backup og meta

မျှဝေပါ။

ဇက်ကြောတောင့်နေရင် ချိုးလိုက်ပါဦး..ဖြောင်းခနဲမြည်အောင်

ဇက်ကြောလေးတက်တယ်၊ ညောင်းလာတယ်ဆိုတာနဲ့ ဇက်ကလေးဘယ်ညာစောင်းပြီး ဖြောင်းခနဲချိုးလိုက်တာပဲလား။ ကိုယ့်အနီးအနားကလူတွေရော အဲ့လိုအညောင်းဖြေတာ မကြာခဏကြားနေရလား။တော်တော်များများက လက်ဆစ်တွေချိုးတယ်၊ ဇက်ကို လှည့်တယ် အသံမြည်တဲ့အထိ ဆတ်ခနဲ ဆတ်ခနဲရယ်။ ဒီလိုလုပ်လိုက်ရင် ပခုံးကြော၊ ဇက်ကြောတွေ ပြေသွားတယ်၊ ပေါ့ပါးသွားတယ်လို့ ခံစားရတယ်လေ။ တကယ်တော့ အများစုက တကယ်သက်သာတာထက် အကျင့်ပါနေတော့ စိတ်ထင်တာလည်းပါပါတယ်။ ဇက်ကြောတောင့်နေရင် ဖြောင်းခနဲမြည်အောင် ချိုးတာ မသက်သာပါဘူး။

ဇက်ကြောတောင့်နေရင် ချိုးလိုက်ပါဦး..ဖြောင်းခနဲမြည်အောင်

ဇက်ကြောတောင့်နေရင် ချိုးလိုက်ပါဦး..ဖြောင်းခနဲမြည်အောင်

ဒါပေမယ့် ဒီလိုချိုးတာ လုံးဝမကောင်းတာလားဆိုတော့ မဟုတ်ပြန်ပါဘူး။ ကောင်းတာနဲ့ဆိုးတာ ဒွန်တွဲနေပါတယ်နော်။ ဇက်ကိုချိုးတာ၊လေ့ကျင့်ခန်းလုပ်တာက တော်တန်ရုံဆို ထိခိုက်မှုမရှိနိုင်ပါဘူး။ ဒါပေမယ့် လှုပ်ရှားပုံ နည်းမမှန်တာ၊ အရမ်းကို  မကြာခဏလုပ်လွန်းတာ၊ သိပ်ကြမ်းလွန်းတာတွေကြောင့် ဇက်ကြောတက်မသက်သာဘဲ ပိုဆိုးနိုင်တဲ့အပြင် နာကျင်ရနိုင်ပါတယ်။

ဘာလို့ အသံမြည်တာလဲ

ဇက် အပါအဝင် ဘယ်အဆစ်ကိုပဲချိုးချိုး အဆစ်နားတဝိုက်က အရည်အိတ်အလွှာတွေပြန့်သွားပါတယ်။ အဲဒီအလွှာမှာ အရည်တွေပါဝင်တာဖြစ်ပြီး ဒီလိုပြန့်သွားရင် အရည်တွေကို အဆစ်ပေါ်ဖိအားလျော့သွားစေပါတယ်။

ဖိအားလျော့သွားလေ အဆစ်ထဲကအရည်တွေက အငွေ့ဖြစ်သွားလေဖြစ်ပါတယ်။ ဒီလိုဖြစ်ရင် အသံမြည်လာပါတယ်။ ဒီဖြစ်စဉ်ကို boiling သို့မဟုတ် cavitation လို့ခေါ်ပါတယ်။ ပုံမှန်တော့ အန္တရာယ်မရှိတတ်ပါဘူး။

ဇက်ကြောဆိုတာက လှုပ်ရှားလို့ကောင်းစေဖို့ သဘာဝကဖန်တီးထားတဲ့ ကျောရိုးရဲ့ အဆစ်တွေ စုပေါင်းထားတာဖြစ်ပါတယ်။ လည်ပင်းဘေးတစ်ဖက်စီမှာရှိနေတဲ့ ဒီအဆစ်တွေဟာ ကိုယ်ကဇက်ကြောချိုးလိုက်တိုင်း အထက်ကဖြစ်စဉ်အတိုင်းဖြစ်လာမယ်။ နောက်ဆုံး အသံမြည်လာပြီး ဇက်ကြောမှာ ဖိအားလျော့သွားတဲ့ခံစားချက်ကိုရစေတာပါ။

အဆစ်ချိုးလို့ ကောင်းကျိုးရှိလား

ဇက်ကြောလျှော့တာ နေရသက်သာစေတယ်ဆိုပေမယ့် မကြာခဏလုပ်မယ်ဆိုရင်တော့ သတိထားသင့်ပါတယ်။ လေ့လာမှုတစ်ခုအရ ဇက်ကြောချိုးလိုက်တဲ့ တဖြောင်းဖြောင်းအသံထွက်လာရင် နေရသက်သာသွားတယ်လို့ ခံစားရတာ စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုရှိနေတယ်လို့တွေ့ရပါတယ်။

တစ်ခါတလေ ဇက်ကြောတောင့်နေတာ တကယ်ပေါ့သွားသလားတောင် သတိမထားမိဘဲ ဒီအသံမြည်တာနဲ့တင် ပေါ့သွားသလိုခံစားရတာ၊ အကြောတင်သွားလို့ ဇက်ချိုးလိုက်တာ ပြန်တည့်သွားတယ်တောင် ပြောကြတာတွေရှိပါတယ်။ ဒါကို စိတ်ကြောင့်သက်သာရာရတဲ့ placebo effect လို့ ခေါ်ပါတယ်။

ဇက်ကြောချိုးခြင်းက လည်ပင်းအဆစ်ဧရိယာမှာ အန်ဒိုဖင်(endorphin) ဟော်မုန်းတွေကိုလည်း ထုတ်ပေးပါတယ်။ ဒီဟော်မုန်းတွေကို ပစ်ကျူထရီဂလင်းကနေထုတ်ပေးတာဖြစ်ပြီး ခန္ဓါကိုယ်ကို နာကျင်မှုသက်သာစေပါတယ်။ ဒါ့ကြောင့်ပဲ ဇက်ကြောချိုးလိုက်တဲ့အခါ အန်ဒိုဖင်ဟော်မုန်းတွေကြောင့် စိတ်ကျေနပ်မှုနဲ့ စိတ်သက်သာမှုကိုခံစားရတာဖြစ်ပါတယ်။

ဘာအန္တရာယ်ရှိနိုင်လို့လဲ

ဇက်ကြောချိုးတာက အခန့်မသင့်ရင်၊ နည်းမမှန်ရင်၊ မကြာခဏ လုပ်လွန်းရင် အရိုးအဆစ်ကို ထိခိုက်စေနိုင်ပါတယ်။

တော်တန်ရုံအညောင်းပြေရုံမဟုတ်ဘဲ အားကြီးနဲ့ ဖြောင်းခနဲမြည်အောင် ချိုးတာက လည်ပင်းတဝိုက်က အာရုံကြောတွေကို ထိုးဆွသလို ဖြစ်စေပါတယ်။ ဒီလိုနဲ့ အာရုံကြောတွေကို နာကျင်စေပြီး လည်ပင်းလှုပ်မရအောင် ဇက်ခိုင်သွားတာမျိုး ဖြစ်စေနိုင်ပါတယ်။

ခဏခဏကို ဇက်ကြောချိုးမိနေတာကလည်း အဆစ်မှာရှိတဲ့ အရွတ်တွဲတွေကို အနေအထားပြောင်းလဲသွားစေနိုင်ပါတယ်။ ဒီလိုနဲ့ အဆစ်နာ (osteoarthritis)ဖြစ်လာနိုင်တဲ့ အန္တရာယ်ပိုများစေပါတယ်။

လည်ပင်းဇက်ကြောဆိုတာ အရေးပါတဲ့ သွေးကြောကြီးတွေရှိတဲ့နေရာမို့ ဇက်ကြောချိုးလွန်းရင်၊ ပြင်းထန်ရင်သွေးကြောတွေကို ထိခိုက်စေ၊ ပေါက်ပြဲလာစေနိုင်တယ်။ အဲဒီကနေ သွေးခဲပိတ်ဆို့တာ ဖြစ်စေနိုင်ပြီး ဦးနှောက်ကိုသွေးပို့လွှတ်မှု အနှောင့်အယှက်ဖြစ်သွားရင် အန္တရာယ်ရှိနိုင်ပါတယ်။

တကယ်လို့ –

  • လည်ပင်းမှာ ပုံမှန်မဟုတ်တဲ့ ရောင်ရမ်းမှုတစ်ခုခုဖြစ်လာရင်
  • ဇက်ကြောမှာ နာကျင်လာရင် (အထူးသဖြင့် အကြောင်းရင်းသေသေချာချာမရှိဘဲ ကြာရှည်နာကျင်လာရင်)
  • အဆစ်တွေ လှုပ်ရှားရခက်လာရင် (အသက်အရွယ်ကြောင့်လည်းဖြစ်နိုင်တယ်၊ အဆစ်နာရောဂါကြောင့်လည်းဖြစ်နိုင်တယ်) ဆရာဝန်ပြပါ။ ကုသမှုအပြင် လိုအပ်တဲ့ နေထိုင်မှုပုံစံတွေ၊ လေ့ကျင့်ခန်းတွေ၊ အရိုးအဆစ်ကုထုံးဆရာဝန်က အကြံပေးပါလိမ့်မယ်။ ဇက်ကြောတက်တဲ့အခါ လုပ်လို့ရတဲ့လေ့ကျင့်ခန်းတွေကို နောက်ဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.healthline.com/health/neck-cracking#takeaway

Accessed May 8, 2019.

https://www.webmd.com/stroke/news/20030512/neck-cracking-raises-stroke-risk#1

Accessed May 8, 2019.

ယခုပုံစံ

22/11/2022

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 22/11/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement