backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ဝက်တုပ်ကွေးအကြောင်း သင် ဘာတွေမေးမလဲ


Yun Sandi Nan Mon မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဝက်တုပ်ကွေးအကြောင်း သင် ဘာတွေမေးမလဲ
ဝက်တုပ်ကွေးဆိုတဲ့ H1N1 အကြောင်း ကြားတာနဲ့ လူတိုင်းကြောက်ကြမှာပါပဲ။ ဒါပေမယ့်ကြောက်နေတာနဲ့ပဲ မပြီးပါဘူးနော်။ ငါတော့ ဝက်သားမစားဘူးဆိုတော့ မကူးနိုင်လောက်ဘူးဆိုတာတွေ၊ ကပ်ဘေးမသင့်အောင် ဟိုယတြာလေးချေ ဒီယတြာလေးချေ ဆိုတာတွေတွေးနေမယ့်အစားရောဂါအကြောင်းကို ဗဟုသုတလေ့လာပါ၊ ဖတ်ပါ၊ မှတ်ပါနော်။ ဒါမှ ရောဂါကို ကြောက်နည်းမှန်ပါတယ်။
ရောဂါကိုကြောက်ပြီးလေ့လာမှ မကူးစက်ခံရအောင်ဆောင်ရန်ရှောင်ရန်တွေကို ကြိုသိထားပြီး ကိုယ့်ကိုယ်ကိုယ်ရော မိသားစုနဲ့ချစ်သူခင်သူတွေကိုပါ ကာကွယ်စောင့်ရှောက်နိုင်မှာပါ။ ကဲ..ဝက်တုပ်ကွေးလို့ပြောလိုက်တာနဲ့ သင်ဘာတွေမေးချင်နေမလဲ။ Hello ဆရာဝန်က အကြားအမြင်နဲ့ ကြိုတွေးပြီးဖြေပေးလိုက်ပါမယ်နော်။

မေး- ဝက်သားစားတဲ့လူပဲ ကူးမှာလား

ဖြေ – ဝက်တုပ်ကွေးဗိုင်းရပ်စ်က သန္ဓေပြောင်းပြီး လူတွေကိုကူးစက်တယ်၊ လူကနေလူကိုပြန့်ပွားတယ်။ပြောရရင် ဝက်တွေနဲ့ တိုက်ရိုက်ထိတွေ့မှုရှိတဲ့သူတွေကို ကူးစက်ရာက အစပြုခဲ့တာဖြစ်ပေမယ့် နောက်ပိုင်းမှာ လူကနေလူကိုပဲ တဆင့်တဆင့် ကူးစက်ပြန့်ပွားစေတာမို့ ဝက်သားစားစား၊ မစားစား သက်သတ်လွတ်သမားတောင် ကူးစက်ခံရနိုင်ပါတယ်။

မေး – ဝက်သားပါသမျှ အကုန်ရှောင်ရမှာလား

ဝက်တုပ်ကွေးက အစားအစာကနေကူးတာမဟုတ်ပါဘူး။ ရောဂါရှိနေတဲ့သူရဲ့ ချောင်းဆိုး၊ နှာချေလိုက်တဲ့ လေထုတွင်းအမှုန်တွေကတဆင့် ပုံမှန်တုပ်ကွေးရောဂါလိုပဲ ကူးစက်ပြန့်ပွားတာပါ။ ဝက်သားကို ကိုင်တွယ်၊ ပြင်ဆင်ချက်ပြုတ်နည်းမှန်ကန်နေသရွေ့ ဘေးကင်းပါတယ်။ အပူချိန် ၁၆၀ ဒီဂရီဖာရင်ဟိုက်မှာ ဗိုင်းရပ်စ်တွေအကုန်သေနိုင်ပါတယ်။

ဒါပေမယ့်ရောဂါရှိလို့သေတဲ့ဝက်ရဲ့အသားဆိုရင်တော့ swine flu ဗိုင်းရပ်စ်မကူးနိုင်ပေမယ့် တခြားရောဂါပိုးတွေအများကြီးပါလာနိုင်လို့ သတိထားရမှာတော့ဖြစ်ပါတယ်။ ဝက်သားစားမယ်ဆို အရည်အသွေးနဲ့လတ်ဆတ်မှု၊ရောဂါကင်းမှုကို ထည့်စဉ်းစားပါ။

မေး – ဒါဆို လူလူချင်း ဘယ်လိုနည်းနဲ့ ကူးစက်နိုင်လဲ

ရောဂါရှိနေသူက ချောင်းဆိုး၊ နှာချေလိုက်တဲ့အခါ လေထုထဲရောက်လာတဲ့အမှုန်တွေကနေ ကူးတာပါ။ တုပ်ကွေးဗိုင်းရပ်စ်ပါတဲ့လေတွေကို ရှူရှိုက်မိတဲ့အခါ ဒါမှမဟုတ် ဗိုင်းရပ်စ်ကပ်ငြိကျန်နေတဲ့ မျက်နှာပြင်တစ်ခုခုဆီကနေ မျက်လုံး၊နှာခေါင်းနဲ့ ပါးစပ် စတာတွေဆီကို ကူးစက်ရရှိနိင်ပါတယ်။

မေး – စားပွဲ၊ကြမ်းပြင်၊နံရံ စတဲ့မျက်နှာပြင်တွေမှာ ပိုးကဘယ်လောက်ကြာကြာအသက်ရှင်နိုင်လဲ

ဖြေ – ဗိုင်းရပ်စ်ပိုးက သက်မဲ့အရာဝတ္ထုတွေမှာ ဒါမှမဟုတ် လက်မှာ ကပ်ငြိရင် မိနစ်ပိုင်းလေးပဲ အသက်ရှင်နိုင်တယ်။ ဒါပေမယ့် ဆက်ပြန့်ပွားဖို့ လုံလောက်တဲ့အချိန်အတိုင်းအတာဖြစ်နေတယ်။ ဥပမာ ကိုယ့်ရုံးခန်းထဲက တစ်ယောက်ယောက်နှာချေလိုက်တယ်၊ချောင်းဆိုးလိုက်တယ်ဆိုပါစို့။ စားပွဲ သို့မဟုတ် မျက်နှာပြင်တနေရာရာမှာ နှာရည် သို့မဟုတ် တံတွေးတွေစင်မယ်၊ ဒါကိုထိတွေ့မိရာက လွယ်လွယ်ကူးစက်နိုင်ပါတယ်။ လက်ဆွဲနှုတ်ဆက်ရာကနေလည်း ကိုယ့်လက်ကို ရောဂါပိုးရရှိနိုင်တယ်၊ ကိုယ့်မျက်လုံးပွတ်မိမယ်ဆိုရင်ပြီးပြီပဲ။ အကောင်းဆုံးက လက်ဆေးပါ။

မေး – ပုံမှန်တုပ်ကွေးနဲ့ လက္ခဏာ တူတူပဲလား

ဖြေ – အများအားဖြင့်ဆင်တူပါတယ်။ ဝက်တုပ်ကွေးကတော့ အသက်ရှူလမ်းကြောင်းလက္ခဏာတွေအပြင် ဝမ်းလျှောတာနဲ့ ပျို့အန်တာတွေ ပါဖြစ်နိုင်ပါတယ်။ H1N1 ဝက်တုပ်ကွေးက ရိုးရိုးရာသီတုပ်ကွေးထက် အဆုတ်ထဲကို ပိုနက်ရှိုင်းစွာကူးစက်ရောက်ရှိနိုင်ပါတယ်။ ဝက်တုပ်ကွေးလက္ခဏာတွေက –

  • ချမ်းတုန်ခြင်း
  • ချောင်းဆိုးခြင်း
  • မောပန်းအားကုန်ခြင်း
  • ဝမ်းလျှောခြင်း
  • ဖျားခြင်း
  • ခေါင်းကိုက်ခြင်းနဲ့ ခန္ဓါကိုယ်နာကျင်ကိုက်ခဲခြင်း
  • လည်ချောင်းနာခြင်း
  • နှာစေးနှာပိတ်ခြင်း တို့ဖြစ်ပါတယ်။

မေး – ဝက်တုပ်ကွေးဖြစ်နေပြီလို့ ဘယ်လိုသိနိုင်မလဲ

H1N1 ဗိုင်းရပ်စ်က တခြားအသက်ရှူလမ်းကြောင်းဗိုင်းရပ်စ်တွေနဲ့ လက္ခဏာဆင်တူပေမယ့် သူကပိုပြင်းထန်ပြီး ရောဂါအစပျိုးချိန်ကလည်း ရုတ်တရက်ကြီးဖြစ်ပါတယ်။ အအေးမိတုပ်ကွေးတွေက နှာချေလိုက်၊နှာရည်ကျလိုက်နဲ့ အရှိန်ယူပြီး ရက်ပိုင်းအတွင်း တဖြည်းဖြည်းချင်းစလာပေမယ့် သူကတော့ နုံးချိခြင်း၊ အဖျားတက်ခြင်း၊ ကြွက်သားနာကျင်ကိုက်ခဲခြင်းစတဲ့ အပြင်းစားလက္ခဏာတွေနဲ့ တစ်စုတည်းပေါ်လာတတ်ပါတယ်။

မေး – ကူးစက်ခံရတာနဲ့ သေမှာလား

ဖြေ- ကိုယ်ခံအားကောင်းတဲ့သူတွေ မှာ ကုသမှုခံယူပြီး သက်သာသွားသူတွေရှိပေမယ့်ပြင်းထန်ရင်တော့ အသက်ဆုံးရှုံးနိုင်ပါတယ်။ ကုသတဲ့အခါဗိုင်းရပ်ဆန့်ကျင်ဆေး oseltamivir (Tamiflu) and zanamivirကို အကြံပေးထောက်ခံထားပါတယ်။ ရောဂါပိုးက ဆေးယဉ်သွားနိုင်တဲ့ အကြောင်းပြချက်ကြောင့် တုပ်ကွေးနောက်ဆက်တွဲတွေရနိုင်ချေများသူတွေမှာပဲ သုံးလေ့ရှိပါတယ်။ ကျန်းမာရေးကောင်းတဲ့လူအနေနဲ့တော့ ဝက်တုပ်ကွေးကူးခဲ့ရင်တော့ ခုခံအားနဲ့ပြန်တိုက်နိုင်မှာဖြစ်ပါတယ်။

မေး – ဘယ်လိုကာကွယ်မလဲ

ဖြေ – ဝက်တုပ်ကွေးကူးစက်ပြန့်ပွားမှုကို ကာကွယ်ဖို့ အကောင်းဆုံး ကျန်းမာရေးအကြံပြုချက်တွေကတော့ –

  • နေမကောင်းဖြစ်ရင် အိမ်မှာပဲနေပါ။နေမကောင်းဖြစ်တဲ့အခါ ၂၄ နာရီအတွင်းတော့ အိမ်မှာပဲနားနေပြီး တခြားသူကိုမကူးအောင် ဂရုစိုက်ပါ။
  • လက်မကြာခဏဆေးပါ။ရောဂါပိုးတွေရန်က ကာကွယ်နိုင်ဖို့အလွယ်ဆုံးနည်းလမ်းပါ။ ဆပ်ပြာနဲ့ဆေးပါ ဒါမှမဟုတ်ရင် လက်သန့်ဆေးရည်သုံးပါ။ ကြမ်းပြင်၊ မျက်နှာပြင်နဲ့ အသုံးအဆောင်တွေမှာ ရောဂါရှိသူဆီက နှာချေ ချောင်းဆိုးရာကနေထွက်လာတဲ့ ဗိုင်းရပ်စ်တွေကပ်နေနိုင်တယ်။
  • နှာချေချောင်းဆိုးတာ ထိန်းပါ။နှာချေချောင်းဆိုးတိုင်း အဝတ်နဲ့အုပ်ဆိုးတဲ့အကျင့်ကိုလုပ်ပါ။ နှာခေါင်းစည်းသုံးလည်းရပါတယ်။ လုံးဝလက်မအားရင် တံတောင်ဆစ်နဲ့ပဲဖြစ်ဖြစ် ကာပြီးဆိုးပါ။
  • သုံးပြီးသားတစ်ရှူးတွေသေချာစွန့်ပစ်ပါ။
  • လူများလွန်းတဲ့နေရာတွေ မလိုအပ်ဘဲမသွားပါနဲ့။ ကိုယ့်မှာကိုယ်ခံအားနည်းနေတဲ့အခါမျိုးဆို ကူးစက်ခံရလွယ်နိုင်ပါတယ်။ အသက် ၅ နှစ်အောက်ကလေးတွေ၊ ၆၅ နှစ်အထက် သက်ကြီးပိုင်းတွေ၊ နာတာရှည်မကျန်းမာသူတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ပန်းနာရင်ကျပ်၊နှလုံးတို့လိုရောဂါရှိသူတွေဟာ ဘယ်တုပ်ကွေးကိုမဆို ကူးစက်ခံရလွယ်တဲ့သူတွေဖြစ်လို့ ပိုသတိထားသင့်ပါတယ်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Yun Sandi Nan Mon မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement