brand logo
Discover
Health Tools
Communities

Share

COVID-19 ကို ကုသနိုင်တဲ့ဆေး ရှာတွေ့ပြီလား

အီတလီနိုင်ငံမှာ တစ်ရက်အတွင်း လူနာ ၅၀၀ နီးပါး သေဆုံးခဲ့ရတဲ့နောက်မှာ COVID-19 ကြောင့် သေဆုံးခဲ့တဲ့ လူနာအရေအတွက်ဟာ ၈၉၅၃ ဦးအထိ ရောက်ရှိလာခဲ့ပြီး သေဆုံးနှုန်းကလည်း Close Case စုစုပေါင်းရဲ့ ၆% ကနေ ၁၀ % အထိ ခုန်တက်လာခဲ့ပါတယ်။

COVID-19 ကို ကုသနိုင်တဲ့ဆေး ရှာတွေ့ပြီလား

ကူးစက်ခံရသူအရေအတွက်ဟာလည်း ၂၁၉၀၁၇ အထိရှိလာပြီဖြစ်ပြီးတော့ ရောဂါကူးစက်ခံရပြီးမှ ပြန်လည်သက်သာလာသူအရေအတွက်ကတော့ ၈၅၀၀၀ နီးပါးရှိနေပါပြီ။

ဒီလိုမျိုး ကမ္ဘာနဲ့ အဝှမ်းမှာ လျှင်လျှင်မြန်မြန်ကူးစက်နေပြီး လူတိုင်း ထိတ်လန့်စိုးရိမ်နေရတဲ့ ဒီရောဂါကပ်ဘေးကြီးနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံက သတင်းကောင်းတစ်ခု ယူဆောင်လာခဲ့ပါတယ်။ အဲဒီသတင်းကောင်းကတော့ လူနာတွေကို ထိထိရောက်ရောက်ကုသနိုင်မယ့် ဆေးဝါးတစ်မျိုးအကြောင်း သတင်းစကားပါပဲ။

တရုတ်နိုင်ငံဟာ COVID-19 ရောဂါ စတင်ဖြစ်ပွားရာ တိုင်းပြည်ဖြစ်ပြီး ကူးစက်မှုအများဆုံးနဲ့ သေဆုံးမှုအများဆုံး ရင်ဆိုင်ထားရတဲ့ တိုင်းပြည်ဖြစ်ပါတယ်။

ဒါပေမယ့်လည်း လွန်ခဲ့တဲ့ မတ်လဆန်းကနေစတင်ပြီး ရောဂါအခြေအနေကို ထိမ်းချုပ်နိုင်ခဲ့ပြီလို့ ကြေညာခဲ့သလို တကယ်တမ်းမှာလည်း လူနာသစ်တိုးပွားမှုမှာ တစ်နေ့ပျမ်းမျှ ၁၀ ဦးမကျော်တော့တာ အချိန်အတော်ကြာနေခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင် ရောဂါဒါဏ် အဆိုးရွားဆုံးထိခိုက်ခံခဲ့ရတဲ့ ဟူဘေးပြည်နယ်မှာဆိုရင် လူနာသစ် ထပ်မတွေ့တော့တာ ၂ ရက်ရှိနေပြီလို့ ကြေညာထားပါသေးတယ်။

ဆေးဝါးသစ် တွေ့ပြီလား

ခုချိန်မှာလည်း တရုတ်အစိုးရအာဏာပိုင်တွေဟာ COVID-19 ရောဂါကို ထိထိရောက်ရောက် ကုသနိုင်တဲ့ ဆေးဝါးရှိနေကြောင်း ကြေညာခဲ့ပြီးတော့ ဂျပန်နိုင်ငံအခြေစိုက် ဆေးဝါးကုမ္ပဏီတစ်ခုဖြစ်တဲ့ Fujifilm Toyama Chemical က ထုတ်လုပ်တဲ့ anti-influenza ဆေးဝါးတစ်မျိုးဟာ လူနာတွေကို သက်သာစေနိုင်တယ်လို့ ဆိုခဲ့တာပါ။

Avigan လို့ အမည်တွင်တဲ့ အဆိုပါ တုပ်ကွေးပျောက်ဆေးဟာ ပြင်းထန်အဆုတ်ရောင်ရောဂါသစ် တစ်မျိုးဖြစ်တဲ့ COVID-19 ကို ကုသရာမှာ ထိရောက်စွာ အလုပ်ဖြစ်ခဲ့တယ်လို့ တရုတ်ဘက်က တရားဝင် ကြေညာလိုက်ပါတယ်။

ဒီဆေးရဲ့ တရားဝင်နာမည်က Favipiravir ဖြစ်ပြီးတော့ T-705 ၊ Avigan စသဖြင့် လူသိများပါတယ်။ Influenza viruses ၊ West Nile virus ၊ Yellow fever virus နဲ့ foot-and-mouth disease virus တွေကို ကုသရာမှာ သုံးစွဲတဲ့ ဆေးဝါးတစ်မျိုးဖြစ်ပါတယ်။

လက်ရှိ တရုတ်ပြည်က လူနာတွေကို အဆိုပါဆေးကို စမ်းသပ်တိုက်ကျွေး ကုသရာမှာ ထိရောက်မှုရှိခဲ့တာမို့ တရားဝင်အသုံးပြုဖို့ တရုတ်အာဏာပိုင်တွေက ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ ဘေဂျင်းအစိုးရကိုယ်စား သတင်းစာရှင်းလင်းပွဲမှာ တရားဝင်ကြေညာချက် ထုတ်ပြန်ပေးခဲ့တဲ့ National Center for Biotechnology Development ရဲ့ ဒါရိုက်တာ ကျန်ဇင်းမင်က ပြောဆိုသွားခဲ့ပါတယ်။

တကယ်စွမ်းရဲ့လား

အဆိုပါဆေးဝါးဟာ စမ်းသပ်မှုတွေမှာ ထိရောက်မှုရှိခဲ့ပြီး HIV ကုသရာမှာ အသုံးပြုတဲ့ ဆေးဝါးတွေဖြစ်ကြတဲ့ Antiretrovirals Lopinavir နဲ့ Ritonavir ဆေးဝါးနှစ်မျိုးနဲ့ ပေါင်းစပ်ကုသရာမှာ အလုပ်ဖြစ်ခဲ့တယ်လို့ ကြေညာထားပါတယ်။ အထူးသဖြင့် ဝူဟန်နဲ့ ရှန်ကျန်းလို ရောဂါဖြစ်ပွားမှုအဆိုးရွားဆုံးဒေသတွေက လူနာ ၃၂၀ ဦးကို အဆိုပါဆေးနဲ့ ကုသပေးနိုင်ခဲ့တယ်လို့ သိထားရပါတယ်။

ပျမ်းမျှ သက်သာမှုနှုန်းဟာလည်း ၂.၅ ရက်သာကြာမြင့်ပြီး တခြားဆေးဝါးကုထုံးတွေနဲ့ ကုသရင် ပျမ်းမျှ ၄.၂ ရက်အထိ ကြာမြင့်နိုင်တယ်လို့ တရုတ်အစိုးရက ဆိုထားပါတယ်။ ခုဆေးဝါးကုထုံးက ပုံမှန်အတိုင်း ပြန်သက်သာလာစေတယ်လို့လည်း ဆိုထားပါတယ်။

ချောင်းဆိုးဝေဒနာ ခံစားနေရတဲ့ လူနာတွေကို အဆိုပါကုထုံးနဲ့ ကုသရာမှာ ပျမ်းမျှ ၄.၅၇ ရက်နဲ့ သက်သာလာစေပြီး အဆိုပါဆေးဝါးကုထုံးနဲ့ မပါပဲ ကုသတဲ့လူတွေကတော့ သက်သာဖို့ ၅.၉၈ ရက်အထိ ကြာမြင့်လေ့ရှိပါတယ်။

ဒီဆေးဝါးကုထုံးကြောင့် COVID-19 ရောဂါ Positive လက္ခဏာပြထားတဲ့ လူနာတွေကို Negative အဖြစ်ပြောင်းလဲသွားစေတယ်လို့လည်း ကျန်ဇင်းမင်က ဆိုသွားပါတယ်။ ဒီအခြေအနေကို ရောက်ရှိဖို့ ပျမ်းမျှ ၄ ရက်သာကြာမြင့်ပြီးတော့ တခြားဆေးဝါးတွေနဲ့ ကုသမယ်ဆိုရင် ၁၁ ရက်အထိ ကြာမြင့်နိုင်ပါတယ်။

X-ray မှတ်တမ်းတွေအရလည်း လူနာတွေကို Avigan ဆေးကျွေးပြီးကုသရင် အဆုတ်ပြန်လည်ကောင်းမွန်မှုနှုန်းဟာ ၉၁% ရှိပြီး တခြားနည်းလမ်းတွေနဲ့ ကုသမှုတွေရဲ့ ရလဒ်ကတော့ ၆၂% သာရှိတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်အထိ စမ်းသပ်ချက်တွေအရ ဘေးထွက်ဆိုးကျိုးလည်း မတွေ့ရှိရသေးဘူးလို့လည်း သိထားရပါသေးတယ်။

အလုံးစုံပျောက်ကင်းစေမှာလား

ဂျပန်ကျန်းမာရေးဌာနကလည်း အဆိုပါဆေးဝါးကို စမ်းသပ်သုံးစွဲနေပြီး ရောဂါပြန့်ပွားမှုကို တားဆီးနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။ ဒါပေမယ့်လည်း ဂျပန် ဆေးပညာရှင်တွေရဲ့ အဆိုအရ ဆိုရင်တော့ Avigan ဟာ အသက် ၇၀ နဲ့ ၈၀ ကျော် သက်ကြီးလူနာတွေကို ကုသရာမှာ ထိရောက်မှုမရှိဘူးလို့ ဆိုထားပါတယ်။

တရုတ်ကျန်းမာရေးဌာနတွေကတော့ ဂျပန်နိုင်ငံထုတ် အဆိုပါဆေးဝါးကို COVID-19 ရောဂါကုသရေးမှာ ယခုကနေစပြီး တရားဝင်စတင် သုံးစွဲတော့မှာဖြစ်ပါတယ်။

Hello Sayarwon Panel
Fact Checked by Hello Sayarwon Panel · Written by Aye Thi Mon · Updated 13/07/2022

Was this article helpful?