backup og meta

COVID-19 ကာလမှာ ဖျားနာနေသူတွေအတွက် ဆောင်ရန် ရှောင်ရန်များ


Ye Zon Aung မှ ရေးသားသည်။ · 09/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    COVID-19 ကာလမှာ ဖျားနာနေသူတွေအတွက် ဆောင်ရန် ရှောင်ရန်များ

    ကမ္ဘာတစ်လွှားမှာ COVID-19 ရောဂါ ကူးစက်ပြန့်နှံ့နှုန်းက ကျဆင်းခြင်းမရှိသေးပါဘူး။ ဒီကာလမှာ လူတိုင်းက သတိဝီရိယနဲ့ နေထိုင်နေကြရတာပါ။ ခုလိုကာလမျိုးမှာ ဖျားတာ နာတာမျိုး ကြုံလာရပြီဆိုရင်တော့ ပုံမှန်ထက်တွေးပူစရာတွေပိုများသလို ကုသရာမှာလည်း အခက်အခဲလေးတွေ ကြုံဆုံရတတ်ပါတယ်။

    ပုံမှန်အားဖြင့် ဖျားနာပြီဆိုရင် ဆေးခန်းပြေးရုံသာဖြစ်ပေမယ့် ခုချိန်မှာတော့ ဆေးရုံဆေးခန်းသွားရလာရတာက အရင်လို မလွယ်ကူလှပါဘူး။ ဒီတော့ အများစုဟာ နေအိမ်မှာပဲ ကိုယ်တိုင်ကုသကြတဲ့နည်းလမ်းမျိုးကို ပိုမိုရွေးချယ်လာကြပါတယ်။

    ဒီနည်းလမ်းဟာ မှားယွင်းတယ်လို့ မဆိုသာပေမယ့် စနစ်ကျတဲ့ စည်းကမ်းလိုက်နာမှုတွေ မရှိရင်တော့ ပြဿနာရှိနိုင်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းမှုပိုင်း၊ ကိုယ်ခံအားစနစ်ကောင်းမွန်အောင် ထိန်းသိမ်းစောင့်ရှောက်မှုပိုင်းတွေမှာ ပုံမှန်ထက်ကိုပိုပြီး အလေးအနက်ထားဆောင်ရွက်ဖို့ လိုအပ်မှာပါ။

    ဒါကြောင့် ခုလိုအချိန်မှာ လိုက်နာ စောင့်ထိမ်းရမယ့် နည်းလမ်းတွေကို စုစည်းဖော်ပြပေးထားပါတယ်။ အဆိုပါနည်းလမ်းတွေကို လိုက်နာမယ်ဆိုရင် ကိုယ့်ရဲ့ဝေဒနာကို ကုသရာမှာအထောက်အကူဖြစ်စေမှာဖြစ်သလို ရောဂါကူးစက်နိုင်ချေကို ကာကွယ်နိုင်ပါလိမ့်မယ်။

    နေမကောင်းဘူးလို့ ခံစားနေရချိန်မှာ လိုက်နာရမယ် Dos and Don’ts များ

  • DO – နေမကောင်းတာ၊ ချောင်းဆိုးတာ၊ နှာစေးတာ၊ အသက်ရှူရ ခက်တာမျိုးတွေ ခံစားနေရရင် အကူအညီပေးနိုင်မယ့်သူကို ဦးစွာ ရှာဖွေပါ။ နီးစပ်ရာဆေးဆိုင်ကနေ ဆေးဝယ်သောက်တာမျိုးထက် ကျန်းမာရေးဌာနကို ဆက်သွယ်ပြီး Protocol အတိုင်း ကုသမှုခံယူပါ။
  • DON’T – ဆရာဝန်နဲ့ တွေ့ဆုံဖို့ မိမိဆန္ဒအလျောက် အပြင်ကို ထွက်မသွားပါနဲ့။ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ်တွေနဲ့ သွားလာတာဟာ တခြားပြည်သူတွေအတွက်လည်း အန္တရာယ်ရှိနိုင်ပါတယ်။
  • DO – နှာစေး၊ ချောင်းဆိုးချိန်တွေမှာ လက်ကိုင်ပုဝါ ဒါမှမဟုတ် တစ်သျှူးစက္ကူစနဲ့ အကာအကွယ်ပြုလုပ်ဖြစ်တယ်ဆိုရင် ကိစ္စပြီးတာနဲ့ အဆိုပါ အစကို အမှိုက်ပုံးထဲကို လျှင်မြန်စွာ ထည့်ပြီး အမှိုက်ပုံးကို လုံခြုံစွာ ဖုံးပိတ်ထားပါ။
  • DON’T – ကိုယ့်မှာ ရောဂါသံသယရှိနေတယ်ဆိုရင် မိသားစုဝင်တွေ၊ အိမ်မွေးတိရစ္ဆာန်တွေနဲ့ နီးနီးကပ်ကပ် နေထိုင်ဆက်ဆံမှုမျိုး ရှောင်ကျဉ်ပါ။ သီးခြားခွဲနေပါ။
  • DO – ကိုယ့်မှာ ဖျားတာနာတာ ခံစားနေရတယ်၊ ဒါမှမဟုတ် ရောဂါကူးစက်ခံထားရတယ်လို့ သံသယရှိနေတယ်ဆိုရင်တော့ မျက်နှာဖုံးတပ်ထားနိုင်ပါတယ်။ ဒါပေမယ့် နည်းမှန်လမ်းမှန်တပ်ဖို့ လိုအပ်သလို လမ်းညွှန်ချက်တွေကိုလည်း လိုက်နာဖို့ လိုအပ်ပါတယ်။
  • DON’T – ကိုယ့်ဆန္ဒနဲ့ကိုယ် ပိုးသတ်ဆေးတွေ၊ ပဋိဇီဝဆေးတွေ မသောက်ပါနဲ့။ အဆိုပါဆေးတွေဟာ ဘက်တီးရီးယားတွေကို နှိမ်နင်းနိုင်တာမှန်ပေမယ့် COVID-19 ရောဂါကို ဖြစ်စေတဲ့ SARS-CoV-2 ရောဂါပိုးဟာ ဗိုင်းရပ်စ်ဖြစ်ပါတယ်။ အမျိုးအစား တူညီမှုမရှိပါဘူး။
  • DO – Social Distancing နည်းလမ်းနဲ့ ကြိုးစားနေထိုင်ပါ။ လူစုလူဝေးကို ရှောင်ပါ။ လူတစ်ဦးနဲ့ တစ်ဦးအကြား ၆ ပေ အကွာကနေ ပြောဆိုဆက်ဆံပါ။
  • DON’T – တုပ်ကွေး တစ်မျိုးမျိုးခံစားနေရတယ်လို့ ယူဆတယ်ဆိုရင် စနစ်တကျ ကုသနိုင်ဖို့ ကြိုးစားပါ။ ကိုယ့်မှာ တုပ်ကွေးရှိနေတာကြောင့် ယုန်ထင်ကြောင်ထင် အထင်ခံရမှာကို မစိုးရိမ်ပါနဲ့။ ကျန်းမာရေးဌာနကို ဆက်သွယ်ပါ။ အလျှင်အမြန်ပျောက်ကင်းအောင် ကုသပါ။
  • DO – အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေကို ရှောင်ကျဉ်ပါ။ တကယ်လို့ မိမိတို့ရဲ့ အိမ်မှာ အသက် ၆၀ နဲ့ အထက်အရွယ် လူကြီးသူမတွေရှိနေရင် ပိုဂရုစိုက်ပေးပါ။ သူတို့ကို အပြင်မထွက်ပဲ နေအိမ်ထဲမှာပဲ နေထိုင်စေတာက အကောင်းဆုံးပါပဲ။ လူကြီးတွေဟာ ရောဂါကြောင့်ထိခိုက်နိုင်ချေမြင့်မားပြီး သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါစတဲ့ ဝေဒနာခံစားနေရသူတွေဟာ ပိုပြီးသတိထားနေထိုင်ဖို့ လိုအပ်ပါတယ်။
  • DON’T – နေမကောင်းရင် ဒါမှမဟုတ် နှာစေး၊ ချောင်းဆိုးတာမျိုး ဖြစ်နေရင် ခရီးလုံးဝမသွားပါနဲ့။ ဒီလိုအချိန်မျိုးမှာ ခရီးသွားတာဟာ မိမိကိုယ်တိုင်ကိုသာမက အများပြည်သူအတွက်ပါ အန္တရာယ်များတဲ့ အပြုအမူမျိုးဖြစ်ပါတယ်။
  • DO – နေအိမ်ကို စနစ်တကျ သန့်ရှင်းပေးနိုင်မယ့်သူ အိမ်မှာ ရှိပါစေ။ ရောဂါကို ကာကွယ်နိုင်ဖို့ရောဂါ ပိုးတွေ မပြန့်ပွားနိုင်ဖို့ရော နေအိမ်ကို စနစ်တကျ သန့်ရှင်းပေးဖို့ လိုအပ်ပါတယ်။
  • DON’T – ဖျားနာနေရင် လမ်းဘေးဆေးဆိုင်တွေက စပ်ဆေးတွေ ဝယ်ယူသောက်သုံးတာမျိုး လုံးဝမလုပ်ပါနဲ့။
  • DO – လက်ကို စင်ကြယ်စွာ ဆေးပါ။ အနည်းဆုံး စက္ကန့် ၂၀ လောက်ကြာအောင်ဆေးပါ။ ရေနဲ့ ဆပ်ပြာနဲ့ ဆေးတာဟာ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဒါတွေမရနိုင်ရင်တော့ အယ်လ်ကိုဟော ၆၀% နဲ့အထက်ပါဝင်တဲ့ Hand Sanitizer/Hand Gel မျိုးနဲ့ ဆေးကျောသန့်စင်ပါ။ ဘယ်အချိန်တွေမှာ ဆေးရမလဲဆိုရင် အစားအစာမစားခင်၊ အိမ်သာသုံးပြီးချိန်၊ နှာချေ ချောင်းဆိုးပြုလုပ်ပြီးချိန်၊ လူအများအသုံးပြုထားတဲ့ ပစ္စည်းတွေကို ကိုင်တွယ်မိပြီးချိန်တွေမှာ အဓိက ဆေးကျောရမှာဖြစ်ပါတယ်။
  • DON’T – မျက်စိ၊ ပါးစပ်၊ နှာခေါင်း စတာတွေကို ထိကိုင်တာမျိုးကို တတ်နိုင်သမျှ ရှောင်ကျဉ်ပါ။ တကယ်လို့ ကိုယ့်မှာ ပိုးကပ်ငြိနေတယ်ဆိုရင် မျက်နှာအစိတ်အပိုင်းတွေကို ထိကိုင်မိတာက ရောဂါပိုးကိုယ်ထဲကို ဝင်ရောက်နိုင်ဖို့ အလွယ်ဆုံးနည်းလမ်းဖြစ်စေနိုင်ပါတယ်။
  • DON’T – အရာဝတ္ထုတွေကို ကိုင်တွယ်ရမှာကို မကြောက်ပါနဲ့။ ရောဂါပိုးဟာ မာကျောတဲ့ မျက်နှာပြင်တွေမှာ ကပ်ညိနေနိုင်တာမှန်ပေမယ့် အရာရာကို အထိမကိုင်ရဘူးလို့ မသတ်မှတ်ထားပါဘူး။ တစ်စုံတစ်ခုကို ကိုင်တွယ်ပြီးတိုင်း ပုံမှန်လက်ဆေးပေးပြီး ဘေးရန်ကို ကာကွယ်နိုင်ပါတယ်။
  • ဖျားနာချိန်မှာ မဖြစ်မနေလိုက်နာဖို့ လိုအပ်တဲ့ နည်းလမ်းတွေဖြစ်ပါတယ်။ ဒီနည်းလမ်းတွေကို လိုက်နာခြင်းအားဖြင့် ကုသရေးမှာ အထောက်အကူဖြစ်မှာဖြစ်သလို မိသားစုဝင်တွေဆီကို အဖျားဝေဒနာ ကူးစက်တာမျိုးမဖြစ်အောင်လည်း ကာကွယ်နိုင်ပါလိမ့်မယ်။

    ဒါ့အပြင် ခုလိုမျိုး မိမိကိုယ်တိုင်နဲ့ မိမိပတ်ဝန်းကျင်ကို ကိုယ်တိုင်ကာကွယ်မှုပြုလုပ်တာက အဖျားဝေဒနာကိုသာမက COVID-19 ရောဂါကာကွယ်ဖို့အတွက်လည်း အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

    [covid_19]

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 09/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement