backup og meta

နှာခေါင်းစည်း နှစ်ထပ် တပ်မယ်ဆိုရင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 10/09/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နှာခေါင်းစည်း နှစ်ထပ် တပ်မယ်ဆိုရင်

    ကိုဗစ်ကာလမှာ နှာခေါင်းစည်း တပ်တာက အမြဲတမ်း အရေးပါနေမှာပါ။ ကိုဗစ်ဖြစ်ပြီးသားပဲ ဖြစ်ဖြစ်၊ မဖြစ်ရသေးတဲ့သူပဲ ဖြစ်ဖြစ်၊ ကာကွယ်ဆေး ထိုးထားတဲ့ သူပဲ ဖြစ်ဖြစ် နှာခေါင်းစည်းတပ်၊ လက်ဆေး၊ ခပ်ခွာခွာနေတာကို လိုက်နာရဦးမှာပါ။ လေ့လာချက်အသစ်တွေအရ နှာခေါင်းစည်းကို  အရင်လို တစ်ထပ် မဟုတ်ဘဲ နှစ်ထပ်တပ်တာက ပိုကောင်းပါတယ်တဲ့။ ဘာကြောင့်လဲဆိုတာ ဆက်ကြည့်ရအောင်။

    ဘာကြောင့် နှာခေါင်းစည်းနှစ်ထပ် တပ်သင့်တာလဲ။

    အမေရိကန် CDCရဲ့ လေ့လာချက်အရ နှာခေါင်းစည်းနှစ်ထပ်တပ်တာက တစ်ထပ်တည်း တပ်တာထက် ကာကွယ်နိုင်စွမ်း ပိုကောင်းတယ်လို့ ဆိုပါတယ်။ သူတို့က နည်း၂နည်းနဲ့ စမ်းသပ်ခဲ့ပါတယ်။

    • ပထမတစ်နည်းက ချောင်းဆိုးတဲ့နည်းပါ။

    စမ်းသပ်ခန်းထဲမှာ အပြင်မှာ လူတွေ ချောင်းဆိုးသလိုမျိုးနဲ့ ၃ခု စမ်းသပ်ခဲ့ပါတယ်။

    အဝတ် နှာခေါင်းစည်းတစ်ထပ်တည်း

    -ရိုးရိုး နှာခေါင်းစည်း(Surgical mask) တစ်ထပ်တည်း

    -ရိုးရိုး နှာခေါင်းစည်း ပေါ်ကနေ အဝတ် နှာခေါင်းစည်းတပ်ပြီး နှစ်ထပ်

    ဒီလို ဝတ်ပြီး ချောင်းဆိုးကြည့်တဲ့အခါမှာ အဝတ်နှာခေါင်းစည်းတစ်ခုပဲ တပ်ထားရင် ၅၁.၄% ကာကွယ်ပေးနိုင်ပြီး ရိုးရိုးနှာခေါင်းစည်း တပ်ထားရင်တော့ ၅၆.၁% ကာကွယ်ပေးနိုင်ပါတယ်။ နှစ်ထပ်ဝတ်ထားရင်တော့ ၈၅.၄% ကာကွယ်ပေးနိုင်ပါတယ်။

    • ဒုတိယနည်းကတော့ အသက်ရှူထုတ်တဲ့သူနဲ့ အသက်ရှူသွင်းတဲ့သူ နှစ်ယောက်ကြားမှာ စမ်းထားတာပါ။

    အသက်ရှူထုတ်တဲ့သူက နှာခေါင်းစည်း၂ထပ်ကို သေသေချာချာ တပ်ထားမယ်ဆိုရင် တစ်ဖက်က မတပ်ထားရင်တောင် သူ့ကို ၈၂.၂% ကာကွယ်ပေးနိုင်ပါတယ်။ ပြောင်းပြန် ရှူထုတ်တဲ့သူက နှာခေါင်းစည်း မတပ်ထားဘဲ ရှူသွင်းတဲ့သူက နှစ်ထပ် တပ်ထားမယ်ဆိုရင်လည်း ၈၃% ကာကွယ်နိုင်ပါတယ်။ ၂ယောက်လုံး နှစ်ထပ်တပ်ထားမယ်ဆိုရင်တော့ ၉၆.၄% ကာကွယ်နိုင်ပါတယ်။

    နှာခေါင်းစည်းဘေးမှာ ကြိုးထုံးတာလည်း မမေ့သင့်

    အရင်ကဆို နှာခေါင်းစည်းတွေ ချောင်နေလို့  ကြိုးကို ကြက်ခြေခတ်ပုံစံ လိမ်ပြီး တပ်ကြတာကို တွေ့ဖူးမှာပါ။ ဒီလို လုပ်မယ့်အစား သေချာ ကြိုးထုံးဖို့ CDC က ပြောထားပါတယ်။ နှာခေါင်းစည်းနဲ့ ကပ်ပြီး ကြိုးကို ထုံးလိုက်တာက ခွက်ပုံစံ ဖြစ်သွားပြီး နှာခေါင်း၊ ပါးစပ်နဲ့ မေးစေ့ထိ လုံစေပါတယ်။

    ပိုကောင်းတာက သေချာသာ ကြိုးထုံးထားမယ်ဆိုရင် ၉၅.၉%ထိ ကာကွယ်နိုင်ပါတယ်။ ဒါက နှာခေါင်းစည်း၂ထပ်တပ်တာနဲ့ ရလဒ်တူတူပဲ ဖြစ်ပါတယ်။

    နှာခေါင်းစည်း နှစ်ထပ်တပ်ခြင်းရဲ့ ကောင်းကျိုးများ

    • ပိုပြီး လုံစေပါတယ်။

    အဝတ် နှာခေါင်းစည်းပဲဖြစ်ဖြစ်၊ ရိုးရိုး နှာခေါင်းစည်းပဲဖြစ်ဖြစ် တပ်လိုက်တဲ့အခါ အများစုက ချောင်နေတာကို သတိထားမိမှာပါ။ ဘေးကလည်း ဟနေပါသေးတယ်။ ဒါကြောင့် အသက်ရှူရင် လေတွေ အပြင်ကို ထွက်ထွက်လာတာ ခံစားမိမှာပါ။ နှာခေါင်းစည်းသာ တကယ်လုံရင် ဒီလို မဖြစ်ပါဘူး။

    လေတောင်ထွက်နေရင် လေကနေ ဗိုင်းရပ်စ်တွေလည်း ထွက်နေနိုင်ပါတယ်။ ဒါ့ပြင် သူများဆီက ပိုးတွေလည်း ကိုယ့်ဆီ ဝင်လာနိုင်ပါတယ်။

    နှာခေါင်းစည်း ၂ထပ် တပ်တာက ဒီပြဿနာကို ရှင်းပေးနိုင်ပါတယ်။ ရိုးရိုးနှာခေါင်းစည်းကို အတွင်း၊ အဝတ် နှာခေါင်းစည်းကို အပြင်မှာ တပ်ပေးခြင်းအားဖြင့် အဝတ်နှာခေါင်းစည်းက ရိုးရိုးနှာခေါင်းစည်းကို ဖိလိုက်ပြီး မျက်နှာနဲ့ အဲဝင်ခွင်ကျ ဖြစ်စေပါတယ်။ ဒါကြောင့် လေထွက်ပေါက် မရှိတော့ဘဲ ပိုလုံသွားပါတယ်။

    • ပိုပြီး စစ်ထုတ်နိုင်တယ်။

    တစ်ယောက်ယောက်က စကားအားရပါးရပြောမယ်၊ ချောင်းဆိုးမယ်၊ နှာချေမယ်ဆိုရင် ဗိုင်းရပ်စ်တွေက ထွက်လာမှာပါ။ ဒီလို မဖြစ်အောင် နှာခေါင်းစည်းတွေက စစ်ထုတ်ပေးနိုင်ပါတယ်။

    အကြမ်းအားဖြင့်တော့ နှာခေါင်းစည်းက အလွှာများလေလေ စစ်ထုတ်နိုင်စွမ် ကောင်းလေလေပါ။ CDCက အဝတ်နှာခေါင်းစည်းချုပ်မယ်ဆို အနည်းဆုံး ၂ထပ်၊ ၃ထပ် ချုပ်ဖို့ ပြောထားပါတယ်။ အထဲမှာ လက်ဖက်ခြောက်အိတ်လိုမျိုး filter ခံချုပ်ရင် ပိုကောင်းပါတယ်။

    အလွှာများတဲ့အပြင် ၂ထပ်ပါ တပ်မယ်ဆိုရင်တော့ စစ်ထုတ်နိုင်စွမ်းက နှာခေါင်းစည်းတစ်ထပ်တည်းထက်စာရင် ပိုကောင်းမှာ အမှန်ပါပဲ။

    နှာခေါင်းစည်း ၂ထပ် ဘယ်လိုတပ်ကြမလဲ။

    • မှန်မှန်ကန်ကန် တပ်ပါ။

    အောက်က ရိုးရိုး နှာခေါင်းစည်းတပ်၊ အပေါ်က အဝတ်နှာခေါင်းစည်းတပ်။ ဒီတစ်ခုပဲ တပ်ထားရင် ရပါပြီ။ ကျန်တာတွေ မလုပ်ရပါ။

    -ရိုးရိုး နှာခေါင်းစည်း ၂ထပ်

    -KN95နဲ့ တခြားဘာနှာခေါင်းစည်းပဲ ဖြစ်ဖြစ် ရောမတပ်ရပါ။

    • ဒီအချက်တွေကို စစ်ဆေးပါ။

    တပ်ပြီးပြီဆိုတာနဲ့ အိမ်ကမထွက်ခင် ဒီအချက်တွေကို စစ်ဆေးပါ။

    -လုံရဲ့လား။ နှာခေါင်း၊ ပါးစပ်၊ မေးစေ့ထိ  လုံရပါမယ်။ လေမှုတ်ထုတ်ကြည့်ရင် လေမထွက်ရပါဘူး။ သေချာချင်ရင် ချောင်းဟန့်ကြည့်ပါ။

    -အသက်ရှူရတာ အဆင်ပြေလား။ အားစိုက်ပြီး ရှူနေရလား။ အားစိုက်ပြီး ရှူရတာမျိုး မဖြစ်သင့်ပါ။

    -မြင်ကွင်းကို မကွယ်မိအောင် သတိထားပါ။

  • ဒီအခြေအနေတွေဆို မဖြစ်မနေတပ်ပါ။
  • အပြင်ထွက်တာနဲ့ နှာခေါင်းစည်းတပ်ရမယ် ဆိုပေမယ့် လူနည်းတဲ့ နေရာဆို တစ်ထပ်တည်း တပ်နိုင်ပါတယ်။ နှာခေါင်းစည်းဘေးကို ကြိုးထုံးထားရင် ပိုကောင်းပါတယ်။ အချင်းချင်း ၆ပေတောင် မခြားနိုင်တဲ့ နေရာမျိုးဆို နှာခေါင်းစည်း ၂ထပ်တပ်ပါ။ ဥပမာ

    -စျေးသွားဝယ်တာ

    -ဆေးရုံ၊ ဆေးခန်းသွားတာ

    -ကားဂိတ်၊ ရထားဂိတ်၊ လေဆိပ်သွားတာ

    -လူအများနဲ့ ထိတွေ့ဆက်ဆံရတဲ့ အလုပ်လုပ်တာ ဆိုရင်တော့ နှာခေါင်းစည်း ၂ထပ်တပ်သင့်ပါတယ်။

    • စနစ်တကျ စွန့်ပစ်ပါ။

    တပ်ပြီးရင် ပြန်လာတဲ့အခါ အဝတ်နှာခေါင်းစည်းကို လျှော်ပါ။ ရိုးရိုးနှာခေါင်းစည်းကို အမှိုက်ပုံးထဲ စနစ်တကျ စွန့်ပစ်ပါ။ အဝတ် နှာခေါင်းစည်းက လျှော်ပြီး သုံးလို့ရပါတယ်။ ဒါပေမယ့် ချည်ကျဲလာရင်၊ ရွဲလာရင် အသစ်လဲပါ။

    ဒီလိုမျိုး နှာခေါင်းစည်းလည်း ၂ထပ်တပ်မယ်။ လက်လည်း ဆေးမယ်။ လိုအပ်မှ အပြင်ထွက်မယ်။ ထိတွေ့မှု များတဲ့ အသုံးအဆောင်ပစ္စည်းတွေကို ပိုးသတ်မယ်။ ကာကွယ်ဆေးလည်း ရနိုင်မယ်ဆိုရင် ထိုးထားမယ်။ ဒါဆိုရင်တော့ ကိုဗစ်ရောဂါကို ထိထိရောက်ရောက် ကာကွယ်နိုင်မှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 10/09/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement