backup og meta

အရိုးတစ်ခုကျိုးပြီးသွားရင် ဘယ်လိုပြန်ဆက်လဲ။။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 14/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရိုးတစ်ခုကျိုးပြီးသွားရင် ဘယ်လိုပြန်ဆက်လဲ။။

    အရိုးကျိုးသွားတယ်ဆိုတဲ့ ပြဿနာဟာ ပြင်းထန်ပြီး အင်မတန်မှ စိတ်ရှုပ်စရာကောင်းတဲ့ ပြဿနာတစ်ခုပါ။ သွားလာ လှုပ်ရှားလို့လည်းမရ ၊ နာကလည်းနာ၊ ကျောက်ပတ်တီးကြီးနဲ့ တစ်ချိန်လုံး အံသေနေရတဲ့ အဖြစ်ကိုဘယ်သူမှ မလိုချင်ပါဘူး။ ဒါပေမယ့်လည်း အခန့်မသင့် တစ်ခုခု ထိခိုက်မိလို့ အရိုးတစ်ခုကျိုးပြီးသွားရင် ဘယ်တတ်နိုင်ပါ့မလဲ။ ကျောက်ပတ်တီးလေးစည်းပြီး ပြန်ဆက်မယ့်အချိန်ကိုပဲ စောင့်နေရတော့တာပေါ့။ အဲဒီအခါကျရင် ကျိုးသွားတဲ့ အရိုးတစ်ခုက ဘယ်လိုဘယ်ပုံပြန်ဆက်မှာလဲ ဘယ်လောက်ကြာမှာလဲဆိုတာ သိချင်လာကြပြီမလား ။ ။

    ပြန်ဆက်မယ့်အကြောင်း မပြောခင် အရိုးကျိုးပုံကျိုးနည်းအကြောင်း အရင်ပြောပြပေးချင်ပါတယ်။

    အရိုးကျိုးသွားပြီဟေ့ဆို

  • အရေပြားကို အရိုးဖောက်ထွက်လာပြီးကျိုးတာလား အထဲမှာပဲကျိုးတာလား
  • လုံးဝ ထက်ပိုင်းကျိုးသွားတာလား၊ ဆက်နေသေးလား
  • နေရာလွဲသွားတာလား အက်သွားတာလားဆိုပြီး အရင်စဉ်းစားရပါတယ်။
  • ဒါတွေပေါ်မူတည်ပြီး ခွဲစိတ်ရမလား၊ ဒီတိုင်း ပတ်တီးနဲ့ ပျောက်မှာလား၊ စတီးချောင်းထည့်ရမှာလား သိနိုင်မှာ ဖြစ်ပြီး ပြင်းထန်မှုအလိုက် အရိုးပြန်ဆက်တဲ့အချိန်လည်း ကြာသွားတတ်နိုင်ပါတယ်။ နောက်ပြီး လူနာရဲ့ အသက်၊ စားသောက်နေထိုင်မှု ပုံစံတွေပေါ်မူတည်ပြီးလည်း အရိုးပြန်ဆက်တာ ကွာခြားသွားနိုင်ပါတယ် ။ ။

    အရိုးတစ်ခုကျိုးပြီးသွားရင် ဘယ်လိုပြန်ဆက်လဲ ။ ။

    အဆင့် ( ၁ )

    အရိုးတစ်ခုကျိုးပြီးသွားရင် နာရီပိုင်းလေးအတွင်းမှာတင် အရိုးဆက်ခြင်းလုပ်ငန်း စတင်ပါတယ်။ ကျိုးသွားတဲ့နေရာပတ်လည်မှာ ဖူးရောင်လာပြီး ကျိုးသွားတဲ့ အရိုးအပိုင်းစတွေရှင်းဖို့နဲ့ ပိုးတွေသတ်ဖို့ ခုခံအားက ဆဲလ်တချို့ လွှတ်ပါလိမ်မ့ယ်။ နောက်ပြီး ကျိုးသွားတဲ့နေရာမှာ သွေးလည်ပတ်မှုကောင်းနေမှာဖြစ်လို့ အဲဒီနေရာက ပူနေပါလိမ့်မယ်။ ဒီ အဆင့်က ၁ ပတ်ကနေ ၂ ပတ်လောက်အထိကြာတတ်ပါတယ်။

    အဆင့် ( ၂ )

    အရိုးကျိုးပြီး ၄ရက်ကနေ ၂၁ ရက် လောက်ကြာတဲ့အခါ အရိုးပတ်လည်မှာ soft callus လို့ခေါ်တဲ့ ကျီးပေါင်း လေးတွေ တက်နေတာကို တွေ့ရတတ်ပါတယ်။ အရိုးလောက်မမာပေမယ့် သွေးခဲတွေလောက်လည်း မပျော့တဲ့ ကျီးပေါင်းအစိုင်အခဲလေးပါ။ အရိုးကျိုးသွားတဲ့ ပြဿနာတိုင်း Callus ပေါ်ကိုပေါ်လာပါတယ်။ သူရဲ့တာဝန်က ကျိုးသွားတဲ့ အရိုးလေး ပုံစံတစ်ကျပြန်ဖြစ်စေဖို့ အပြင်ကနေထိန်းထားပေးရတဲ့ တာဝန်ပါ။ တကယ်လို့ အဲဒီအချိန် ပြင်းပြင်းထန်ထန်လှုပ်ရှားမှုတွေလုပ်မိလိုက်ရင် callus လေးကွဲသွားပြီး အရိုးပြန်ဆက်တာ အစက ပြန်စနေရပါလိမ့်မယ်။

    အဆင့် ( ၃ )

    အရိုးတစ်ခုကျိုးပြီးသွားရင်  ၂ ပတ်လောက်အကြာမှာ osteoblasts လို့ခေါ်တဲ့ အရိုးအသစ်ဖြစ်မေယ့် ဆဲလ်လေးတွေ စပြီး အလုပ်လုပ်ရပါပြီ။ ဒီအဆင့်ရောက်ရင်တော့ အပေါ်မှာ ပြောထားတဲ့ soft callus ကျီးပေါင်းအပျော့လေးက အရိုးလောက်နီးနီးမာသွားပြီး hard callus ကို ပြောင်းသွားပါလိမ့်မယ်။ ဒီ အဆင့်က အရိုးကျိုးပြီး ၆ပတ်ကနေ ၁၂ ပတ် လောက်အတွင်းမှာ ပြီးသွားမှာ ဖြစ်ပါတယ်။

    အဆင့် ( ၄)

    ဒီအဆင့်ကတော့ အရိုးပြန်ဆက်ခြင်းရဲ့ နောက်ဆုံးအဆင့် bone remodeling ( ပုံစံပြန်ချခြင်း) အဆင့်ပါ။ ဒီအဆင့်မှာ တာဝန်ရှိသူတွေကတော့ osteoclasts လို့ခေါ်တဲ့ အရိုးဆဲလ်လေးတွေ ဖြစ်ပြီး အရိုးပြန်ဆက်တုန်းက မညီမညာဖုထစ်နေတဲ့ အရိုးမျက်နှာပြင်တွေကို သူက ပြန်ချောမွေ့စေမှာ ဖြစ်ပါတယ်။ ဒီအဆင့်ရဲ့ ကြာချိန်ကတော့ အရိုးကျိုးပြီး ၁ နှစ် အတွင်းဖြစ်နိုင်သလို တချို့ဆို ၉ နှစ်လောက်အထိ ပုံမှန်အရိုးအတိုင်းပြန်ဖြစ်ဖို့ စောင့်ရတတ်ပါတယ်။

    ဘယ်လိုအချိန် ဆို ဆရာဝန်ဆီပြန်သွားဖို့လိုအပ်မလဲ ။ ။

    ကျောက်ပတ်တီး စည်းထားပေမယ့် ဒီလိုအခြေအနေဆို ဆရာဝန်နဲ့ ပြန်ပြဖို့ လိုပါတယ်။

    • ကျိုးသွားတဲ့ အရိုးပတ်လည်က အရေပြားတွေ ပြာနှမ်းလာတာ
    • လက်ချောင်းလေးတွေ ခြေချောင်းလေးတွေ လှုပ်ရှားလို့မရတာ
    • နာကျင်တဲ့ ဝေဒနာ ပိုပိုဆိုးလာတာ
    • ကျောက်ပတ်တီးကွဲသွားတာ၊ ပတ်တီးအရမ်းတင်းနေတာ
    • ပိုးဝင်သလိုဖြစ်သွားပြီး အနာကနေ အရည်တွေထွက်နေတာ၊ ပြည်တည်နေတာနဲ့
    • ခြေလက်တွေ ထုံကျင်သလိုမျိုါ် အပ်နဲ့ထိုးသလို စူးစူးကလေးဖြစ်နေတာမျိုးတွေ ရှိခဲ့ရင် ဆရာဝန်ဆီ ပြန်သွားပြဖို့ အသေအချာကြီးကို လိုအပ်ပါတယ်။ ။

    ရေးသားသူ− Dr Thin Yadanar@ Frances

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 14/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement