backup og meta

အမျိုးသားတွေက ဆေးကုသမှုခံယူဖို့ ဘာကြောင့်ဝန်လေးတာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 27/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသားတွေက ဆေးကုသမှုခံယူဖို့ ဘာကြောင့်ဝန်လေးတာလဲ

    သတိထားမိလားဗျ။ ယောက်ျားလေးတွေဆိုတာ ပုံမှန်အချိန်ဆိုတာ သိပ်ကိုပွင့်လင်းနေသလောက် ဆရာဝန်နဲ့ ပြရမှာ သိပ်ရှက်၊ သိပ်ကြောက်၊ သိပ်ဝန်လေးတတ်ကြတာနော်။ ပုံမှန်အချိန် တိုးတိုးတိတ်တိတ်နဲ့ ရှက်နေတတ်တဲ့ မိန်းကလေးတွေတောင်မှ တစ်ခုခု အရေးနဲ့အကြောင်းနဲ့ဆိုရင် ဆရာဝန်ဆီ ချက်ချင်းပြေးတတ်ကြပေမယ့် ယောက်ျားလေးတွေကတော့ ဆန့်ကျင်ဘက်ပါပဲ။ ဒါဆို အမျိုးသားတွေက ဆေးကုသမှုခံယူဖို့ ဘာကြောင့်ဝန်လေးတာလဲ ဆိုတာကို ကြည့်လိုက်ရအောင်နော်။

    အမျိုးသားတွေက ဆေးကုသမှုခံယူဖို့ ဘာကြောင့်ဝန်လေးတာလဲ

    အမျိုးသားတွေက ဆေးကုသမှုခံယူဖို့ ဘာကြောင့်ဝန်လေးတာလဲ ….. ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။

    ၁။ ကျန်းမာရေးဗဟုသုတမရှိခြင်း

    ကျွန်တော်တို့နိုင်ငံမှာ စိတ်၊ ကိုယ်၊ လိင်နဲ့ပတ်သက်ပြီး ကျန်းမာရေးဗဟုသုတ သိထားတာလည်း အရမ်းနည်းသလို သိဖို့လည်း မကြိုးစားပါဘူး။ ဒါက အဆိုးရွားဆုံးပြဿနာပါပဲ။ ကျန်းမာရေးဗဟုသုတမရှိတော့ ကိုယ့်မှာ ဝေဒနာခံစားနေရရင်တောင် ငါဘာဖြစ်နေတာလဲဆိုတာ သေချာမသိတော့ဘူး။ အဲ့အခါကျ စောစောကုလို့ ပျောက်မယ့်ရောဂါက အချိန်တွေလွန်ပြီးမှ မကူနိုင် မကယ်နိုင်ဖြစ်တော့ အကုန်ဒုက္ခရောက်ရတော့တာပေါ့။

    ၂။ ဆေးမြီးတိုတွေ များလာခြင်း

    ရောဂါတစ်ခုခု ဖြစ်ပြီဆိုရင် ဆရာဝန်နဲ့ ပြဖို့အရင်မပြောဘဲနဲ့ ဘာအရွက်ကလေး ပြုတ်သောက်လိုက်ပါလား၊ ဘယ်အမြစ်ကို သွေးပြီးသောက်ရင် အားရှိတယ် အစရှိသဖြင့် ဆေးမြီးတိုတွေ သိပ်ကိုများလာတာပါ။ ဝေးဝေးမကြည့်ပါနဲ့။ ကျွန်တော်တို့ Hello ဆရာဝန်ရဲ့ ဆေးပညာဆောင်းပါးအောက်မှာတောင် ဒီလိုမျိုး ပြောနေကြတာ အများကြီးပါပဲ။ အဲ့တော့ သေချာသုတေသန လုပ်ထားတာလည်း မရှိဘဲ ရမ်းပြောနေတဲ့ ရမ်းကုတွေကြောင့်ပဲ ဆရာဝန်နဲ့ ပြဖို့ စိတ်မပါတော့တာတွေလည်း အများကြီးပါပဲ။

    ၃။ ယောက်ျားမာန

    ယောက်ျားတွေရဲ့ တစ်လွဲမာနက ဒီနေရာမှာတော့ သိပ်ကို ဒုက္ခပေးတယ်ဗျ။ ငါက ယောက်ျားပဲ၊ အိမ်ထောင်ဦးစီးပဲဆိုပြီး ဆေးကုသမှုခံယူရမယ့် အရေးကို မခံယူဘဲ သူ့ဘာသာပျောက်သွားမှာပါကွာဆိုပြီး ပေပေတေတေ နေလိုက်တဲ့ ဗီဇပါ။ အဲ့ဗီဇက ကြီးစိုးသွားတဲ့အခါ ရောဂါဖြစ်လည်း ဘာအရေးလဲ၊ အချိန်တန်ရင် သူ့ဘာသာသက်သာသွားလိမ့်မယ်ဆိုပြီး ပစ်ထားလိုက်ရင်းကနေ ကုမရတဲ့အခြေအနေထိ ရောက်လာကြတာပါ။ နောက်တစ်ချက်ကတော့ ဆေးကုသမှုခံယူခြင်းကို ပျော့ညံ့တယ်လို့ ခံယူလိုက်တာပါ။ ယောက်ျားဆိုတော့ ကိုယ့်မိသားစုရှေ့မှာ ပျော့ညံ့တဲ့ပုံစံကို မမြင်စေချင်ဘူးဆိုတဲ့ တစ်လွဲမာနနဲ့ ဆရာဝန်နဲ့ လာပြဖို့တောင် ခပ်ရှောင်ရှောင်ဖြစ်သွားကြပါတယ်။

    ၄။ အကောင်းကြီးပဲ ရှိပါသေးတယ်ကွာ

    ကိုယ့်မှာရောဂါလက္ခဏာတစ်ခုခု ပြလာတဲ့အခါ ဘေးလူတွေက မြင်လို့ စိတ်ပူတဲ့အနေနဲ့ ဆရာဝန်သွားပြဖို့ အကြံပေးပြီဆိုရင် ဒီလိုစကားမျိုးနဲ့ ပြန်လည်ချေပတတ်ကြပါတယ်။ တစ်ခါတလေကျ ကိုယ်ခံအားကောင်းနေသေးလို့၊ ရောဂါမပြန့်သေးလို့ အကောင်းကြီးအတိုင်းလို့ ထင်ရပေမယ့် တကယ်တမ်း ဓာတ်မှန်ရိုက်တာ၊ ဆေးစစ်တာမျိုး မလုပ်ဘဲ ကိုယ့်မှာဘာရောဂါမှမရှိဘူးလို့ အတိအကျပြောလို့မရပါဘူး။

    ၅။ မသိစိတ်ထဲက ကြောက်တာ

    ယောက်ျားတွေကို အကြောက်တရားမရှိဘူးထင်ရင် အမှားကြီးမှားသွားပါလိမ့်မယ်။ မိန်းမတွေက သိစိတ်မှာဖြစ်နေတဲ့ အကြောက်တရားကို ပေါ်ပေါ်တင်တင် ပြတတ်ပေမယ့် ယောက်ျားတွေကတော့ စိတ်ထဲမှာဖြစ်နေတဲ့ ကြောက်ရွံ့ခြင်းကို တော်တော်လေးကို ဖုံးထားနိုင်ကြပါတယ်။ အဲ့လိုကြောက်နေပေမယ့်လည်း မကြောက်ပါဘူးလို့ တင်းခံရင်းကနေ ဆရာဝန်နဲ့မပြ၊ ဘယ်သူနဲ့မှလည်း မတိုင်ပင်ဘဲ ကြိတ်မှိတ်ပြီး နေချလိုက်တာမျိုးပေါ့။ တချို့ကျတော့လည်း ဆေးစစ်ချက်မသိခင်က အကောင်းသား၊ အဖြေထွက်လာလို့ ရှိလာနိုင်တဲ့ရောဂါတွေကို ကြိုတွေးပူပြီး ပိုဆိုးသွားမယ်ထင်ကြတာလည်း ပါတာပေါ့ဗျာ။

    ဘယ်လိုကျန်းမာရေးပြဿနာတွေ အဖြစ်များလဲ။

    ယောက်ျားတွေမှာ အဖြစ်အများဆုံးဆိုရင် လိင်ကျန်းမာရေးပြဿနာပါပဲ။ လိင်တံကောင်းစွာ မထောင်မတ်နိုင်တာ၊ သုက်လွှတ်စောတာ၊ သုက်လွှတ်ရန်ကြာတာ၊ လိင်စိတ်နည်းလာတာ၊ လိင်မှတစ်ဆင့်ကူးစက်ရောဂါ အစရှိသဖြင့်ပေါ့။ တချို့တွေကျတော့လည်း ဖြစ်ပြီးသွားတော့မှ ကြောက်လန့်တကြားဖြစ်ပြီး ရင်ပူနေတတ်ကြပါတယ်။

    နောက်တစ်ခါ စိတ်ကျန်းမာရေးအလှည့်ပါ။ အပြင်ပိုင်းမာကျောလွန်းပါတယ်ဆိုတဲ့ အမျိုးသားတွေလည်း လောကဓံရဲ့ တိုက်စားခံရမှုမှာ အနည်းငယ်တော့ ပွန်းပဲ့ထိခိုက်မိတာပါပဲ။ ဘယ်လောက်ပဲ စိတ်ဓါတ်ကြံ့ခိုင်နေပါစေ၊ စိတ်ကျန်းမာရေးပြဿနာဆိုတာ ဒီဘက်ခေတ်မှာ အသက်အရွယ်၊ ကျား၊ မ မရွေး ခံစားနေရပါတယ်။

    အဆုံးသတ်ကတော့ ကိုယ်ခန္ဓာရဲ့ ကျန်းမာရေးပါ။ ကိုယ့်မှာတော့ ရောဂါလက္ခဏာတွေ ပြတာမျိုးရှိတယ်။ ဒါပေမယ့် သတိမထားမိသလို သတိထားရင်တောင် ဘာဖြစ်တာမှန်း ကိုယ့်ကိုယ်ကိုယ်လည်း မသိဘူး၊ ဘေးပတ်ဝန်းကျင်ကလူတွေလည်း မသိဘူး၊ ဆရာဝန်ပြရမှာလည်း ဝန်လေးတော့ ရောဂါကို ပိုးမွေးသလို မွေးလိုက်တယ်။ ဒါရဲ့ အဆုံးသတ်ကတော့ ရောဂါက ကုသမရလောက်တဲ့အထိ ကျွမ်းသွားတာပါပဲ။

    အဲ့တော့ ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ။

    ၁။ အရင်ဆုံး ကျန်းမာရေးနဲ့ပတ်သက်ပြီး ဗဟုသုတတွေကို လိုက်လံရှာဖွေပါ။ ဗဟုသုတတွေ များလေလေ ကိုယ့်အတွက်ရော၊ ကိုယ့်မိသားစုပတ်ဝန်းကျင်အတွက် အကျိုးရှိလေလေပါပဲ။

    ၂။ ကျန်းမာရေးကို အမြဲစစ်ဆေးပါ။ တစ်နှစ်ကို တစ်ကြိမ်လောက် ကျန်းမာရေးစစ်ဆေးတာမျိုးက လုပ်ကို လုပ်ပေးသင့်ပါတယ်။ အကယ်လို့ ပုံမှန်မဟုတ်တဲ့ ရောဂါလက္ခဏာတစ်ခုခုပေါ်လာတယ်လို့ ခံစားရရင် ဆရာဝန်နဲ့ ချက်ချင်းသွားပြပါ။ နေ့ရွှေ့ညရွှေ့ မလုပ်ပါနဲ့။

    ၃။ ဆေးမြီးတိုများကို အယုံမလွယ်ပါနဲ့။

    ၄။ ဘယ်လိုကျန်းမာရေးပြဿနာမျိုးပဲ ရှိနေပါစေ၊ ဆရာဝန်ကို ပွင့်ပွင့်လင်းလင်း တိုင်ပင်ပါ။ သိလိုရာကို မေးပါ။ ကိုယ့်အနီးအနားမှာ ဆရာဝန်မရှိရင်တောင် ဆေးဘက်ဆိုင်ရာ အကြံပေးဝန်ထမ်းတွေရှိနိုင်ပါတယ်။ သူတို့တွေဆီကနေ အကြံဉာဏ်တောင်းခံကြည့်ပါ။

    ၅။ နေ့စဉ်အစာအာဟာရကို စုံလင်စွာ စားသုံးပါ။ အိပ်ချိန်မှန်အောင် ဂရုစိုက်ပါ။ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ။

    ၆။ ခံစားနေရတဲ့ ဝေဒနာနဲ့ပတ်သက်ပြီး မပေါ့ပါနဲ့။ စောစီးစွာသိရင် ကုသမှုခံယူဖို့၊ ပျောက်ကင်းသက်သာနိုင်ဖို့ အခွင့်အရေးပိုများတယ်ဆိုတာ အမြဲတမ်းသိထားပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 27/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement