backup og meta

ကိုဗစ်ကာလမှာ မင်္ဂလာဆောင် သွားမယ်ဆိုရင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 31/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုဗစ်ကာလမှာ မင်္ဂလာဆောင် သွားမယ်ဆိုရင်

    ကိုဗစ်လှိုင်းလည်း အနည်းငယ်ငြိမ်ကျလာပြီဆိုတော့ အပြင်ထွက်ပြီး ဟိုဟိုဒီဒီ သွားလာကြပါပြီ။ အလုပ်တွေလည်း ပြန်တက်ကြသလို ပွဲလမ်းသဘင်တွေလည်း ခပ်စိတ်စိတ် တွေ့လာရပါပြီ။ ဒီထဲမှာ အများဆုံးတွေ့ရတာကတော့ မင်္ဂလာဆောင် တွေ ပါပဲ။ မင်္ဂလာဆောင်ဆိုတာလည်း လူစုလူဝေးဖြစ်တဲ့အတွက် ကိုဗစ်မကူးဖို့ အထူးဂရုစိုက်သင့်ပါတယ်။

    မင်္ဂလာဆောင်တွေကနေ  ကိုဗစ်ကူးစက်လာနိုင်သလား။

    ကိုဗစ်က မပြီးသေးတာဖြစ်တဲ့အတွက် မင်္ဂလာဆောင်အပါအဝင် ဘယ်လိုပွဲလမ်းသဘင်၊ လူစုလူဝေးကမှ အန္တရာယ်ကင်းတာမျိုး မဟုတ်ပါဘူး။ လူနည်းနည်းပဲစုစု၊ များများပဲစုစု ရောဂါကူးနိုင်ခြေ ရှိပါတယ်။ ဒါပေမယ့် ကာကွယ်ဆေးတွေ ထိုးထားမယ်။ ကိုဗစ်ကာကွယ်ရေး နည်းလမ်းတွေကို လိုက်နာမယ်ဆိုရင်တော့ ကူးစက်နိုင်ခြေကို လျှော့ချနိုင်မှာပါ။

    မင်္ဂလာဆောင် ကျင်းပမယ့် သူတွေအနေနဲ့ ဘယ်လိုအချက်တွေကို လိုက်နာသင့်သလဲ။

    ကိုယ့်ရဲ့ မင်္ဂလာပွဲကနေ လူတွေအများကြီး ကိုဗစ်ကူးသွားတယ်ဆိုရင် မင်္ဂလာမောင်နှံက စိတ်ကောင်းမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကူးစက်မှုကို လျှော့ချဖို့ အောက်ပါ အချက်တွေကို လိုက်နာသင့်ပါတယ်။

    • လေဝင်လေထွက်ကောင်းတဲ့နေရာမှာ လုပ်ပါ။

    နောက်ဆုံးလေ့လာချက်တွေအရ အလုံပိတ်နေရာတွေက လေဝင်လေထွက်ကောင်းတဲ့နေရာတွေနဲ့ ယှဉ်ရင် ကိုဗစ်ကူးစက်နိုင်ခြေ များပါတယ်။ ဒါကြောင့် မင်္ဂလာဆောင်ဖို့ နေရာရွေးတဲ့အခါ လေဟာပြင်လို ဒါမှမဟုတ် အဆောက်အအုံထဲမှာဆိုရင်လည်း လေဝင်လေထွက်ကောင်းအောင် သတိထားဖို့ လိုပါတယ်။

    • Seating planကို သတိပြုပါ။

    အပြင်မှာလိုမျိုး တစ်ယောက်နဲ့ တစ်ယောက် ၆ပေခွာဖို့က ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အနည်းဆုံး တစ်မီတာ (၃ပေ) လောက် ခွာပြီး ခုံနေရာချထားဖို့ လိုပါတယ်။ ဒါ့ပြင် စားပွဲဝိုင်း တစ်ဝိုင်းနဲ့ တစ်ဝိုင်းကိုလည်း ချဲထားဖို့ လိုပါတယ်။

    • ကိုဗစ်ကာကွယ်ရေး ပစ္စည်းတွေကို ဆောင်ထားပါ။

    မင်္ဂလာဆောင်မှာ နှာခေါင်းစည်း၊ လက်သန့်ဆေးရည် စတာတွေကို ဆောင်ထားဖို့ လိုပါတယ်။ ဒါမှ နှာခေါင်းစည်း လဲချင်တဲ့သူအတွက် အဆင်ပြေမှာ ဖြစ်သလို မကြာခဏ လက်ဆေးဖို့လည်း လွယ်ကူမှာ ဖြစ်ပါတယ်။ မင်္ဂလာလက်ဆောင်အနေနဲ့ ပြန်ကမ်းမယ်ဆိုရင်လည်း အဆင်ပြေပါတယ်။

    • မင်္ဂလာဆောင်ကို တိုတိုရှင်းရှင်း လုပ်ပါ။

    လူများလေလေ ကူးစက်နိုင်ခြေ၊ ပြန့်နှံ့နိုင်ခြေ များလေလေ ဖြစ်တဲ့အတွက် တတ်နိုင်သမျှ အကျဉ်းချုံ့ပါ။ မင်္ဂလာအချိန်ကိုလည်း ခပ်တိုတိုထားပါ။ တတ်နိုင်သမျှ လူစုလူဝေး ဖြစ်ချိန်ကို လျှော့ချဖို့ လိုပါတယ်။

    မင်္ဂလာမောင်နှံနဲ့ နှစ်ဖက်မိဘဆွေမျိုးတွေအနေနဲ့ ကာကွယ်ဆေး ပြည့်စုံအောင် ထိုးထားသင့်ပါတယ်။ မင်္ဂလာပွဲမှာ အချိန်အကြာဆုံး ရှိနေမယ့် သူတွေဖြစ်လို့ ရောဂါပိုးနဲ့ အကြာဆုံး ထိတွေ့နိုင်ခြေ ရှိလို့ပဲ ဖြစ်ပါတယ်။

    ကိုဗစ်ကာလမှာ မင်္ဂလာဆောင် သွားမယ်ဆိုရင်

    မိမိက မင်္ဂလာဆောင်ကို သွားရမယ့်သူ ဖြစ်နေမယ်ဆိုရင်

    ကိုယ်က မင်္ဂလာဆောင်သွားရမယ့် ဧည့်သည်ဖြစ်နေမယ်ဆိုရင် မိမိကြောင့် သူတစ်ပါးရောဂါ မကူးစေဖို့ အောက်ပါအချက်တွေကို လိုက်နာဖို့ လိုပါတယ်။

    • နေမကောင်းဖြစ်နေရင် မသွားပါနဲ့။

    အထူးသဖြင့် ကိုဗစ်လက္ခဏာတွေဖြစ်တဲ့ ဖျားနာတာ၊ ချောင်းဆိုးတာ၊ လည်ပင်းနာတာ စတာတွေ ခံစားနေရရင် မင်္ဂလာဆောင်ကို မသွားသင့်ပါဘူး။ လူစုလူဝေးမှာ ရောဂါဖြန့်မိရင် လူအများကြီးကို တစ်ခါတည်း ကူးစက်သွားစေနိုင်လို့ပါ။ အခန့်မသင့်ရင် ကိုဗစ်လှိုင်းတစ်ခုအထိ ဖြစ်သွားနိုင်ပါတယ်။

    • နှာခေါင်းစည်းတပ်ဖို့ မမေ့ပါနဲ့။

    အစာစားချိန်ကလွဲပြီး နှာခေါင်းစည်းတပ်ထားတာက ကူးစက်မှုကို ကာကွယ်နိုင်ပါတယ်။ မိတ်ကပ်ပျက်မှာစိုးလို့ဆိုပြီး နှာခေါင်းစည်း မတပ်တာ၊ ဖြုတ်ထားတာမျိုးကို ရှောင်ပါ။ လူစုလူဝေးဖြစ်ပြီး တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာနေဖို့ ခက်ခဲတာက နှာခေါင်းစည်းတပ်ထားတာက စိတ်အချရဆုံးပါ။

    မွန်းလာတယ်ဆိုရင် လူရှင်းတဲ့နေရာသွား ခဏဖြုတ်ပြီး အသက်ဝဝရှူပါ။ ချွေးစိုနေရင်၊ ညစ်ပေသွားရင် နှာခေါင်းစည်းကို အသစ်လဲပါ။

    • လေဝင်လေထွက်ကောင်းတဲ့နေရာမှာ ထိုင်ပါ။

    လေဝင်လေထွက်ကောင်းတာက အခန်းတွင်းမှာ ပိုးအောင်းနေတာကို လျော့ကျစေပါတယ်။

    • မကြာခဏ လက်ဆေးပါ။

    လူစုလူဝေး ဖြစ်တဲ့အတွက် ပစ္စည်းတွေ၊ စားပွဲမျက်နှာပြင်တွေကို လူတကာကိုင်တွယ်ထိတွေ့နေမှာပါ။ ဒါကြောင့် မကြာခဏ လက်ဆေးပါ။ လက်သန့်ဆေးရည် ဆောင်ထားပါ။

    • အချိန်ကြာကြာ နေခြင်းကို ရှောင်ပါ။

    မင်္ဂလာဆောင်မှာ ခပ်ကြာကြာနေတာ၊ လူအများနဲ့ နီးနီးကပ်ကပ် စကားပြောတာကို ရှောင်ပါ။ ကိုဗစ်က ခုချိန်ထိ မပြီးသေးတဲ့အတွက် အချိန်မရွေး ကူးစက်နိုင်ခြေ ရှိပါတယ်။

  • ချောင်းဆိုး၊ နှာချေရင် အုပ်ဆိုးပါ။
  • ချောင်းဆိုး၊ နှာချေချင်တဲ့အခါ နှာခေါင်းစည်းထဲကို ဆိုးပါ။ နှာခေါင်းစည်းဖြုတ်ထားတဲ့ အချိန်ဆို တံတောင်ကွေး ဒါမှမဟုတ် တစ်ရှူးနဲ့ အုပ်ဆိုးပြီး စနစ်တကျ စွန့်ပစ်ပါ။

    • ကာကွယ်ဆေး ထိုးထားပါ။

    ကာကွယ်ဆေး ထိုးထားတာက သူများဆီက ကူးစက်မှုကို လျှော့ချနိုင်သလို မိမိကနေ သူများဆီကို မကူးအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

    ကိုဗစ်ကာလ မင်္ဂလာဆောင်ကြသောအခါ

    ကိုဗစ်ကာလမှာ မင်္ဂလာဆောင်လို့ မရတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မိမိနဲ့ ပွဲကို လာတဲ့ ဧည့်သည်တွေ ကူးစက်မှု မရှိအောင် စနစ်တကျ ပြင်ဆင်ထားဖို့ လိုပါတယ်။ဧည့်သည်တွေကလည်း မင်္ဂလာဆောင်ရဲ့ စည်းကမ်းတွေကို လိုက်နာဖို့ လိုပါတယ်။
    ဒါကပဲ New Normal မင်္ဂလာပွဲကို ဖြစ်စေတယ် မဟုတ်ပါလား။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 31/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement