backup og meta

သွားနှင့် ခံတွင်းကျန်းမာရေးအတွက် အရေးအကြီးဆုံး သွားပွတ်တံ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွားနှင့် ခံတွင်းကျန်းမာရေးအတွက် အရေးအကြီးဆုံး သွားပွတ်တံ

    လူတစ်ယောက်၏ တစ်ကိုယ်ရည်သန့်ရှင်းမှုအား တိုင်းတာခြင်းကိစ္စတွင် ခံတွင်းသန့်ရှင်းမှုကိုလည်း မေ့ထား၍မရ။ စားချင်တိုင်းစားနေသော လူတို့၏ခံတွင်းအား သန့်ရှင်းအောင်ထားရန် အရေးကြီး၏။ ခံတွင်း ကျန်းမာရေးအား ဂရုစိုက်ခြင်းကိစ္စသည် ရှေးခေတ်များထဲက ရှိခဲ့သည့် အလေ့အထ ဖြစ်သည်။ ရှေး အခါများက ခုခေတ်လို သွားပွတ်တံများ မရှိသေးသည့် အတွက်ကြောင့် နည်းမျိုးစုံနဲ့ ခံတွင်းသန့်ရှင်းေအာင်လုပ်ခဲ့ကြတယ်။

    နာမည်ကြီး နည်းတစ်ချို့ကတော့ ဆားနဲ့ သွားတိုက်တာ၊ မီးသွေးနဲ့သွားတိုက်တာ၊ ဆီနဲ့ပလုတ်ကျင်းတာတွေပါ။ အဲ့နည်းတွေက ကောင်းတာလည်းရှိသလို ဆားဖြင့် သွားတိုက်ခြင်းဖြင့် ဆားများမျိုချမိတတ်၍ သွေးတိုးခြင်း၊ မီးသွေးဖြင့် သွားတိုက်ခြင်းကြောင့် သွားကြွေလွှာ ပျက်စီးခြင်း၊ ဆီနဲ့ ပလုတ်ကျင်းရင်လည်း အဝင်ဆိုးတဲ့ဆိုးကျိုးတွေရှိခြင်းကြောင့် နောက်ပိုင်းလူတွေက အများကြီး သုံးရအဆင်ပြေမယ့် သွားပွတ်တံကို စတင်တီထွင်ခဲ့တယ်။ သုံးရလည်း အဆင်ပြေပြီး သန့်ရှင်းတဲ့အတွက်ကြောင့် နောက်ပိုင်းတွင် သွားပွတ်တံသုံးသူများပြားလာခဲ့တယ်။ ခေတ်မီအဆင်ပြေလှတဲ့ သွားပွတ်တံတွေရဲ့ အရင်းအမြစ်က တရုတ်ကစတာဖြစ်တယ်။ ခုခေတ်မှာတော့ အိမ်တိုင်းတွင် မရှိမဖြစ်ဆောင်ထားရတဲ့ သွားပွတ်တံတွေကို ပုံစံမျိုးစုံဖြင့်ရနိုင်နေပြီဖြစ်တယ်။

    သွားပွတ်တံကို ဘာကြောင့်အသုံးပြုဖို့ လိုအပ်တာလဲ။

    လက်ဖြင့်ကိုင်၍ လွယ်ကူစွာ အသုံးပြုနိုင်ခြင်း၊ သွာပွတ်တံထိပ်မှ အမျှင်များသည် သွားကြားထဲအထိ ဝင်ရောက်နိုင်ပြီး သင့် သွားကြားရှိ အစာဟောင်းများအား သန့်စင်ပေးခြင်းဖြင့် သွားပိုးပေါက်များမဖြစ်အောင်ကာကွယ်ပေးခြင်း၊ သွားတင်မက သွားဖုံးကျန်းမာရေးကိုပါ ကာကွယ်ပေးနိုင်တဲ့အတွက်ကြောင့် ဆိုးရွားတဲ့ကျန်းမာရေးပြဿနာတွေကိုပါ ကာကွယ်ပြီးသားဖြစ်ခြင်းတို့ကြောင့် သွားပွတ်တံကို အသုံးပြုဖို့လိုအပ်တာဖြစ်ပါတယ်။ ခံတွင်းအနံ့ဆိုးတာ၊ သွားတွေသွားဖုံးတွေထိခိုက်ပြီး ရုပ်ဆိုးပန်းဆိုးဖြစ်တာတွေလည်း မရှိတာက နောက်ထပ်ကောင်းကျိုးတွေပေါ့။ လက်ကိုင်လေးကိုကိုင် သွားပွတ်တံထိပ်က အမျှင်လေးတွေပေါ် သွားတိုက်ဆေးလေးတင်ပြီး ပါးစပ်ထဲထည့် နှံ့စပ်အောင်တိုက်လိုက်ရုံပဲ။ ခံတွင်းကျန်းမာရေးအတွက် သွားပွတ်တံနဲ့ သွားတိုက်ဆေးက မရှိမဖြစ်လိုအပ်ချက်တွေဖြစ်ပါတယ်။

    သွားပွတ်တံလေးရဲ့ တာဝန်။

    သင်စားလိုက်သောအစာများတွင် ချိုသော သကြားနှင့် စေးသော ကစီ ဓါတ်များ၊ အသားမျှင်များပါသောကြောင့် သင်ဝါးလိုက်သော အခါတွင် သွားကြားထဲတွင် စားကြွင်းစားကျန်တစ်ချို့ ကျန်နေတတ်ပါတယ်။ ကျန်ခဲ့သော စားကြွင်းစားကျန်များက ပါးစပ်ထဲမှာရှိတဲ့ ဘက်တီးရီးယားပိုးများနဲ့ ဓါတ်ပြု့ပီး အက်စစ်ဓါတ်တစ်မျိုးထွက်ကာ သွား၏ကြွေလွှာများကို ဖျက်စီးပြီးတော့ သွားပိုးပေါက်လေးတွေကိုဖြစ်စေတယ်။ ကျန်ခဲ့တဲ့ စားကြွင်းအကျန်များ သွားဖုံးတွင် ကပ်တာ ကြာလာရင် သွားဖုံးအားထိခိုက်စေပြီး သွားဖုံးရေစီးကမ်းပြိုခြင်း ရောဂါများဖြစ်စေတယ်။ သွားဖုံးများနီလာခြင်း၊ ဖောင်းလာခြင်း၊ ရောင်၍နာလာခြင်း၊ သွေးထွက်ခြင်း များသည် ရေစီးကမ်းပြိုခြင်း၏ အစ လက္ခဏာများ ဖြစ်တယ်။ ဤသို့ဖြစ်လာလေလေ ဘက်တီးရီးယားတွေပိုပျော်လေလေဖြစ်ပြီး သွားဖုံးမှာလည်း ပြည်တွေတည်လာတော့ သွားကိုထောက်ပံ့ထားတဲ့ အရိုးလည်းတဖြည်းဖြည်းဆွေးလာ၊ ပြီးတော့ သွားတွေ ကျွတ်ထွက်ခြင်း၊ သွားကျိုးခြင်းတွေပါ ဆက်တိုက်ဖြစ်လာတယ်။ အဆိုးဆုံးကတော့ ဒီကနေ ရောဂါပိုးတွေက သွေးထဲကိုရောက်သွားပြီး ဦးနှောက်၊ နှလုံးနဲ့ အခြားသော အရေးကြီးကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေကိုပါ ထိခိုက်ပျက်စီးစေတော့တာပါပဲ။

    သွားပွတ်တံက သွား၏မျက်နှာပြင်မှာ ကျန်နေသော သွားချေးများကင်းစင်သွားသည့်အပြင် သွားတိုက်တံထိပ်မှ အမျှင်လေးများက သွားကြားထဲရှိ စားကြွင်းကျန်များကိုပါ ဖယ်ထုတ်ပေးသည့် အတွက်ကြောင့် သွားပိုးပေါက်များမဖြစ်စေရန်ကာကွယ်ပြီးသားဖြစ်တယ်။ သွားဖုံးကျန်းမာလာအောင်လှုံ့ဆော်ပေးတာနဲ့ သွားဖုံးပေါ်က ရောဂါပိုးတွေကိုဖယ်ရှားပေးတာက သွားဖုံးအပြင် ဒီကနေ ရောဂါတွေတခြားနေရာကို ပျံ့နှံ့မသွားအောင်ပါ ကာကွယ်ပြီးသားဖြစ်တယ်။

    ဘယ်လိုသွားတိုက်တံမျိုးကို ရွေးချယ်သင့်သလဲ။

    သွားပွတ်တံကို ရွေးချယ်တော့မယ်ဆိုရင် သွားနှင့်သွားဖုံးကို ထိခိုက်ခြင်း မရှိစေရန်အတွက် နူးညံ့သော သွားပွတ်တံများကို ရွေးချယ် ဝယ်ယူသင့်သည်။ ကြည့်သင့်တာတွေကတော့ Brush (အမျှင်လေးများ) ပျော့ပျော့၊ အရွယ်အစားအလောတော်၊ သွားနဲ့ သွားဖုံးအတွင်းထဲထိ ဝင်နိုင်မယ့်ပုံစံမျိုးနဲ့ ကိုင်ပြီးတိုက်တဲ့အခါ စီးစီးပိုင်ပိုင်နဲ့ ကိုင်လို့ကောင်းမယ့်ပုံစံမျိုးဟုတ်မဟုတ်ကို ကြည့်သင့်ပါတယ်။ ကိုယ့်ရဲ့တစ်သက်လုံးအသုံးပြုသွားရမယ့် သွားနဲ့ခံတွင်းအတွက် သွားပွတ်တံဖြစ်ရင်ပြီးရော ရွေးချယ်လို့မရနိုင်ဘူးလေ။ လူတွေမှာ သွားနဲ့ခံတွင်း လိုအပ်ချက်မတူညီတတ်ကြဘူး။ သွားဖုံးတွေထိရှလွယ်တဲ့သူ၊ သွားတွေမကောင်းတဲ့သူစသဖြင့်ပေါ့။ မတူညီတဲ့ သွားနဲ့ သွားဖုံးပေါ်မူတည်ပြီး ကိုယ်နဲ့အသင့်တော်ဆုံးကိုရွေးချယ်သင့်ပါတယ်။ အကောင်းဆုံးကတော့ သွားဆရာဝန်နဲ့သေချာတိုင်ပင်ပြီး ကိုယ်နဲ့ လိုက်ဖက်ညီမယ့် သွားပွတ်တံအမျိုးအစားကို ဝယ်ယူသင့်ပါတယ်။

    ဘယ်လိုသွားတိုက်ရမလဲ။

    သွားပွတ်တံရွေးချယ်ပြီးရင် နောက်ဆက်တွဲ သွားတိုက်တံပုံက အရေးကြီးတယ်။ သွားကို တစ်နေ့ကို နှစ်ခါတော့ တိုက်သင့်တယ်။ တစ်ခါတိုက်ရင် နှစ်မိနစ်လောက် ကြာသင့်တယ်။ ကြာရင်ပြီးရောမဟုတ်ဘဲ သွားရဲ့ အရှေ့အနောက်မျက်နှာပြင်တွေအကုန်စုံအောင်တိုက်ရမယ်။ သွားတိုက်တယ်လို့ပြောပေမယ့် လျှာကိုပါတိုက်ရမယ်။ အဲဒါမှ ခံတွင်းအနံ့ဆိုးတွေကိုပါ ကာကွယ်ပြီးဖြစ်မယ်။ အရေးကြီးတာက သွားပွတ်တံကို ၃လ တစ်ခါလဲပေးရမယ်။ တိုက်လို့ရသေးတာပဲဆိုပြီးဆက်တိုက်နေရင် မထိရောက်တော့ဘူး။

    ဒီလောက်ဆိုရင် သွားနဲ့ခံတွင်းကျန်းမာရေးအတွက် သွားပွတ်တံက ဘယ်လိုအရေးပါလဲဆိုတာနဲ့ ဘယ်လိုရွေးချယ်တိုက်ကြမလဲဆိုတာ နားလည်မယ်လို့ထင်ပါတယ်။ မှန်ကန်သော သွားပွတ်တံ တစ်ချောင်းကို ရွေးချယ်ခြင်းဖြင့် သွားနှင့်ခံတွင်းရောဂါများ ကင်းဝေးနိုင်ကြပါစေ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement