backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

လည်ပင်းကျီးပေါင်းတက်သူများတွင် ကုသမှုများ


Dr. K Zin Thwe မှ ရေးသားသည်။ · 07/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

လည်ပင်းကျီးပေါင်းတက်သူများတွင် ကုသမှုများ

သင့်ကျန်းမာရေး အခြေအနေနှင့် ပင်မကျောရိုးတွင် ဖြစ်နေသော ရောဂါ ပြင်းထန်မှုအပေါ်မူတည်ပြီး လည်ပင်းကျီးပေါင်းတက်ခြင်းကို ကုသမှုများ ကွာခြားပါသည်။ ထိုကုသမှုများ၏ ရည်ရွယ်ချက်မှာ လည်ပင်းနာကျင်မှုများကို သက်သာစေရန်နှင့် လည်ပင်းလှုပ်ရှားမှုများ ကောင်းမွန်စေရန် ဖြစ်ပါသည်။ အောက်ပါတို့သည် လည်ပင်းကျီးပေါင်းတက်သူများတွင် ကုသနိုင်သော နည်းလမ်းများဖြစ်ပါသည်။

သောက်ဆေးများ

သောက်ဆေးများတွင် ဆရာဝန်ညွှန်ကြားသောဆေးများနှင့် ဆေးဆိုင်များတွင် အလွယ်တကူ ဝယ်ယူနိုင်သောဆေးများ ပါဝင်ပါသည်။

NSAID အကိုက်အခဲပျောက်၊ အရောင်ကျဆေးများ

ibuprofen, acetaminophen, naproxen စသည့် NSAID ဆေးများ

သည် ရောင်ရမ်းမှုနှင့် နာကျင်မှုများကို သက်သာစေပါသည်။ သို့သော် NSAID ဆေးများကို ပန်းနာရင်ကျပ်ရောဂါရှိသူများ၊ သွေးတိုးသမားများနှင့် နှလုံးရောဂါရှိသူများတွင် မပေးရပါ။

ကိုဒင်း

ထိုဆေးကို ပြင်းထန်သော နာကျင်မှုများကို သက်သာစေရန် အသုံးပြုပါသည်။ ကိုဒင်းကို NSAID ဆေးများနှင့် တွဲပြီးပေးပါသည်။ သို့သော် ကိုဒင်းဆေးတွင် ဘေးထွက်ဆိုးကျိုးများရှိပါသည်။ ဝမ်းမှန်မှန်မသွားခြင်း(ဝမ်းချုပ်ခြင်း) ဖြစ်တတ်ပါသည်။

ထိုသို့မဖြစ်ရန် ရေများများသောက်ခြင်း၊ ကန်စွန်းဥ၊ ကိုက်လန် ၊ ဟင်းနုနွယ် ၊ သစ်သီးများ စသည့် အမျှင်ဓါတ်များသော အစားအစာများကို စားခြင်းဖြင့် ကာကွယ်နိုင်ပါသည်။ ကိုဒင်းကို အချိန်ကာလကြာမြင့်စွာ မသုံးစွဲသင့်ပါ။

ပန်းနာရင်ကျပ်ဝေဒနာသည်များနှင့် ဦးခေါင်းဒဏ်ရာရှိသူများတွင် ကိုဒင်းကို မသုံးရပါ။

ကြွက်သားများကို ပြေလျော့စေသော ဆေးများ

ထိုဆေးများသည် ကြွက်သားများကို ပြေလျော့စေပြီး ကြွက်တက်ခြင်းကို လျှော့ချပေးပါသည်။ ထိုဆေးများသည် မူးဝေခြင်း၊ ထိုင်းမှိုင်းခြင်းတို့ကို ဖြစ်စေသည့်အတွက် အရက်နှင့်တွဲသောက်ခြင်း၊ ဆေးသောက်ပြီးလျှင် ကားမောင်းခြင်းများ မပြုလုပ်ရပါ။ ထို့ပြင် အချိန်ကာလကြာမြင့်စွာ မသုံးစွဲသင့်ပါ။

မူးယစ်စေတတ်သော အနာပျောက်ဆေး

ထိုဆေးကို အလယ်လတ်နှင့် ပြင်းထန်သော နာကျင်မှုများခံစားနေရလျှင်၊ ခွဲစိတ်မှုများတွင်နာကျင်ခြင်းကို မခံနိုင်လျှင် အသုံးပြုပါသည်။ သို့သော် မူးယစ်ဆေးအလွဲသုံးစားလုပ်သူများသည် ထိုဆေးကို မသုံးသင့်ပါ။

စိတ်ကျရောဂါကုဆေးများ

ထိုဆေးများသည်လည်း လည်ပင်းကျီးပေါင်းတက်ခြင်းကြောင့် လည်ပင်းနာကျင်ခြင်းကို သက်သာစေပါသည်။

ပင်မကျောရိုးထဲသို့ စတီးရွိုက်ဆေးထိုးခြင်း

လည်ပင်း အရိုးထဲသို့ စတီးရွိုက်ဆေးထိုးခြင်းဖြင့် လည်ပင်းနာခြင်းနှင် အာရုံကြောများရောင်ရမ်းမှုကို သက်သာစေပါသည်။ သို့သော် ဆေးထိုးထားသောနေရာတွင် အနည်းငယ်ထုံကျဉ်ခြင်း၊ ခေါင်းကိုက်ခြင်းတို့ကို ခံစားရနိုင်ပါသည်။

လူနေမှုဘဝပုံစံများ ပြောင်းလဲခြင်း

အောက်ပါ စားသောက်နေထိုင်မှုပုံစံများကို ပြောင်းလဲသင့်ပါသည်။

  • အိပ်လျှင် အနည်းငယ်တောင့်တင်းသောခေါင်းအုံးကိုအုံးခြင်းက သင့်လည်ပင်းကို အထောက်အပံ့ဖြစ်စေပါသည်။
  • လည်ပင်းကို အရှေ့ဘက်သို့ကုန်းခြင်း၊ ကြာရှည်စွာမော့ထားခြင်း မပြုလုပ်ရပါ။ ကြာရှည်စွာ ထိုင်ခြင်း၊ ထခြင်းများ မပြုလုပ်ရပါ။
  • အလုပ်လုပ်လျှင်လည်း ခန္ဓာကိုယ်နှင့် ကျောရိုးအနေအထားများကို ပြောင်းလဲရပါမည်။

လေ့ကျင့်ခန်းများ

ကျီးပေါင်းတက်သူများအတွက် ပြုလုပ်သင့်သော လေ့ကျင့်ခန်းများတွင် ကြွက်သားများ သန်မာစေသော လေ့ကျင့်ခန်းများ၊ လည်ပင်းနှင့် ပခုံးများကို ဆန့်ထုတ်သောလေ့ကျင့်ခန်းများ ပါဝင်ပါသည်။ လည်ပင်းကြွက်သားများ သန်မာနေလျှင် လည်ပင်းကို အထောက်အပံ့ဖြစ်စေမည်ဖြစ်ပြီး ကျောရိုးတလျှောက်လည်း အကွေးအဆန့်ကောင်းစေမည်ဖြစ်ပါသည်။ မပြင်းထန်သော လေ့ကျင့်ခန်းများဖြစ်သည့် ရေကူးခြင်း၊ လမ်းသွက်သွက်လျှောက်ခြင်းတို့ကလည်း သင့်ကျောရိုးကို သန်မာစေပါသည်။

အပူသို့မဟုတ် အအေးကပ်ခြင်း

အပူသို့မဟုတ် အအေးကပ်ခြင်း

သည်ရောင်ရမ်းမှုများကို သက်သာစေပြီး သွေးလည်ပတ်မှုကောင်းစေပါသည်။ ထိုသို့ကပ်လျှင် အရေပြားလောင်ခြင်းမဖြစ်အောင် အဝတ်တခုခု ခံထားပါ။

အပ်စိုက် ကုထုံး

အပ်စိုက်ကုထုံးသည် ရှေးရိုးစွဲ နာကျင်မှုကို သက်သာစေသော ကုထုံးဖြစ်ပါသည်။ အပ်ချောင်းငယ်လေးများကို ကိုယ်တွင်စိုက်ခြင်းဖြင့် အချို့သော ဓါတုပစ္စည်းများ ကိုယ်ထဲမှထွက်လာကာ ယင်းတို့သည် နာကျင်ခြင်းကို သက်သာစေပါသည်။

ခွဲစိတ်ကုသခြင်း

အများစုသော လည်ပင်းကျီးပေါင်းဝေဒနာရှင်များတွင် ခွဲစိတ်ကုသခြင်းကို မခံယူကြပါ။ ခွဲစိတ်ခြင်းသည် အာရုံကြော အမြစ်များနှင့် ပင်မကျောရိုး ယိုယွင်းပျက်စီးခြင်းများဖြစ်မှသာ ရွေးချယ်သော ကုသနည်းဖြစ်ပါသည်။

အောက်ပါတို့သည် ခွဲစိတ်သင့်သော အခြေအနေများဖြစ်ပါသည်။

  • မခွဲစိတ်ဘဲကုသသောနည်းလမ်းများနှင့် ကုသသော်လည်း နာကျင်မှုများ မသက်သာသွားခြင်း
  • အာရုံကြောပြသနာများ ပိုပိုဆိုးလာခြင်း
  • အာရုံကြောများညှပ်နေခြင်း၊ ပင်မကျောရိုးဆစ်များ ပိနေခြင်း တို့ဖြစ်ပါသည်။

တခါတရံတွင် ခွဲစိတ်မှုများသည် နာကျင်ရခြင်းအကြောင်းများကို မဖယ်ရှားနိုင်ဘဲ ရောဂါလက္ခဏာများကိုသာ သက်သာစေနိုင်ပါသည်။ ထို့ပြင်ခွဲစိတ်ခြင်းကြောင့် နှလုံးတိုက်ခိုက်ခံရခြင်း၊ အကြောသေခြင်း၊ အနာပိုးဝင်ခြင်း၊ အာရုံကြောများပျက်စီးခြင်းစသည့်ဘေးထွက်ဆိုးကျိုးများလည်း ခံစားရစေပါသည်။

အောက်ပါတို့သည် လည်ပင်းကျီးပေါင်းရောဂါအတွက် အများဆုံးအသုံးပြုသော ခွဲစိတ်မှုနည်းလမ်းများဖြစ်ပါသည်။

လည်ပင်းရိုးအရှေ့ပိုင်းကို ဖြတ်ထုတ်ခြင်း

ကျွံနေသော လည်ပင်းဆစ်ကြားခံချပ်ပြားသည် အာရုံကြောပေါ်တွင် ဖိမိနေခြင်းဖြစ်သောအခါ အသုံးပြုသော ခွဲစိတ်မှုဖြစ်ပါသည်။ ကျွံနေသော ချပ်ပြားနှင့် ဘေးပတ်လည်ရှိတစ်သျူးများကို ဖယ်ထုတ်လိုက်ခြင်းဖြစ်ပါသည်။

ကျွံထွက်နေသော လည်ပင်းရိုးများအားခွဲစိတ်ဖြတ်ထုတ်ခြင်း

ပင်မကျောရိုးကို ထိခိုက်သော အခြေအနေမျိုးတွင် ထိုခွဲစိတ်မှုကို အသုံးပြုပါသည်။ ပင်မကျောရိုးပေါ်တွင် ပိနေသော လည်ပင်းရိုးများအားခွဲစိတ်ဖြတ်ထုတ်ခြင်း ဖြစ်ပါသည်။

လည်ပင်းရိုးကြားရှိ ကြားခံချပ်ပြားကို အစားထိုးခြင်း

ထိုခွဲစိတ်မှုသည် ပုံစံအသစ်ခွဲစိတ်မှု ဖြစ်ပါသည်။ လည်ပင်းရိုးကြားရှိ ကြားခံချပ်ပြားအဟောင်းကို ဖယ်ပြီး အသစ်ကို အစားထိုးခြင်းဖြစ်ပါသည်။

အထက်ပါခွဲစိတ်မှုများအပြီး ၃ / ၄ ရက်ခန့်တွင် ဆေးရုံဆင်းနိုင်ပါသည်။ ၈ ပတ်ခန့် အကြာတွင် နာလန်ထနိုင်မည်ဖြစ်ပြီး ပုံမှန်အလုပ်များကို ပြန်လုပ်နိုင်မည်ဖြစ်ပါသည်။

အချုပ်ဆိုရသော် လည်ပင်းကျီးပေါင်းတက်ခြင်းကို မခွဲစိတ်ဘဲကုသနိုင်သလို ခွဲစိတ်ကုသမှုများလည်း ရှိပါသည်။ သင့်ရောဂါအခြေအနေကို ဆရာဝန်နှင့် တိုင်ပင်ကာ စစ်ဆေးမှုများ ပြုလုပ်ပြီး အကောင်းဆုံးသော အသင့်တော်ဆုံးသော ကုသမှုများကို ရွေးချယ်လိုက်ပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Dr. K Zin Thwe မှ ရေးသားသည်။ · 07/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement