ဘာလိုလိုနဲ့ သီတင်းကျွတ်တောင် ရောက်လာတော့မယ်။ သင်္ကြန်တုန်းက မကဲလိုက်ရသမျှ သီတင်းကျွတ်မှာ အပြတ်ကဲမယ်လို့ မျှော်လင့်ထားပေမယ့် ဒီတိုင်းဆို မျှော်လင့်ချက်သက်သက်ပဲ ဖြစ်တော့မယ်နဲ့ တူပါတယ်။ Covid-19 ကျန်းမာရေး သက်ရောက်မှုက ကျန်းမာရေးတင်မကဘဲ တခြား တခြား အရာတွေပါ ဆက်ကာဆက်ကာ ထိခိုက်နေသလိုပဲ။
စီးပွားရေးတွေ နားလိုက်ရတယ်။ ကလေးတွေ ကျောင်းမတက်ရဘူး။ အရင်လို ဘော်ဒါတွေဆုံပြီး စားကြ သောက်ကြ ဟေးလား ဝါးလား မရှိတော့ဘူး။ TGIFတို့ night outတို့ဆိုတာ ကိုယ်နဲ့မဆိုင်တာ ကြာခဲ့ပြီ။
သင်္ကြန်တုန်းကတော့ ရောဂါထိန်းချုပ်နိုင်အောင် ငါမလည်တော့ဘူး။ အပြင်မထွက်ဘူး။ နောက်ပွဲတွေ ကြုံဦးမှာပဲလေဆိုပြီး ဖြေသိမ့်ခဲ့ပေမယ့် သီတင်းကျွတ်သည်လည်း ထို့အတူပါပဲ။ အိမ်တွင်းအောင်းရဦးမယ် ထင်ပါရဲ့။ သြော် ကျန်းမာရေး ကိစ္စပဲလေ။ ကိုယ်တစ်ယောက်တည်းမှ မဟုတ်တာ။ ဘယ်တတ်နိုင်ပါ့မလဲ။
ပြန်ပြောင်းတွေးကြည့်ရင် အဖြစ်က မနှစ်ကနဲ့ မတူတာတော့ အမှန်ပဲ။ မနှစ်က ဒီအချိန်ဆိုလို့ကတော့ ဘော်ဒါတွေနဲ့ ခရီးသွားရအောင် တိုင်ပင်နေပြီ။ လူကြီးတွေကို လိုက်ကန်တော့ပြီး ရတဲ့ မုန့်ဖိုးလေးတွေကတော့ ခရီးစရိတ်ပေါ့။ အိမ်က အမေတွေ အဖေတွေကလည်း လူကြီးတွေ ကန်တော့ဖို့ မုန့်တွေ ပြင်နေပြီ။ လာကန်တော့မယ့် တူ၊ တူမတွေအတွက်လည်း မုန့်ဖိုးက စာအိတ်ထဲမှာ အဆင်သင့်။
ရပ်ကွက်ထဲကြည့်တော့လည်း လမ်းမှာ မီးလုံးလေးတွေတောင် ဆင်ပြီးကုန်ပြီ။ လပြည့်ညမရောက်သေးလည်း ဟိုက ဒီက ဗျောက်ဖောက်သံ၊ မီးရှူးလွှတ်သံလေးတွေ ကြားနေရပြီ။ ဖယောင်းတိုင်လေးတွေတောင် ရောင်စုံပေါ်လို့။ ကလေးတွေ လက်ထဲမှာလည်း မီးပုံးဒီဇိုင်းအစုံတွေ၊ ယုန်ရုပ်လေးတွေ ကြိုရောက်နေကြပြီ။
မြို့ထဲမှာလည်း စတိတ်ရှိုးတွေ အပြိုင်အဆိုင်၊ ဆိုင်တွေမှာလည်း သီတင်းကျွတ် ပရိုမိုးရှင်းတွေ အပြည့် သိပ်ကို ပျော်စရာကောင်းတဲ့ ကာလပါပဲ။
အဲ့အချိန်တုန်းကတော့ အားလုံးက ကိုဗစ်ကြီးကို မသိကြပါဘူး။ တစ်နေ့နေ့ ဒီလိုအိမ်ထဲမှာပဲ နေရလိမ့်မယ်လို့ အိပ်မက်ထဲတောင် ထည့်မက်ဖူးမှာ မဟုတ်ဘူး။ ကျွန်တော်အပါအဝင်ပေါ့။
ဒီနှစ်ကရော . . .
ကျွန်တော်ကတော့ သေချာတယ်။ အိမ်ထဲမှာပဲ ရှိနေဦးမှာပါ။ ခရီးလည်း မသွားဖြစ်လောက်ဘူး။ အဘိုးအဘွားတွေဆီလည်း ရောက်ဖြစ်မယ်မထင်ဘူး။ ယုတ်စွအဆုံး အိမ်က အဖေ အမေနဲ့တောင် ဘုရားတက်ဖြစ်ဖို့ မသေချာတော့ဘူး။
ဒါပေမယ့် ဒါပေမယ့်လည်းလေ သီတင်းကျွတ်ကို တစ်ခါမှ ဒီလို မဖြတ်သန်းဖူးတော့ အမှန်အတိုင်းပြောရင် စိတ်ထဲ ဘဝင်မကျတာတော့ အမှန်ပဲ။ သင်္ကြန်လည်းလွတ်၊ သီတင်းကျွတ်လည်း လွတ်ဆိုတော့ ခုခေတ်လိုပြောရရင် ‘စိတ်တောင်မကောင်းဘူးပေါ့။’
ဒါကြောင့် စိတ်ထဲမှာတော့ ဒီသီတင်းကျွတ်ကို ဘယ်လိုကျော်ဖြတ်ရင်း ကောင်းမလဲလို့ စိတ်ကူးတည့်ရာ စဉ်းစားကြည့်သေးတယ်။ New normalနဲ့ သီတင်းကျွတ်ပေါ့။
ခရီးမသွားရဘူးဆိုတော့လည်း မသွားဘူးပေါ့။ ဒါပေမယ့် facebookမှာတော့ memoryတွေ ပြန်shareမှာပဲ။ Throwbackပေါ့။ အိမ်မှာပဲ မနှစ်က မီးပုံးအဟောင်းလေးတွေ၊ မီးကြိုးလေးတွေနဲ့ ကြိုပြီး အလှဆင်ထားဦးမယ်။ အမေ့ကိုလည်း ဒီတစ်ခါ စျေးသွားရင် ဖယောင်းတိုင်လေး မှာရမယ်။ ဝရန်တာမှာ ထွန်းဖို့ပေါ့။ ဘာပဲဖြစ်ဖြစ် သီတင်းကျွတ် အငွေ့အသက်တော့ ရချင်သေးတယ်။
ဘုရားမသွားရလည်း အရေးမကြီးပါဘူး။ အိမ်ကဘုရားကိုပဲ ဆီမီးပူဇော်ပြီး သီတင်းကျွတ်ကြိုမယ် စိတ်ကူးတယ်။ အဘိုးအဘွားတွေဆီလည်း မရောက်နိုင်တော့ ဒီနှစ်တော့ video call လေးနဲ့ပဲ လှမ်းကန်တော့ရမှာပဲ။ မုန့်ဖိုးကတော့ အွန်လိုင်းက လက်ခံတယ်ပေါ့။ ဟား…ဟား…..
အပြင်မသွားရတော့ အိမ်မှာပဲ မိသားစုနဲ့ အချိန်ဖြုန်းမယ်စိတ်ကူးတယ်။ မိသားစု အစားအသောက် အစီအစဉ်လေးတော့ စိတ်ကူးထားတယ်။ ဒီနှစ်တော့ ကျွန်တော့လက်ရာပေါ့။ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာပဲ ချက်မယ်ဗျာ။ မိသားစုတွေ ပျော်ပျော်ပါးပါး စားကြတာပေါ့။
ခရီးသွားရနိုး သွားရနိုးနဲ့ စုထားဖြစ်တဲ့ ပိုက်ဆံတွေကိုတော့ အလှူလေးတစ်ခုလုပ်မယ် စိတ်ကူးထားတယ်။ ကိုဗစ်ကုသရေးမှာဖြစ်ဖြစ်၊ သက်ကြီးရွယ်အို ဂေဟာ၊ တိရိစ္ဆာန်ဂေဟာ စသဖြင့်ပေါ့။ သေချာတော့ မစဉ်းစားရသေးပါဘူး။
သူငယ်ချင်းတွေကိုလည်း အရက်သောက်မနေဘဲ ကျွန်တော့လို လိမ္မာဖို့ လှမ်းမှာရဦးမယ်။ သူတို့ကိုလည်း လွမ်းတယ်ဗျ။ မနှစ်က ဒီချိန်ဆို သူတို့နဲ့ ကဲနေကြလေ။
ဒီနှစ်ကတော့ ဒီလောက်ပဲပေါ့။ နောက်နှစ်ဆိုရင်တော့ အရင်လို ပြန်ဖြစ်မှာပါနော့။
အမှတ်မရှိ တန်ဆောင်တိုင်တို့၊ new yearတို့ကိုတော့ ထပ်မျှော်လင့်လိုက်ဦးမယ်။ ခရီးမသွားရရင်တောင် မြို့တွင်းမှာ လွတ်လွတ်လပ်လပ်သွားနိုင်ဖို့ မျှော်လင့်တယ်။ အလှူအတန်းတွေအတွက် ကျွန်တော့ ဆုတောင်းကတော့ တစ်ခုတည်းပါပဲ။ ကိုဗစ်ကြီး မြန်မြန်ပြီးပါစေလို့။
အိမ်ရှေ့က ထီသည်လေးဆီကတော့ အစဉ်အလာမပျက် ‘သီတင်ကျွတ်ညလေးတစ်ည ပြန်လည်ကာ အမှတ်ရမိပါတယ်’ တဲ့။ သြော် လို့သာ ရေရွတ်မိတော့တယ်။
[embed-health-tool-bmi]