ကိုဗစ်ကူးစက်ခံရလို့ ဆေးရုံတက်ပြီး အိမ်ပြန်ရောက်လာရင်တောင် ကိုဗစ်ရဲ့ အငွေ့အသက်တွေက မလွတ်သေးပါဘူး။ နာတာရှည် နောက်ဆက်တွဲ ဆိုးကျိုးတွေက စောင့်ကြို နေပါသေးတယ်။ ဒါကြောင့် လူနာတွေက ဆေးရုံက ဆင်းသွားပြီးရင်တောင် မောလို့၊ နုံးလို့၊ ချောင်းဆိုးလို့၊ အနံ့မရသေးလို့ ဆိုပြီး ပြန်ပြန်ရောက်လာကြပါတယ်။
ကိုဗစ်ကူးစက်ပြီးသွားရင် အရင်နဲ့ မတူဘဲ ခန္ဓာကိုယ်မှာ နောက်ဆက်တွဲ အပျက်အစီးလေးတွေက ကျန်ခဲ့တတ်ပါတယ်။ သာမန်အပရိက မောတာက စလို့ အထဲက ကိုယ်တွင်းအင်္ဂါတွေ ထိခိုက်တဲ့အထိ ဖြစ်တတ်ပါတယ်။ လူတိုင်း ခံစားရတာ မဟုတ်ပေမယ့် ခံစားရတဲ့ သူတွေကျတော့လည်း တစ်ယောက်နဲ့ တစ်ယောက် ပြင်းထန်ပုံခြင်း၊ ကြာချိန်ခြင်း မတူကြပါဘူး။
ဒါကြောင့် WHOက ထုတ်ပြန်ထားတဲ့ ကိုဗစ်ရောဂါခံစားပြီးတဲ့နောက်မှာ မြန်မြန်နာလန်ထူအောင် ဂရုစိုက်နိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။
ကိုဗစ်ကူးစက်ခံရပြီး မြန်မြန်နာလန်ထနိုင်ဖို့
ဆေးရုံက ဆင်းပြီးတာတောင် မောနေသေးတယ်ဆိုရင်
နေမကောင်းဖြစ်လိုက်လို့ အားအင်ကုန်ခမ်းသွားတာရော၊ ကိုဗစ်ဗိုင်းရပ်စ်က အဆုတ်ထိခိုက်တဲ့ ဗိုင်းရပ်စ် ဖြစ်တာကြောင့်ရော လူနာက မောနေနိုင်ပါတယ်။ ကိုဗစ်အခြေအနေဆိုးရင် မောနိုင်တယ်လို့လည်း ကြားဖူးထားတော့ လူနာက ကြောက်လန့်စိတ်တွေ ဖိစီးပြီး အမောပိုဆိုးနိုင်ပါတယ်။
မောတာက တဖြည်းဖြည်း ပြန်ကောင်းလာနိုင်ပေမယ့် ဒီ့မတိုင်ခင် လုပ်ပေးလို့ရတာတွေ ရှိပါတယ်။
မောတာသက်သာဖို့ ဒီလိုနေပါ။
-လှဲအိပ်တဲ့အခါ ခေါင်းအုံးတွေဆင့်ပြီး ဘေးစောင်းအိပ်ပါ။ ဒူးကွေးထားပါ။
-ထိုင်နေတဲ့အချိန် ရှေ့မှာ စားပွဲရှိတယ်ဆိုရင် စားပွဲပေါ် ခေါင်းအုံးတင်ထားပါ။ ကိုယ်ကို ရှေ့ကိုင်းပြီး ခေါင်းအုံးပေါ် မှောက်နေပါ။ လက်တွေကို စားပွဲပေါ် တင်ထားပါ။
-ရှေ့မျာ စားပွဲမရှိဘူးဆိုရင် ရှေ့ကို ကိုင်းပြီး လက်တွေကို ပေါင်ပေါ် ဒါမှမဟုတ် လက်တန်းပေါ်တင်ထားပါ။
-မတ်တပ်ရပ်နေတယ်ဆိုရင်လည်း မောလာရင် ခိုင်ခိုင်ခံ့ခံ့တစ်ခုခုကို မှီထားပါ။ ဥပမာ ပြတင်းပေါက်ပေါင်၊ နံရံ
အသက်ရှူလေ့ကျင့်ခန်း လုပ်ကြပါ။
- စိတ်မှတ်နဲ့ အသက်ရှူခြင်း
-သက်သောင့်သက်သာ ဖြစ်တဲ့ နေရာမှာ ထိုင်ပါ။
-လက်တစ်ဖက်ကို ဗိုက်ပေါ်၊ နောက်တစ်ဖက်ကို ရင်ဘတ်ပေါ် တင်ပါ။
-မျက်လုံးကို မှိတ်ပြီး အသာအယာ အသက်ရှူပါ။
-နှာခေါင်းက ရှူသွင်းပြီး ပါးစပ်က ရှူထုတ်ပါ။ ဖြည်းဖြည်းပဲ ရှူပါ။
-ရှူနေရင်းနဲ့ ဝမ်းဗိုက်နဲ့ ရင်ဘတ် နိမ့်တာ မြင့်တာကို ခံစားကြည့်ပါ။
-သက်သောင့်သက်သာလေး ရှူသွင်း ရှူထုတ်လုပ်ပါ။
- လှုပ်ရှားမှုနဲ့ လိုက်လျောညီထွေ အသက်ရှူခြင်း
-အလုပ်လုပ်တဲ့အချိန် (ဥပမာ လှေကားတက်တဲ့အချိန်၊ လှုပ်လှုပ်ရှားရှားနေတဲ့အချိန်မှာ လုပ်လို့ရပါတယ်။)
-အလုပ်တွေ၊ လှုပ်ရှားမှုတွေ လုပ်တဲ့အခါ မမောအောင် ကိုယ်နိုင်သလောက် ခွဲခွဲပြီးလုပ်ဖို့ အကြံပေးလိုပါတယ်။
– လှေကားတက်မယ်ဆိုရင် အသက်အရင်ရှူ ပြီးမှ တစ်လှမ်း တက်ပါ။ ဒါမှမဟုတ် ရှူထုတ်ပြီးမှ တက်လည်း ရပါတယ်။
-ခပ်မြန်မြန် ရှူသွင်းရှူထုတ်စရာ မလိုပါဘူး။ ဖြည်းဖြည်းချင်း အလုပ်နဲ့ လိုက်လျောညီထွေ ဖြစ်အောင် ရှူသွားပါ။
ကိုယ်လက်လေ့ကျင့်ခန်း လုပ်မယ်ဆိုရင်
ဆေးရုံက ဆင်းပြီးလို့ အိမ်ပြန်ရောက်တဲ့အခါ လေ့ကျင့်ခန်း လုပ်ဖို့ အကြံပေးကြပါတယ်။ တကယ်လည်းပဲ လေ့ကျင့်ခန်း လုပ်တာက အဆုတ်အပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးကို ကျန်းမာစေပါတယ်။ ဒါပေမယ့် ခုမှ နာလန်ထတဲ့ လူနာအတွက် လုပ်ပုံလုပ်နည်း မှန်ဖို့လိုပါတယ်။ ဒါကြောင့်
-လေ့ကျင့်ခန်း မစခင် သွေးပူလေ့ကျင့်ခန်းလုပ်ပါ။ လုပ်ပြီးရင် အကြောလျှော့ပါ။
-သက်သောင့်သက်သာဖြစ်မယ့် အင်္ကျီကို ဝတ်ပါ။
-အစာနဲ့ အနည်းဆုံး တစ်နာရီလောက်ခွာထားပါ။
-ရေများများသောက်ပါ။
-သိပ်ပူလွန်းတဲ့အချိန် လေ့ကျင့်ခခန်း မလုပ်ပါနဲ့။
-အပြင်မှာ အေးလွန်းရင် အိမ်ထဲမှာပဲ လုပ်ပါ။
လေ့ကျင့်ခန်း လုပ်ရင် မောတတ်တာ သဘာဝပါ။ လေ့ကျင့်ခန်း လုပ်နေရင်းနဲ့ စကားဆုံးအောင် ပြောနိုင်သေးတယ်။ ကြားထဲမှာ တစ်ခါ နှစ်ခါပဲ နားရတယ်ဆိုရင် ပုံမှန်ပါပဲ။ ပြဿနာ မရှိပါဘူး။ ဒါပေမယ့် လေ့ကျင့်ခန်းလုပ်ရင်း ပျို့ချင်၊ အန်ချင်လာတယ်၊ မတရား မောလာတယ်၊ မူးလာတယ်၊ ရင်ဘတ်အောင့်လာတယ်၊ ခြေဖျားလက်ဖျားတွေ အေးလာတယ်ဆိုရင်တော့ လုပ်နေတာကို ရပ်လိုက်ဖို့ လိုပါတယ်။
အသက်ရှူစက်တင်ခဲ့ရလို့ အသံကောင်းကောင်း မထွက်ဘူးဆိုရင်
ဆေးရုံမှာ တချို့က ရက်နဲ့ချီပြီး အသက်ရှူပိုက်နဲ့ နေခဲ့ရပါတယ်။ ခုနေပြန်ကောင်းလို့ အိမ်လည်း ပြန်ရောက်ရော အသံက ကောင်းကောင်း မထွက်တော့ပါဘူး။ ဒါဆိုရင်
-သက်သောင့်သက်သာ စကားပြောပါ။ စကားပြောနေမှ အသံက ပြန်ရလာမှာမို့လို့ စကားတော့ ပြောနေရပါမယ်။ ဒါပေမယ့် အားစိုက်ပြီး မပြောပါနဲ့။ ပုံမှန်ပဲ အသံထွက်သလောက် ပြောပေးပါ။
-အသံညှစ်ပြီး မပြောပါနဲ့။ လည်ချောင်းမှာ ထပ်ပြီး ဒဏ်ဖြစ်သွားပါလိမ့်မယ်။ တစ်ယောက်ယောက်ကို ခေါ်လို့ မကြားရင် လက်ခုပ်သာတီးလိုက်ပါ။
-အနားယူပါ။ စကားပြောဆိုလို့ ဆက်တိုက်ကြီး ပြောစရာ မလိုပါဘူး။ နားနားပြီး ပြောလို့ရပါတယ်။
-သီချင်းညီးပါ။ သံစဉ်လေးတွေကို အသံထွက်ပြီး ညီးကြည့်ပါ။ လည်ချောင်းကို အားသိပ်မစိုက်ပါနဲ့။
-ရေများများသောက်ပါ။ လည်ချောင်းထဲမှာ စိုစွတ်နေရင် စကားပြောရကောင်းပါတယ်။
-စကားပြောမရလို့ စိတ်မညစ်ပါနဲ့။ တဖြည်းဖြည်း ကျင့်သွားရင် ပြန်ပြောနိုင်ပါတယ်။ ကြားထဲမှာ တစ်ယောက်ယောက်နဲ့ စာရေးပြီး ဖြစ်ဖြစ်၊ လက်ဟန်ခြေဟန်နဲ့ ဖြစ်ဖြစ် ဆက်သွယ်နိုင်ပါတယ်။
အာရုံမစူးစိုက်နိုင်တာ၊ မှတ်ဉာဏ်ထိခိုက်တာတွေအတွက်
ကိုဗစ်ဖြစ်ပြီး ပြန်ကောင်းလာတဲ့သူတွေက အာရုံစူးစိုက်လို့ မကောင်းတော့ဘူး။ ဟိုမေ့ ဒီမေ့နဲ့လို့ ပြောတတ်ကြပါတယ်။ ဒါတွေကို သက်သာစေဖို့
-ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ။
-ဦးနှောက်အလုပ်ပေးတဲ့ လေ့ကျင့်ခန်းတွေ လုပ်ပါ။ (ဥပမာ စာလုံးဆက်တာ)
-အထောက်အကူပြုပစ္စည်းတွေ သုံးပါ။ (ဥပမာ စာအုပ်ထဲ ရေးမှတ်ထားတာမျိုး၊ ဖုန်းနဲ့ alarmပေးတာမျိုး)
-အလုပ်တွေကို နားနားပြီး လုပ်ပါ။
စိတ်ဖိစီးမှုတွေ၊ စိတ်ဓာတ်ကျတာတွေ သက်သာဖို့
တချို့ဆို တစ်အိမ်လုံးဖြစ်ပြီး မိသားစုဝင်တွေ ကြွေလွင့်သွားတာမျိုးတောင် ရှိပါတယ်။ ဒါကြောင့် ဆေးရုံက ဆင်းလာလို့ အိမ်ပြန်လာပေမယ့် အထီးကျန်ဝေဒနာ၊ စိတ်ပိုင်းဆိုင်းရာ ထိခိုက်မှုတွေ အများကြီး ခံစားရပါတယ်။ ဒါတွေက အချိန်တန်ရင် မေ့မေ့ပျောက်ပျောက် ဖြစ်သွားမှာ ဆိုပေမယ့် လောလောဆယ်တော့ နည်းလမ်းရှာပြီး နေသာအောင် နေရမှာပါ။
ဒါကြောင့် အခြေခံကျန်းမာရေး အလေ့အကျင့်တွေဖြစ်တဲ့ အိပ်ရေးဝဝအိပ်တာ၊ အာဟာရပြည့်ဝအောင် စားတာ၊ လှုပ်လှုပ်ရှားရှားနေတာ စတာတွေကို လိုက်နာပေးပါ။ တစ်ယောက်တည်းနေရင် အတွေးတွေ များတတ်တာမို့လို့ ဆွေမျိုးတွေ၊ အသိမိတ်ဆွေတွေနဲ့ အဆက်အသွယ်လုပ်ပါ။ ကိုယ်ရဲ့ တစ်နေ့တာ အလုပ်တွေကို ဖြည်းဖြည်းချင်း ပြန်စပါ။
ဘယ်လိုအခါမျိုးမှာ ဆေးရုံကို နောက်တစ်ခါ ပြန်သွားသင့်သလဲ။
ကိုဗစ်ဖြစ်ရာက သက်သာပြီး ဆေးရုံက ဆင်းလာပေမယ့် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်လာနိုင်သေးတာကြောင့် အောက်ပါလက္ခဏာတွေ ခံစားရရင် ဆေးရုံကို ပြန်သွားပြဖို့ လိုပါတယ်။
-အသက်ရှူလေ့ကျင့်ခန်းတွေ လုပ်တာတောင် မသက်သာဘဲ တစ်နေ့တခြား ပိုပိုမောလာခဲ့ရင်
-နည်းနည်းလေး လှုပ်လိုက်တာနဲ့ မောပြီး အနေအထားပြောင်းတာတောင် မသက်သာရင်
-နုံးတာ၊ အာရုံမစူးစိုက်နိုင်တာတွေ မသက်သာဘဲ နေ့စဉ်အလုပ်တွေ မလုပ်နိုင်လောက်အောင် ပြင်းထန်လာတယ်ဆိုရင်
-လနဲ့ချီအောင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုက မသက်သာဘူးဆိုရင် ကိုဗစ်ရဲ့ နောက်ဆက်တွဲအနေနဲ့ ယူဆပြီး ထိထိရောက်ရောက် ကုသမှု ခံယူသင့်ပါတယ်။
[covid_19]
[embed-health-tool-bmi]