backup og meta

ကလေးတွေ အိမ်မြဲနေချိန် အိမ်မှာ သတိထားစောင့်ကြည့်သင့်တဲ့ အရာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 23/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတွေ အိမ်မြဲနေချိန် အိမ်မှာ သတိထားစောင့်ကြည့်သင့်တဲ့ အရာများ

    Stay Home နေတဲ့အချိန် ကလေးတွေလည်း ကျောင်းမတက်ရ၊ အိမ်ပြင်လည်း ထွက်မဆော့ရတော့ အိမ်မှာပဲ ဆော့ကြမှာပေါ့။ အိမ်ထဲပဲ နေရတဲ့အခါ တွေ့ရာ ကစားရင်း အိမ်သုံးပစ္စည်းတွေနဲ့ ဘေးအန္တရာယ်မဖြစ်အောင် မိဘတွေ ဂရုစိုက်ပေးသင့်ပါတယ်။

    ဓာတ်ခဲပိစိလေးတွေ

    အီလက်ထရောနစ်ပစ္စည်းတွေမှာ ပါတဲ့ ဓာတ်ခဲသေးသေးလေးတွေ(ဥပမာ -နာရီဓါတ်ခဲအပြားလေးတွေ) ကို ကလေးငယ်တွေ မျိုချမိနိုင်ပါတယ်။ Nine-volt ဓာတ်ခဲတွေဟာလည်း ပါကင်ဖောက်ပြီး ပြင်ပမှာ စက္ကူညှပ်တွေ၊ အိုးတိုက်စတီးမျှင်ထွေးတွေလို သံသတ္ထုတွေနဲ့ ထိတွေ့မိရင် အပူရှိန်မြင့်ပြီး မီးထလောင်နိုင်ပါတယ်။

    တီဗီ

    ဘယ်သူမဆို မတော်တဆ ဖြစ်နိုင်ပေမယ့် အထူးသဖြင့် ကလေးငယ်တွေ အတွက် ပိုသတိထားသင့်ပါတယ်။ တီဗီတွေကို အောက်ခြေ မငြိမ်တဲ့ ပရိဘောဂတွေပေါ် တင်မထားပါနဲ့။ အခန့်မသင့်လို့ ပြုတ်ကျခဲ့ရင် အန္တရာယ်ရှိတဲ့ အပြင် လျှပ်စစ်အန္တရာယ် လည်း စိုးရိမ်ရပါတယ်။ အံဆွဲတွေပါတဲ့ တီဗီစင်တွေကို လည်း သတိထား ကိုင်တွယ်ပါ။

    တီဗီပလပ်ပေါက်တွေ ကလေးကိုယ်တိုင် မဖွင့်၊ မပိတ်ဖို့ သတိထားစောင့်ကြည့်ပါ။ မီးခလုတ်တွေ၊ ပလပ်ပေါက်တွေကို ကလေးတွေ ကိုင်တာ အကျင့်မလုပ်ပါနဲ့။

    ဂက်စ်မီးဖို

    ဂက်စ်မီးဖိုတွေက အိမ်တွေမှာ အသုံးဝင်တဲ့ မီးဖိုချောင် အသုံးအဆောင် ဖြစ်ပေမယ့် ကျန်းမာရေးအတွက်ရော၊ မီးဘေးအန္တရာယ် အတွက်ပါ သတိထားရမယ့် အထဲ ထိပ်ဆုံးက ပါဝင်ပါတယ်။ ကာဗွန်မိုနောက်ဆိုဒ်ဓါတ်ငွေ့နဲ့ ဖော်မယ်လ်ဒီဟိုက်တွေ ထွက်ရှိတဲ့နှုန်းက ပုံမှန်အသုံးဆို သိပ်မများပေမယ့် နိုက်ထရိုဂျင်အောက်ဆိုဒ် ထုတ်လွှတ်မှုက ပြင်ပလေထု အတွက် လက်ခံနိုင်တဲ့ အတိုင်းအတာထက် ကျော်လွန်နေတယ်လို့ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးအဖွဲ့အစည်းက ထုတ်ပြန်ထားပါတယ်။

    ဒါ့ကြောင့် အလုံပိတ်အခန်းအတွင်း ချက်ပြုတ်ရတာ ပုံမှန်ထက် ပိုများတဲ့ စားဖိုမှူးတွေမှာ ဒီအန္တရာယ် ပိုစိတ်ပူရတာပါ။ ဒါ့ကြောင့် ဂက်စ်မီးဖိုနဲ့ ချက်တဲ့အခါ အိမ်ထဲမှာ(မီးဖိုနဲ့ မနီးကပ်ရပါ) ပန်ကာဖွင့်ထားပါ၊ ဖြစ်နိုင်ရင် အိမ်ရှေ့ပြတင်းပေါက်တွေ ဖွင့်ထားပါ၊ မီးတောက်ကပြာလဲ့လဲ့ ဖြစ်ရပါမယ်၊ လိမ္မော်ရောင် သန်းနေခဲ့ရင် မီးဖိုကို သေချာစစ်ဆေးဖို့ လိုနေပါပြီ၊ အရည်အသွေး စိတ်ချရတဲ့ မီးဖိုနဲ့ ဂက်စ်အိုးတွေကိုပဲ သုံးပါ၊ ဂက်စ်အိုးနားမှာ မီးနဲ့ ပတ်သက်တာ မယူလာပါနဲ့(ဥပမာ ဖယောင်းတိုင်)၊ ဂက်စ်အိုးနဲ့ ပိုက်တွေ လုံမလုံ၊ ယိုစိမ့်မှု ရှိသလား အမြဲစစ်ဆေးပါ။

    ဓား

    ဓားမ၊ ဓားချွန်၊ ဓားအသေး စသည်ဖြင့် ဓားအမျိုးပေါင်းစုံကို စနစ်တကျမထားဘဲ တစ်နေရာစီပစ်ထားမယ်ဆိုရင် အန္တရာယ်များနိုင်ပါတယ်။ မလိုအပ်ဘဲ ဓားထည့်စင်နဲ့ စီပြီးထားတာလည်း မတော်တဆတိုက်ချမိနိုင်လို့ သတိထားပါ။ ကလေးတွေ မမီလောက်တဲ့ နေရာမှာ ထားပါ။

    ရေတွင်း၊ ရေကန်

    ရေကူးကန် သို့မဟုတ် ရေတွင်း၊ ရေကန်တွေဟာ ကလေးတွေအတွက် အန္တရာယ်ဖြစ်ပါတယ်။ ရေတွင်း၊ရေကန်တွေ တစ်ဝိုက်မှာ ရေညှိတွေနဲ့ချောမနေဖို့၊ သန့်ရှင်းနေဖို့ အမြဲဂရုစိုက် လုပ်ဆောင်နေသင့်ပါတယ်။ ဒါမှလူကြီးတွေပါ အန္တရာယ်ကင်းနိုင်မှာပါ။ ရေချိုးခန်းထဲက ကန်တောင် ကလေးတွေအတွက် မေ့မေ့လျော့လျော့မထားပါနဲ့။

    လှေကား ၊ ဝရံတာ

    တိုက်ခန်းမှာ နေထိုင်သူတွေဆို အိမ်ရှေ့ဝရံတာ နဲ့ လှေကားတွေမှာ ကလေးတွေ ကို မျက်စိအောက်မှာပဲ စောင့်ကြည့်သင့်ပါတယ်။ ဆော့ကစားရင်း မတော်တဆ ပြုတ်ကျ၊ ချော်ကျ ခဲ့ရင် ရင်ကျိုးရပါလိမ့်မယ်။

    ဆေး

    အိမ်မှာ ဆေးတွေ ဆောင်ထားသင့်တယ်ဆိုပေမယ့် သိမ်းဆည်းတဲ့နေရာက အရေးကြီးပါတယ်။ ဆေးအမျိုးအစားတွေကို သီးခြားသပ်ရပ်စွာထားရှိပြီး ကလေးတွေ မမီတဲ့နေရာမှာ ထားသင့်ပါတယ်။ မိသားစုထဲက တစ်ယောက်ယောက်က ဆေးမှားသောက်လိုက်တာ၊ ရက်လွန်ဆေးတွေကို မစွန့်ပစ်မိလို့ သောက်လိုက်မိတာ၊ ကလေးက ယူသောက်လိုက်တာတွေက ကိစ္စကြီးသွားစေနိုင်ပါတယ်။ ဆရာဝန်ညွှန်ကြားချက်လိုတဲ့ဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ် မသောက်ဖို့၊ ဆေးခန်းက ပေးလိုက်တာ ဆိုလည်း တခြားမိသားစုဝင်တွေ ရမ်းမသောက်မိစေဖို့ သီးခြားထားသင့်ပါတယ်။

    မှို

    မှိုအမှုန် သေးသေးလေးတွေက လေထုထဲ ပျံ့နှံ့သွားတဲ့အခါ အသက်ရှူလမ်းကြောင်းပြဿနာတွေ၊ ပန်းနာရင်ကျပ်နဲ့ တခြားဓာတ်မတည့်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ဘယ်ကမှိုလဲဆိုတော့ အိမ်က အစားအသောက်မှာ တက်တဲ့မှို၊ အမှိုက်တွေမှာ တက်တဲ့မှို၊ အိမ်မျက်နှာကျက် သို့မဟုတ် ကြမ်းပြင်ထောင့်မှာ ဖြစ်တဲ့မှို ဖြစ်ပါတယ်။ အရောင်စုံဖြစ်လာတတ်တဲ့ မှိုအမှုန်လေးတွေက ကျန်းမာရေးအတွက် သိပ်အန္တရာယ်ကြီးပါတယ်။ ဒါ့ကြောင့် အိမ်မှာ ရေစိမ့်တာလိုမျိုး ယိုစိမ့်မှုတွေ၊ အစိုပြန်ခြင်းတွေကို အမြန်ဆုံးဖြေရှင်းပါ၊ ရက်လွန်အစားအစာတွေကို လွှင့်ပစ်ပါ၊ အမှိုက်တွေကို စနစ်တကျစွန့်ပစ်ပါ။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    [covid_19]

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 23/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement