brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဆင်တုပ်ကွေးဖြစ်ပြီးနောက် မြန်မြန်နာလန်ထူအောင် ဘာတွေစားရမလဲ

အခု အဖြစ်များနေကြတဲ့ ဆင်တုပ်ကွေး ခေါ် Chikungunya ဟာ ရောဂါပိုးသယ်ဆောင်လာတဲ့ခြင်ကိုက်တာခံရပြီး ၂ ရက်ကနေ ၇ ရက်အတွင်း လက္ခဏာတွေပေါ်လာတတ်ပါတယ်။ စစချင်းမှာ ကိုယ်ပူတာ၊ အဆစ်အမြစ်တွေကိုက်ခဲတာခံစားရတယ်၊နောက်တော့ နုံးတာ၊ ကြွက်သားနာကျင်တာ၊ခေါင်းကိုက်တာ၊ အရေပြားအနီကွက်ဖြစ်တာတွေဖြစ်လာနိုင်ပါတယ်။ သူ့ရဲ့ပြဿနာကတော့ အဖျားပျောက်တာကြာနေတာတောင် အားနည်းတာ၊ ယားယံတာနဲ့ နာကျင်ကိုက်ခဲမှုတွေက ကျန်နေခဲ့တာပဲဖြစ်ပါတယ်။

ဆင်တုပ်ကွေးဖြစ်ပြီးနောက် မြန်မြန်နာလန်ထူအောင် ဘာတွေစားရမလဲ

အများစုကတော့ ၃ ရက်ကနေ ၁၀ ရက်အတွင်း လက္ခဏာတွေသက်သာပျောက်ကင်းသွားကြပါတယ်။ တချို့တွေမှာတော့ အဆစ်နာကျင်ကိုက်ခဲမှုအကြွင်းအကျန်တွေကို လနဲ့ချီ၊ နှစ်နဲ့ချီပြီး ခံစားရနိုင်ပါတယ်။Chikungunya ရဲ့နောက်ဆက်တွဲပြဿနာကြောင့်သေဆုံးမှုဖြစ်တာရှားပါတယ်။ ဒါပေမယ့် နာတာရှည်ရောဂါတွေရှိတဲ့ သက်ကြီးပိုင်းအရွယ်တွေမှာ တစ်ခါတလေရောဂါပိုပြင်းထန်တတ်ပါတယ်။

ဆင်တုပ်ကွေးဖြစ်လာပြီဆိုရင် –

  • နားနားနေနေနေပါ။
  • ရေများများသောက်ပါ။
  • ဆရာဝန်ညွှန်ကြားတဲ့ ဆေးကိုပဲသောက်ပါ။ ကိုယ်ထင်ရာအကိုက်အခဲပျောက်ဆေး၊အဖျားကျဆေးတွေမသောက်ပါနဲ့။
  • အာဟာရပြည့်ဝအောင်စားပါ။
  • Chikungunyaဖြစ်ပြီးပြီဆိုလည်းပေါ့ပေါ့ဆဆမနေပါနဲ့။ လက္ခဏာစတင်ပြီး တစ်ပတ်အတွင်းမှာခြင်ထပ်အကိုက်မခံရအောင် ဂရုစိုက်ပါ။နေမကောင်းဖြစ်နေတဲ့ကိုယ့်ကို ကိုက်သွားတဲ့ ခြင်ကတဆင့် ကိုယ့်မိသားစု သို့မဟုတ် တခြားသူတွေဆီ ဆက်ပြီးကူးစက်နိုင်လို့ပါ။

အဖျားကျပြီး သက်သာလာတဲ့ နာလန်ထအချိန်ကလည်း အရေးကြီးပါတယ်။ ဒါမှ ဆင်တုပ်ကွေးလက်ကျန်ဝေဒနာဒဏ်ကို တွန်းလှန်နိုင်ပြီးမြန်မြန်ပျောက်ကင်းနိုင်မှာပါ။

မြန်မြန်နာလန်ထူနိုင်အောင် ဘာတွေစားရမလဲ

ရေ

တုပ်ကွေးဖြစ်နေတဲ့အချိန်မှာရော၊ သက်သာလာတဲ့အချိန်မှာရောရေများများသောက်ပေးသင့်ပါတယ်။ရေ သို့မဟုတ်ရေဓါတ်ပြည့်စေမယ့် အရည်တွေများများဝင်အောင် ဂရုစိုက်ပါ။

အုန်းစိမ်းရည်

အုန်းစိမ်းရည်သောက်ရင် ခန္ဓါကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားသန့်စင်ပေးနိုင်ပြီးရေဓါတ်ပြည့်ဝစေနိုင်ပါတယ်။ ကိုယ်ခံအားစနစ်အတွက်လည်း အထောက်အကူပေးလို့ အုန်းစိမ်းရည်လေးသောက်ပေးပါ။

အစိမ်းရင့်ရောင်အသီးအရွက်

အစိမ်းရောင်အသီးအရွက်တွေက ကယ်လိုရီနည်းသလိုချေဖျက်ရလွယ်တယ်။ ဒီလိုအချိန်မှာ ခန္ဓါကိုယ်ကို ပြန်ဖြည့်တင်းပေးဖို့ လိုအပ်နေတဲ့ ဗီတာမင်တွေအများကြီးပါဝင်တယ်။ ဒီဗီတာမင်တွေကြောင့် ဆင်တုပ်ကွေးလိုရောဂါတွေကနေ ကျန်းမာရေးပြန်ကောင်းမွန်လာဖို့ အထောက်အပံ့များစွာရနိုင်ပါတယ်။

စွပ်ပြုတ်

အိမ်မှာပဲ ချက်တဲ့ အသားနဲ့ အသီးအရွက်ဟင်းရည်၊ စွပ်ပြုတ်လေးတွေသောက်ပါ။ မုန်လာဥဖြူ သို့မဟုတ် ဥနီပါရင်ပိုကောင်းပါတယ်။

ပန်းသီးနဲ့ ငှက်ပျောသီး

ဆင်တုပ်ကွေးဖြစ်ရာကနေ သက်သာကာစအချိန်မှာ ပန်းသီးနဲ့ ငှက်ပျောသီး စားပေးပါ။ ပန်းသီးမှာ အစာခြေလမ်းကြောင်းကို သန့်စင်ကျန်းမာစေတဲ့ အမျှင်ဓါတ်တွေကြွယ်ဝပြီး ကိုလက်စထရောပမာဏကို ထိန်းညှိပေးတယ်။ ငှက်ပျောသီးမှာလည်း ဝမ်းချုပ်တာကိုကာကွယ်ပေးပြီး အူကိုသန့်စေတဲ့ အမျှင်ဓါတ်တွေပါဝင်ပါတယ်။

Omega 3 Fatty Acids

Omega 3 fatty acids ကြွယ်ဝတဲ့ အစားအစာတွေ နဲ့ဖြည့်စွက်အားဆေးတွေ စားသုံးဖို့လိုပါတယ်။Omega 3 fatty acids က ဦးနှောက်လုပ်ဆောင်ချက်တွေကိုကောင်းမွန်စေပြီး မှတ်ဉာဏ်ကောင်းမွန်စေတယ်၊လေဖြတ်နိုင်ခြေလျော့နည်းစေတယ်၊ အဆစ်ရောင်လက္ခဏာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

ဗီတာမင် C နဲ့ E

ဗီတာမင် C က အနာကျက်စေတဲ့အပြင် ကြွက်သား၊ အရိုး၊ အရွတ်နဲ့သွေးကြောတွေရဲ့ဖွဲ့စည်းဖြစ်ပေါ်မှုကို ကူညီပေးပါတယ်။ ဗီတာမင် E က အသားအရေအတွက်ကောင်းတဲ့အပြင် ကင်ဆာရောဂါတွေ၊ ပါကင်ဆန်ရောဂါနဲ့ အဆစ်ရောင်လေးဘက်နာရောဂါတို့ကို ကာကွယ်ပေးပါတယ်။ မာလကာသီး၊ ပန်းငရုတ်ပွအဝါ၊ ကီဝီသီး၊ ပန်းဂေါ်ဖီစိမ်း၊ စတော်ဘယ်ရီ၊ ခရမ်းချဉ်သီး စတာတွေမှာ ဒီဗီတာမင်နှစ်မျိုးလုံးကို ရရှိနိုင်ပါတယ်။

ရှောင်ရမှာက –

  • အချိုများတဲ့အစားအစာတွေ၊ အသင့်စားသရေစာနဲ့ အဆီများတာတွေရှောင်ပါ။
  • ကဖင်းနဲ့ ဂက်စ်ပါတဲ့သောက်စရာတွေကိုရှောင်ပါ။
  • ဆေးလိပ်၊ အရက်ရှောင်ပါ။
  • ပြုပြင်စီမံထားတဲ့၊အေးခဲထားတဲ့ အစားအစာတွေကိုရှောင်ပါ။
  • အပူအစပ်တွေရှောင်ပါ။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 30/06/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။