှာ ထိုင်ဖို့၊ ထဖို့၊ သွားဖို့၊ လာဖို့၊ အိပ်ဖို့၊ ပစ္စည်းတွေ မဖို့။ ဒါတွေ လုပ်ဖို့ဆိုရင် ကျောရိုးက ကျန်းမာနေရမှာပါ။ ဦးခေါင်းပိုင်းကစလို့ တင်ပဆုံပိုင်းထိ ရှိနေတဲ့ ဒီကျောရိုးလေးတွေက နေ့စဉ်လှုပ်ရှားမှုတွေအတွက် အခရာပါပဲ။ ဒါကြောင့် ကျောရိုးလေးကို မထိခိုက်အောင် နေ့စဉ်သွားလာလှုပ်ရှားမှုတွေမှာ သတ်ထားရပါမယ်။ အထူးသဖြင့်တော့ postureလို့ ခေါ်တဲ့ ကိုယ်နေဟန်ထားပေါ့။ ထိုင်တဲ့အခါ၊ အိပ်တဲ့အခါ ကိုယ်နေဟန်ထား မှန်နေမှသာ ကျောရိုးလေး မထိခိုက်မှာပါ။

    ကိုယ်နေဟန်ထားမမှန်တဲ့အခါ

    ကိုယ်နေဟန်ထား မမှန်တဲ့အခါကျတော့ (အထူးသဖြင့် ကုန်းကုန်းကြီးနေမယ်၊ ခွေခေါက်ပြီးနေမယ်ဆိုရင်)

    • ကျောရိုးတစ်လျှောက်မှာရှိတဲ့ အရိုးနဲ့ ကြွက်သားတွေ နေရာ မကျတော့တာ
    • ကျောရိုးတွေ ပွန်းပဲ့လာပြီး ထိခိုက်ဒဏ်ရာ ရတာ
    • ဇက်ကြောတွေ၊ ပုခုံးတွေ၊ ခါးတွေ နာတာ
    • အရိုးအဆစ်နဲ့ ကြွက်သားတွေ တောင့်တာ
    • လှုပ်ရပြုရတာ မကောင်းတော့တာ
    • ဟန်ချက်တွေ ထိန်းရခက်လာပြီး မတော်တဆ ချော်လဲတာတွေ၊ ပြုတ်ကျတာတွေ ဖြစ်လာနိုင်ပါတယ်။
    • ကျောနဲ့ ရင်နဲ့ဆိုတာ ကပ်နေတဲ့အတွက် ကျောမှာ ဒီလို ဒဏ်တွေ ခံနေရတာနဲ့ အမျှ အရှေ့ဘက်မှာ ရှိတဲ့ ဝမ်းဗိုက်ကို ဖိပြီး အစာမကြေတာ၊ ရင်ဝမ်းခြား ကြွက်သားကို ဖိပြီး အသက်ရှူမဝတာတွေ ဖြစ်လာတတ်ပါတယ်။

    ဒါဆို ကျောရိုးလေးမထိခိုက်အောင် ဘယ်လို နေရမလဲ။

    ယေဘုယျအချက်တွေ အနေနဲ့

    • ကိုယ်နေဟန်ထားကို သတိထားရပါမယ်။ ထိုင်ရင်ပဲ ဖြစ်ဖြစ်၊ လမ်းသွားနေရင်ပဲ ဖြစ်ဖြစ် ကိုယ့်နေတာ ပုံစံကျရဲ့လားလို့ သတိရတိုင်း စစ်ဆေးကြည့်ကြရအောင်။
    • လှုပ်လှုပ်ရှားရှားနေကြမယ်။ အကြာကြီးထိုင်တာ၊ လှဲနေတာမျိုး မဟုတ်ဘဲ လှုပ်လှုပ်ရှားရှားနေကြမယ်။ နေ့စဉ် နိုင်သလောက်လေး လေ့ကျင့်ခန်း လုပ်ကြမယ်။
    • ကိုယ်အလေးချိန်ထိန်းကြမယ်။ ရှိသင့်တာထက် သိပ်များနေရင် ကျောရိုးပေါ် ဝန်ပိလို့ ခါးနာမှာ စိုးပါတယ်။
    • သက်သောင့် သက်သာ ဖြစ်မယ့် ဖိနပ်ကို စီးကြမယ်။ အချိန်တိုင်း ဒေါက်ဖိနပ်ကို စီးတာက ကျောရိုးအပါအဝင် ခြေထောက်က အရိုးတွေ၊ ကြွက်သားတွေကိုပါ ထိခိုက်စေတတ်လို့ တစ်ခါတလေတော့ သက်သောင့်သက်သာဖြစ်မယ့် ဖိနပ်အပါးလေး စီးကြရအောင်ပါ။
    • သင့်ရှေ့က စားပွဲနဲ့ သဟဇာတ ဖြစ်အောင်နေကြမယ်။ အလုပ်လုပ်တဲ့ စားပွဲ၊ စားကြည့်တဲ့ စားပွဲ၊ ထမင်းစားစားပွဲ စတာတွေနဲ့ သင့်တော်နဲ့ အကွာအဝေး၊ သင့်တော်တဲ့ အမြင့်ကနေ အလုပ်လုပ်ကြမယ်။ ဝေးလွန်း၊ နီးလွန်းတာ၊ နိမ့်လွန်း၊ မြင့်လွန်းတာက သင့်ကျောရိုးကို ထိခိုက်စေနိုင်လို့ပါ။

    ထိုင်တဲ့အချိန်မှာ ကျောရိုးလေး မထိခိုက်အောင်

    ခုဆို  work from homeမှာ လက်တော့နဲ့ အလုပ်လုပ်နေရတဲ့အတွက် ကြာကြာထိုင်မိနေပါသေးတယ်။ ထိုင်နေတုန်းမှာ အနေအထားမမှန်ရင် ကျောရိုးထိခိုက်မှာပါ။ ဒါကြောင့်

    • ထိုင်တဲ့ပုံစံကို မကြာမကြာပြောင်းပေးရအောင်ပါ။
    • တစ်နာရီ တစ်ခါလောက် လမ်းထလျှောက်ပေးကြမယ်။
    • အကြောအခြင်တွေ ဆန့်ထုတ်ကြမယ်။
    • ခြေထောက်သည် ကြမ်းပြင်နဲ့ ထိအောင်ထိုင်မယ်။ မထိရင် ခုံဖြစ်ဖြစ် ခုထားမယ်။
    • ပုခုံးကို ဖြေလျှော့ထားပြီး လက်ပြင်ကုန်းနေတာမျိုး မဖြစ်အောင် နေမယ်။
    • ကျောအနောက်မှာ တစ်ခုခုနဲ့ မီထားမယ်။ ဥပမာ ကျောမှီပါတဲ့ ထိုင်ခုံနဲ့ထိုင်တာမျိုး၊ ခါးအနောက်မှာ ခေါင်းအုံးအပါးလေးဖြစ်ဖြစ်၊ အဝတ်ခေါက်လေး ဖြစ်ဖြစ် ခံထားမျိုးပေါ့။
    • ပေါင်နဲ့ ခြေသလုံးကို အနေအထား မှန်မှန်ထားပြီး  သက်သောင့်သက်သာ ဖြစ်တဲ့ ထိုင်ခုံနဲ့ ထိုင်ကြမယ်။

    မတ်တပ်ရပ်နေချိန်မှာ ကျောရိုးလေး မထိခိုက်အောင်

    • မတ်မတ်ရပ်ပြီး ပုခုံးကို ဖွင့်လျှောက်မယ်။ စမတ်ကျကျလေးပေါ့။
    • ခါးမကုန်းဘူး။
    • ကိုယ်အလေးချိန်ကို ခြေဖနောင့်မှာပဲ ထားမယ်။
    • ခေါင်း၊ ပုခုံးနဲ့ လက်တွေကို အလိုက်သင့်လေး ထားမယ်။
    • ပုခုံးအကွာအဝေးအတိုင်း ခြေထောက်နှစ်ချောင်းကို ခွာထားမယ်။

    အိပ်တဲ့အခါ ကျောရိုးလေး မထိခိုက်အောင်

    • လှဲလိုက်တာနဲ့ ကျောရိုးရဲ့ ပုံစံမပျက်အောင်လို့ ဒူးအောက်မှာ၊ ခါးအောက်မှာ စောင်အပါးလေး ခေါက်ပြီး ခံထားမယ်။
    • ဘေးစောင်းအိပ်ရင် ဒူးတစ်ဖက်ကို ကွေးပြီး အောက်မှာ စောင်အပါးလေး ခုထားမယ်။
    • မွေ့ရာရွေးတဲ့အခါ မာပြီး တောင့်တောင့်တင်းတင်းရှိတာကို ရွေးကြမယ်။
    • ခေါင်းအုံးက ခေါင်းအောက်မှာထားပြီး သင့်တော်တဲ့ ခေါင်းအုံးကို ရွေးဝယ်ကြမယ်။
    • လှဲနေရာက ထမယ်ဆိုရင်လည်း လူကို ဘေးအရင်စောင်း ခြေထောက်နှစ်ဖက်ကို ကုတင်ပေါ်က တွဲလောင်းချပြီး ဖြည်းဖြည်းထကြပါမယ်။

    ကားမောင်းတဲ့အခါ ကျောရိုးလေး မထိခိုက်အောင်

  • ခါးအနောက်မှာ အဝတ်ခေါက်လေး ခံထားမယ်။
  • ဒူးက ပေါင်နဲ့ တစ်တန်းတည်း ဒါမှမဟုတ် နည်းနည်းပိုမြင့်အောင်ထားမယ်။
  • စတီယာရင်နဲ့ သိပ်မဝေးစေဘဲ အောက်က ခြေနင်းကိုလည်း သက်သောင့်သက်သာ လှမ်းမီတဲ့ အနေအထားမျိုးမှာ ထားကြမယ်။
  • ပစ္စည်းတွေ မတဲ့အခါ ကျောရိုးလေး မထိခိုက်အောင်

    • မ ရခက်တဲ့ ပစ္စည်းတွေ၊ လေးလံလွန်းတဲ့ ပစ္စည်းတွေကို ရှောင်မယ်။
    • ပစ္စည်းတွေ မ မခင် ကိုယ့်ဟာကိုယ် ခြေကုတ်မြဲလား အရင်စစ်ဆေးကြည့်မယ်။
    • ခါးအောက် နိမ့်တဲ့ ပစ္စည်းတွေကို မ မယ်ဆိုရင် အရင်ဆုံး ခါးကို မတ်မတ်ထား၊ ဒူးကွေးပြီးမှ မ မယ်။
    • မမယ့် ပစ္စည်းနဲ့ သင့်တော်တဲ့ အကွာအဝေး တစ်ခုခြားပြီး ဝမ်းဗိုက်နဲ့ ခြေထောက်က ကြွက်သားတွေ အားကို သုံးပြီးမမယ်။ ဒူးကို ဖြည်းဖြည်းချင်း ပြန်ဆန့်ပြီး ပစ္စည်းကို ကိုယ်နဲ့ ကပ်ပြီး မသွားပါမယ်။
    • ပြန်ချတော့မယ်ဆိုရင်လည်း မ တုန်းကလိုပဲ ခါးကို မတ်ပြီး ဒူးကွေးမယ်။ ဝမ်းဗိုက်နဲ့ ခြေထောက်က ကြွက်သားတွေ အားကို သုံးပြီး ဖြည်းဖြည်းချင်း ပြန်ချပါမယ်။

    သွားလာလှုပ်ရှားတဲ့နေရာမှာ ကျောရိုးလေး မထိခိုက်စေဖို့ ကိုယ်နေဟန်ထားက အရေးကြီးပါတယ်။ ဒါ့ပြင် ကိုယ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြည့်ကောင်းဖို့အတွက်လည်း ကိုယ်နေဟန်ထားက လိုအပ်ပါတယ်။ တဖြည်းဖြည်းချင်း သတိထားပြီး ပြုပြင်သွားကြမယ်ဆိုရင်ဖြင့် ကျောရိုးလေးလည်း မထိခိုက်တဲ့အပြင်  ပိုပြီးကြည့်ကောင်းလာမှာ အမှန်ပါပဲ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 03/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement