backup og meta

ခါးခွဲစိတ်ဖို့ လိုနေပြီလို့ ပြောပြနေတဲ့လက္ခဏာများ


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 03/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခါးနာတယ်ဆိုတာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာပါ။ ခါးနာရတဲ့ အကြောင်းရင်းကလည်း အများကြီးရှိပါတယ်။ သာမန် အလေးအပင်မလို့ ခါးနာတာကစပြီး ကျောရိုးဆစ်ကြားအပြားလေးတွေ ညပ်တာအလယ် အရိုးပွလို့ အရိုးတွေပ်မိတာအဆုံး အားလုံး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ခါးနာတိုင်း ခွဲစိတ်စရာ မလိုပါဘူး။ ခါးနာတာနဲ့ တန်းပြီး ခွဲစိတ်ရမယ်ဆိုတဲ့ ရောဂါက ခပ်ရှားရှားရယ်ပါ။

    ခါးခွဲဖို့ လိုမလို ဘယ်လိုဆုံးဖြတ်သလဲ။

    များသောအားဖြင့် ကျောရိုးနဲ့ ပတ်သတ်တဲ့ လက္ခဏာတစ်ခုခု ပေါ်လာပြီဆိုရင် (ဥပမာ ခါးနာတာဖြစ်ချင်ဖြစ်မယ်၊ ဇက်ကြောတက်တာဖြစ်ချင်ဖြစ်မယ်၊ အာရုံကြောညပ်လို့ တင်ပါးကစပြီးအောက်ထိ အာရုံကြောတွေ ထုံနေတာဖြစ်ချင်ဖြစ်မယ်) အရင်ဆုံး မခွဲစိတ်ပါဘူး။ ပထမဆုံး လူနာကို စောင့်ကြည့်ပါတယ်။ သောက်ဆေးတွေ ပေးမယ်၊ လေ့ကျင့်ခန်းတွေ လုပ်ခိုင်းမယ်၊ အနားကောင်းကောင်းယူခိုင်းမယ် စတဲ့ နည်းလမ်းတွေနဲ့ အရင်ကုသပါတယ်။ တစ်ခါတလေ ခါးဆစ်ရိုးကြားထဲ ဆေးထိုးပြီး ကုရကောင်း ကုရနိုင်ပါတယ်။

    ဒါတွေနဲ့ မသက်သာဘူး၊ ရောဂါကလည်း ခွဲစိတ်တဲ့နည်းလမ်းအပြင် တခြားရွေးချယ်စရာ မရှိဘူးဆိုမှ ခွဲစိတ်ဖို့ကို ဆုံးဖြတ်ပါတယ်။

    ဘယ်လိုရောဂါတွေမှာ ခွဲစိတ်ရတတ်သလဲ။

    • အသက်ကြီးလို့ ကျောရိုးဆစ်တွေ ပျက်စီးတာ

    အသက်ကြီးလာလို့ အရိုးပွတာ ဒါမှမဟုတ် အဆစ်တွေကိုယ်တိုင်က မကောင်းတော့တဲ့အခါ နာတာရှည်ခါးနာတတ်ပါတယ်။ သောက်ဆေးတွေ၊ လေ့ကျင့်ခန်းတွေနဲ့ မသက်သာတဲ့အခါ ခွဲစိတ်ဖို့ကို စဉ်းစားရပါတယ်။

    • ခါးဆစ်ရိုး ကျဉ်းနေတာ

    ခါးဆစ်ရိုး ကျဉ်းတဲ့အတွက် ခါးဆစ်ကြားထဲကနေ ဖြတ်ပြီးသွားနေတဲ့ အာရုံကြောမကြီးကို ဖိမိတတ်ပါတယ်။ ဒီအခါ ခြေထောက်တစ်လျှောက် ထုံတာ၊ ကျဉ်တာတွေ ဖြစ်တတ်ပါတယ်။ ခွဲစိတ်လိုက်မှပဲ အာရုံကြောကို မဖိမိဘဲ လက္ခဏာတွေ သက်သာလာမှာပါ။

    • ကျောရိုးဆစ်ကြားက အပြားလေးတွေ ကျွံတာ

    ကျောရိုးဆစ်တစ်ခုနဲ့ တစ်ခုကြားမှာ ပွတ်တိုက်မှု သက်သာအောင် ကူရှင်သဘောမျိုး အပြားလေးတွေ ရှိပါတယ်။ ဒီအပြားလေးတွေက အသက်ကြီးတာကြောင့်ပဲ ဖြစ်ဖြစ်၊ ထိခိုက်ဒဏ်ရာကြောင့်ပဲ ဖြစ်ဖြစ် ပျက်စီးတာ၊ ကျွံတာ ဖြစ်တတ်ပါတယ်။ ဒီအခါ ကျောရိုးဆစ်အချင်းချင်း ပွတ်တိုက်မိပြီး နာတာ၊ ကောင်းကောင်း လှုပ်ရှားလို့ မရတာ ဖြစ်တတ်လို့ ခွဲစိတ်ပြီး ပြန်ပြုပြင်ရပါမယ်။

    • ကျောရိုးဆစ်ချော်တာ

    ကျောရိုးဆစ်က ချော်ထွက်သွားရင်လည်း အာရုံတွေ ထိခိုက်တာ၊ ပြင်းပြင်းထန်ထန် နာကျင်တာ၊ လှုပ်ရှားလို့ မကောင်းတာ၊ ကျောရိုးပုံပျက်တာ ဖြစ်နိုင်တာကြောင့် ခွဲစိတ်ကုသရပါမယ်။

    • ကျောရိုးဆစ်ကျိုးတာ

    ထိခိုက်ဒဏ်ရာကြောင့်ဖြစ်ဖြစ်၊ အရိုးပွလို့ ဖြစ်ဖြစ် ကျောရိုးဆစ်တွေ ကျိုးသွားတဲ့အခါ ခွဲစိတ်ပြီး ပြန်လည်ပြုပြင်ဖို့ လိုပါတယ်။

    • ခါးဆစ်ရိုးစောင်းတာ

    ခါးဆစ်ရိုးစောင်းတာက ကလေးတွေမှာ ၄၀ဒီဂရီနဲ့အထက်၊ ဘယ်အသက်အရွယ်မှာပဲဖြစ်ဖြစ် ၅၀ဒီဂရီနဲ့အထက်ဆို ခွဲစိတ်သင့်ပါတယ်။ ဒါမှ ပိုမစောင်းအောင် ကာကွယ်နိုင်မှာဖြစ်သလို ပိုပြီး လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ရမှာပါ။

    • အကျိတ်၊ ပိုးဝင်တာနဲ့ cauda equina syndrome

    ဒီပြဿနာတွေက ရှားပါးပေမယ့် တတ်နိုင်သမျှ မြန်မြန်ခွဲစိတ်သင့်တဲ့ ရောဂါတွေပါ။ ဥပမာ အကျိတ်ဆိုရင် ကြာလေ ပိုကြီးလေ အာရုံကြောကို ဖိမိလေဖြစ်ပြီး အောက်ပိုင်းသေသွားတတ်ပါတယ်။ ပိုးဝင်တယ်ဆိုလည်း မြန်မြန်ခွဲစိတ်ပြီး ပိုးဝင်တဲ့အပိုင်းကို ဖယ်ထုတ်လိုက်မှ ပိုးတွေ ဆက်မပြန့်တော့ဘဲ အပျက်အစီး သက်သာမှာပါ။ cauda equina syndromeဆိုရင်လည်း အာရုံကြောဖိမိတာကြောင့် လူနာက မလှုပ်ရှားနိုင်တာ၊ အာရုံခံစားမှု မရှိတော့တာ၊ ဆီးမထိန်းနိုင်တာတွေ ဖြစ်တတ်တာကြောင့် အရေးပေါ်ခွဲစိတ်မှု ခံယူဖို့ လိုပါမယ်။

    ကျောရိုးပြဿနာတွေကို ကုသတဲ့နေရာမှာ ခွဲစိတ်ပြီး ကုသရတဲ့ အခြေအနေဆိုတာ ရှားပါတယ်။ ဒါပေမယ့် ခုပြောခဲ့တဲ့ ရောဂါတွေအတွက်တော့ ခွဲစိတ်ကုသမှုက ပိုကောင်းတဲ့ နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။

    ကုသနည်းတွေ အများကြီးရှိတဲ့အတွက် ကိုယ်နဲ့ သင့်တော်မယ့် နည်းလမ်းကို ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး ရွေးချယ်နိုင်ပါတယ်။

    ခါးခွဲစိတ်မှုနဲ့ပတ်သက်ပြီး နောက်ဆုံးပေါ် စစ်ဆေးမှုနည်းလမ်းများ၊ ခွဲစိတ်မှုများ အကြောင်းကို ပိုမိုသိရှိလိုပါက စင်ကာပူနိုင်ငံ Mount Elizabeth ဆေးရုံကြီးရဲ့ မြန်မာနိုင်ငံရုံးများမှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

    ဆက်သွယ်ရန် –

    Mount Elizabeth Hospitals Singapore, Myanmar Office

    ရန်ကုန် Helpline : 09-430 66666, 09-430 66663

    မန္တလေး Helpline: 09-430 66667, 09-7930 66667

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 03/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement