backup og meta

အများသုံးအိမ်သာကနေလည်း ကူးစက်နိုင်ခြေရှိတဲ့ Covid-19


Ye Myo Myat မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အများသုံးအိမ်သာကနေလည်း ကူးစက်နိုင်ခြေရှိတဲ့ Covid-19

    Covid-19 နဲ့ ပတ်သက်ပြီး အမြဲ အပြင်ထွက်နေရတဲ့ အိမ်ထောင်ရှင် အမျိုးသမီးတချို့ လာမေးထားတဲ့ မေးခွန်းလေးတွေကို ပြန်ဖြေပေးချင်ပါတယ်။ သူတို့ သိချင်တာကတော့ ဈေးဝယ်ထွက်နေရင်း အပေါ့အပါး သွားချင်လာတာ၊ မအောင့်နိုင်လို့ အများသုံး သန့်စင်ခန်းထဲ ဝင်မိတယ်၊ Covid-19 ကူးနိုင်လား အစရှိသဖြင့်ပေါ့။ ဒီမေးခွန်းကို ဖြေပေးရမယ်ဆိုရင် ကူးနိုင်ခြေတော့ ရှိပေမယ့် တော်တော်လေးကို နည်းပါတယ်။

    လက်ရှိစစ်ဆေးချက်အရ Covid-19 သည် ပါးစပ်က ထွက်တဲ့ တံတွေး အစက် အမှုန်အမွှား (Droplets) က လေထဲကို ပြန့်သွားပြီး သူ့ဘေးမှာ ရှိတဲ့သူတွေဆီကို ဝင်ရောက်ကူးစက်တာလို့ပဲ သိထားပါသေးတယ်။ လေထဲကနေ တစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါ (Airborne Disease) အနေနဲ့တော့ အတိအကျ သတ်မှတ်ထားတာမျိုး မရှိသေးပါဘူး။ နောက်ပြီးတော့ မစင် အညစ်အကြေးမှာလည်း Covid-19 ရောဂါပိုး ရှိနေနိုင်ပေမယ့် ဒီကနေတဆင့် ကူးစက်ခံရတဲ့ အခြေအနေ မရှိသေးဘူးလို့ သိရပါတယ်။

    ဘယ်လို အခြေအနေမှာ ကူးစက်နိုင်လဲ။

    သန့်စင်ခန်းထဲ Mask မတပ်ဘဲ ဝင်သွားတာမျိုးကတော့ ကူးစက်နိုင်ခြေ အမြင့်ဆုံးပါ။ လူပေါင်းစုံ ဝင်ထွက်သွားလာပြီး အညစ်အကြေး စွန့်တဲ့ နေရာဖြစ်လို့ ကိုရိုနာဗိုင်းရပ်စ်မှ မဟုတ်ပါဘူး၊ ရောဂါပိုးတွေ အများကြီးက လေထဲမှာ ပြန့်နေမှာပါ။ အိမ်သာ တက်နေရင်းနဲ့ ကိုယ့်မှာ ပါလာတဲ့ ဈေးခြင်းထောင်း၊ အထုပ်အပိုးတွေကို မြေကြီးမှာ ချမိရင်လည်း ရောဂါပိုးက ကူးနိုင်ပါတယ် (Covid-19 ပိုးအပြင် တခြား ရောဂါပိုးတွေလည်း ပါဝင်ပါတယ်) ။ အိမ်သာ၊ အဖုံး၊ ကြွေခွက်၊ ရေပန်း၊ နံရံ၊ ကြမ်းပြင် စတာတွေကို လက်နဲ့ ကိုင်ပြီး မျက်နှာကို ပြန်ပွတ်ရင်လည်း ကူးနိုင်ခြေ ရှိပါတယ်။

    ဒါဆို ဘာလုပ်သင့်လဲ၊ ဘယ်လို ကာကွယ်မလဲ။

    အဓိက လုပ်သင့်တာတွေ အနေနဲ့

    ၁။ အများသုံး သန့်စင်ခန်းကို မဖြစ်မနေ ဝင်ဖို့ လိုအပ်လာပြီ ဆိုမှ ဝင်ပါ၊ သိပ်ပြီး အရေးမကြီးရင် မဝင်ပါနဲ့။

    ၂။ သန့်စင်ခန်း ဝင်တော့မယ်ဆိုရင် Mask ကို စနစ်တကျ တပ်ပြီးမှ ဝင်ပါ။ စောင်းနေတာ၊ နှာခေါင်းက လွတ်နေတာ၊ ဒါမှမဟုတ် Mask ကို မေးစပ်မှာ တပ်ထားတာမျိုးတွေ လုပ်လို့ မရပါဘူး။

    ၃။ တတ်နိုင်ရင် ကိုယ့်ရှေ့မှာ လူတစ်ယောက် လောလောလတ်လတ် ဝင်သွားတဲ့ အိမ်သာခန်းထဲ မဝင်ပါနဲ့၊ လုံးဝ မလွှဲသာမှပဲ ဝင်ပါ။

    ၄။ အမျိုးသားများ အပြင်မှာ မတ်တပ်ရပ်ပြီး အပေါ့စွန့်နေချိန် ဘေးက လူတစ်ယောက် ချောင်းဆိုးနေရင် ဆီးသွားတာကို ခဏ အောင့်ပြီး တခြား ဝေးဝေး တစ်နေရာကို အမြန်သွားပြီး အပေါ့စွန့်ပါ။ Mask တပ်ထားတယ် ဆိုရင်တော့ သွားဖို့ မလိုပါဘူး။

    ၅။ ဘိုထိုင်အိမ်သာကို အသုံးမပြုခင် တစ်သျှူးနည်းနည်း ဖြဲပြီး ကိုယ်ထိုင်မယ့် အပြားပေါ်ကို ဘယ်၊ ညာ ၂ဖက် ခင်းထားပါ။

    ၆။ တတ်နိုင်သလောက် လက်တစ်ဖက်တည်းနဲ့ အိမ်သာခန်း တံခါး ဖွင့်တာ၊ အညစ်အကြေး သန့်ရှင်းရေးလုပ်ပေးပါ။ ကျန်တဲ့ လက်တစ်ဖက်က အထုပ်အပိုးတွေကို သယ်ပါ။

    ၇။ ကိစ္စ ပြီးတာနဲ့ မြန်မြန်ထွက်ပါ။ အိမ်သာထဲမှာ အကြာကြီး မနေပါနဲ့။ ဖုန်း မသုံးပါနဲ့။

    ၈။ ရေဆွဲတော့မယ်ဆိုရင် အိမ်သာအဖုံးကို အောက်အရင်ချ၊ လုံအောင် ပိတ်ပြီးပြီဆိုမှ ရေဆွဲချပါ။ ဒီအတိုင်း ဖွင့်လျက်ကြီးတော့ ရေမဆွဲပါနဲ့။

    ၉။ လက်ကို ဆပ်ပြာနဲ့ စက္ကန့် ၂၀ ခန့် သေချာဆေးကြောပါ။ ဆပ်ပြာတိုက်တဲ့အခါ လက်ဖဝါး၊ လက်ဖမိုး၊ လက်ချောင်းကြား၊ လက်သည်းကြားကို သေချာ တိုက်ချွတ်ပေးဖို့ လိုပါတယ်။ ယောက်ျားလေးများ အပေါ့သွားရုံပဲ ဆိုပြီး လက်မဆေးဘဲ ထွက်လာတာမျိုး မလုပ်ပါနဲ့။

    ၁၀။ ပြီးသွားရင် တစ်သျှူးနဲ့ပဲ ရေသုတ်ပါ။ လက်အခြောက်ခံစက်ကို အားမကိုးပါနဲ့။ အဲ့စက်ထဲမှာ ရှိတဲ့ ရောဂါပိုး အရေအတွက်က လေထဲမှာထက် ပိုများပါတယ်။

    ၁၁။ အိမ်ပြန်ရောက်တာနဲ့ ပါလာတဲ့ ဈေးခြင်းတောင်းကို ဆေးကြောပါ။ ပလတ်စတစ်အိတ်ကို အမှိုက်ပုံးထဲ ထည့်ပါ၊ ဒါမှမဟုတ် အမှိုက်အိတ်လုပ်ပြီး မြန်မြန် ပစ်လိုက်ပါ။

    အားလုံးပဲ ကပ်ဘေးကာလမှာ ဘေးအန္တရာယ် ကင်းရှင်းစွာနဲ့ ဈေးဝယ်ထွက်နိုင်ဖို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    [covid_19]

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement