backup og meta

ကိုဗစ် ဖြစ်ဖူးတဲ့ က​လေးတွေမှာ ဆီးချိုဖြစ်နိုင်ခြေ ပိုများနေပါတယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 09/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုဗစ် ဖြစ်ဖူးတဲ့ က​လေးတွေမှာ ဆီးချိုဖြစ်နိုင်ခြေ ပိုများနေပါတယ်

    ကိုဗစ် ဖြစ်ဖူးတဲ့ ကလေးတွေမှာ ဆီးချိုဖြစ်နိုင်ခြေ ပိုများနေပါတယ် လို့ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။ Covid – 19 ကူးစက်ခံထားရတဲ့ ကလေးတွေမှာ အမျိုးအစား -၁ ဆီးချိုရော အမျိုးအစား- ၂ ဆီးချိုပါ ဖြစ်နိုင်ခြေက ပုံမှန်ထက် ပိုများနေပါတယ်လို့ ရောဂါကာကွယ်ရေး ထိန်းချုပ်ရေးစင်တာ CDC က လုပ်ဆောင်ခဲ့တဲ့ လေ့လာမှု အသစ်တစ်ရပ်ရဲ့ ရလဒ်တွေအရ သိရပါတယ်။

    ကိုဗစ် ဖြစ်ဖူးတဲ့ က​လေးတွေမှာ ဆီးချိုဖြစ်နိုင်ခြေ ပိုများနေပါတယ်

    ၂၀၂၀ ခုနှစ် မတ်လ ကနေ ၂၀၂၁ ခုနှစ် ဇွန်လအထိ လုပ်ဆောင်ခဲ့တဲ့ မွေးကင်းစကနေ အသက် ၁၇ နှစ်အရွယ် ကလေး အယောက် ၂.၅ သန်း ပါဝင်တဲ့ လေ့လာမှုရလဒ်တွေအရ ကိုဗစ်ရောဂါကို ဖြစ်စေနိုင်တဲ့ SARS-CoV-2 ဗိုင်းရပ်စ် ကူးစက်ခံရဖူးတဲ့ ကလေးငယ်တွေမှာ ကိုဗစ်ကူးစက်ခံရဖူးတာ မရှိတဲ့ ကလေးတွေထက် ဆီးချိုရောဂါ ဖြစ်နိုင်ခြေက ၂.၆၆ ဆလောက် ပိုများနေပြီး အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ရောဂါပိုးတွေ ကူးစက်ခံရဖူးသူတွေထက်လည်း ဆီးချိုရောဂါ ဖြစ်နိုင်ခြေ ၂.၁၆ဆ ပိုများနေတာကို တွေ့ရှိခဲ့ရပါတယ်။

    ကိုဗစ် ဖြစ်ဖူးတဲ့ကလေးတွေမှာ ကိုဗစ် မဖြစ်ဖူးတဲ့ ကလေးတွေထက် ဆီးချိုရောဂါ အမျိုးအစား ၂ ရပ်စလုံး ဖြစ်နိုင်ခြေ ပိုများနေပါတယ်။ ဖြစ်နိုင်ခြေကတော့ ကိုဗစ် ဖြစ်စေတဲ့ SARS-CoV2 virus က အင်ဆူလင် ထုတ်ပေးတဲ့ ပန်ခရိယက ဘီတာဆဲလ်တွေအပေါ် ဆိုးကျိုးသက်ရောက်နေတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒီအနေအထားက အင်ဆူလင်မတိုးတာ (insulin resistance) ကို ဖြစ်စေတာဖြစ်နိုင်ပါတယ်။ နောက်တစ်ချက်ကတော့ ကိုဗစ်က autoimmune disease တွေကိုလည်း ဖြစ်စေနိုင်တာကြောင့် အမျိုးအစား -၁ ဆီးချိုကို ဖြစ်စေတာလည်း ဖြစ်နိုင်ပါတယ်လို့ ဒေါက်တာ Alonso က ရှင်းပြထားပါတယ်။

    ဒေါက်တာ Alonso

    ဆီးချို အမျိုးအစား ၂ ရပ်စလုံးက diabetic ketoacidosis လို့ခေါ်တဲ့ ဆီးချိုရဲ့ ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာကို ဖြစ်စေနိုင်ပါတယ်။ ဒီအခြေအနေက သွေးထဲမှာ ကီတုန်းများတာကို ဖြစ်စေနိုင်ပါတယ်။ ဒီအခြေအနေက အမျိုးအစား -၁ ဆီးချို ရှိသူတွေမှာ အဖြစ်များပေမယ့် အမျိုးအစား – ၂ ဆီးချို ရှိသူတွေမှာလည်း ဖြစ်နိုင်ပါတယ်။ မကုသဘဲ ထားမယ်ဆိုရင် အသက်အန္တရာယ်ထိခိုက်တာမျိုး ဖြစ်စေနိုင်ပါတယ်။

    ကိုဗစ် နဲ့ ဆီးချို ဖြစ်နိုင်ခြေတို့ကြားက ဆက်စပ်မှုကို တိတိကျကျ အဖြေထုတ်နိုင်ဖို့အတွက် နောက်ထပ် လေ့လာမှုတွေ လုပ်ဆောင်နေဆဲဆိုပေမယ့် ကိုဗစ် ဖြစ်ဖူးတဲ့ ကလေးတွေမှာ ဆီးချိုရောဂါ ခံစားရနိုင်ခြေ မြင့်နေတယ်ဆိုတာကတော့ အသေအချာပါ။ ကိုဗစ်ဖြစ်ပြီး ရက် ၃၀ အတွင်းမှာ ဆီးချိုရောဂါ ခံစားရတာမျိုးတွေ ရှိနေပါတယ်။  ဆီးချိုအကြိုရောဂါ လက္ခဏာ ခံစားရနေချိန်မှာ ကိုဗစ် ကူးစက်ခံလိုက်ရတာကလည်း ဆီးချိုဖြစ်နိုင်ခြေကို တိုးစေတဲ့ အကြောင်းအရင်း တစ်ရပ်ပါ။

    ဒါကြောင့် ကိုဗစ် ကာကွယ်ဆေး ထိုးလို့ရတဲ့ အသက်အရွယ်ရောက်ပြီဆိုရင် ကလေးကို ကာကွယ်ဆေးထိုးပေးထားတာက အကောင်းဆုံး နည်းလမ်းပါ။

    ကလေးတွေကို မေမေဖေဖေတို့အနေနဲ့ ဘာတွေ သတိထားကြမလဲ

    ကိုဗစ် ဖြစ်ဖူးတဲ့ က​လေးတွေမှာ ဆီးချိုဖြစ်နိုင်ခြေ ပိုများနေပါတယ်

    ကလေးတွက ကိုဗစ်ကူးစက်ခံရဖူးမယ်ဆိုရင်တော့ ကလေးမှာ ဆီးချိုရောဂါ လက္ခဏာတွေ ခံစားနေရလားဆိုတာကို မိဘတွေက သေချာလေး စောင့်ကြည့်ဖို့ လိုပါမယ်။ ကလေးက

    • ဆီးခဏခဏ သွားမယ်
    • ရေပုံမှန်ထက် ပိုဆာမယ် [ ရေခဏခဏ သောက်တာမျိုးပါ]
    • အရင်ကထက် အစားတွေ ပိုစားလာမယ်
    • ကိုယ်အလေးချိန် ကျလာမယ်
    • ပင်ပန်းလွယ်မယ်
    • ဗိုက်အောင့်မယ်
    • မအီမသာဖြစ်မယ်
    • ခြေကုန်လက်ပမ်းကျမယ်
    • အော့အန်မယ် စတဲ့ လက္ခဏာတွေ ခံစားရမယ်ဆိုရင် လိုအပ်တဲ့ စစ်ဆေးကုသမှုကို ခံယူဖို့ လိုပါမယ်။

    ဖေဖေမေမေတို့ သိထားဖို့ လိုမယ့် အချက်တွေက

    ကိုဗစ်ကြောင့် ကလေးမှာ  ဆီးချိုရောဂါ ခံစားရစေနိုင်တဲ့ အကြောင်းအရင်းတွေက အများကြီးပါ။ မျိုးဗီဇ ရှိတာကြောင့် ဖြစ်နိုင်သလို ကိုယ်ခံအားစနစ်က လုပ်ဆောင်နိုင်စွမ်း ကျဆင်းသွားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်တာကတော့ ကိုဗစ်ဖြစ်စေတဲ့ ဗိုင်းရပ်စ်က ခန္ဓာကိုယ်ရဲ့ လုပ်ငန်းစဉ်တွေကို ကမောက်ကမဖြစ်စေနိုင်တာကြောင့်ပါ။ နောက်ထပ် ဖြစ်နိုင်ခြေတွေက ရောဂါဖြစ်ပွားနေတာကြောင့် အပြင်မထွက်ရတာက လှုပ်ရှားမှု နည်းစေပြီး အထိုင်များတဲ့ နေထိုင်မှုပုံစံကြောင့် အမျိုးအစား -၂ ဆီးချိုရောဂါ ဖြစ်နိုင်ခြေ ပိုတိုးစေတာပါ။

    ဒါ​ကြောင့် ဖေဖေမေမေတို့ အနေနဲ့ ကလေးက ကိုဗစ်ဖြစ်ဖူးမယ်ဆိုရင်

    ဆီးချိုရောဂါ လက္ခဏာတွေ ခံစားနေရလားဆိုတာကို သေချာ စောင့်ကြည့်ပါ

    ကိုဗစ် ဖြစ်ဖူးတဲ့ က​လေးတွေမှာ ဆီးချိုဖြစ်နိုင်ခြေ ပိုများနေပါတယ် …. ဒါကြောင့် ကလေးက ကိုဗစ်ဖြစ်ဖူးမယ်ဆိုရင် ကလေးမှာ ဆီးချိုရောဂါ လက္ခဏာတွေ ဖြစ်ကြတဲ့

    • ရေခဏခဏ ဆာတာ
    • အစားတွေ ပိုစားလာတာ
    • အကြောင်းအရင်းမရှိဘဲ ကိုယ်အလေးချိန် ကျတာ
    • ဆီးခဏခဏ သွားတာ
    • အိပ်ရာထဲ ဆီးသွားတာ
    • အမြဲ ပင်ပန်းနွမ်းနယ်နေတာ
    • အော့အန်တာ
    • မအီမသာဖြစ်တာ
    • အမြင်အာရုံဝေဝါးတွေ ခံစားနေရလားဆိုတာကို အမြဲမပြတ် စောင့်ကြည့်ပါ။

    ကိုယ်လက်လှုပ်ရှားမှု ပိုလုပ်ခိုင်းပါ

    ကလေးက ကိုဗစ်ကနေ ပြန်ကျန်းမာလာပြီဆိုရင် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေးတွေ လုပ်ခိုင်းတာက အဆင်ပြေပါမယ်။ တစ်နေ့ကို အနည်းဆုံး ၁ နာရီလောက် ကိုယ်လက်လှုပ်ရှားမှု ပုံမှန် လုပ်ပေးတာက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး ဆီးချိုဖြစ်နိုင်ခြေကို လျှော့ချနိုင်မှာပါ။

    ကာကွယ်ခြင်းက အကောင်းဆုံး နည်းလမ်းပါ

    ကိုဗစ် မဖြစ်အောင် ကာကွယ်ပေးခြင်းက ကလေးကို နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးရာရောက်ပါတယ်။ ဒါကြောင့် ကလေးကို

    ကိုဗစ်ရန်ကနေ ကာကွယ်ပါ

    ကာကွယ်ခြင်းက အကောင်းဆုံး နည်းလမ်းဆိုတဲ့အတိုင်း ကလေးကို ကာကွယ်ဆေး ထိုးပေးတာ၊ ပါးစပ်နဲ့ နှာခေါင်းစည်း ဝတ်ဆင်ပေးတာ၊ လက်ဆေးတာလိုမျိုး ကိုဗစ် ကာကွယ်ရေးနည်းလမ်းတွေကို လုပ်ဆောင်ပေးတာကလည်း ထိရောက်တဲ့ နည်းလမ်း တစ်ရပ်ပါ။ အပြင်ထွက်တဲ့အခါ ခပ်ခွာခွာနေစေတာကလည်း ကာကွယ်ရေး နည်းလမ်းကောင်းတစ်ရပ်ပါ။

    ကလေးကို အာဟာရ ပြည့်ဝအောင် ဂရုစိုက်ပါ

    ကလေးကို ရေဓာတ်ပြည့်ဝနေအောင် ရေများများ တိုက်တာ အပါအဝင် အစားအစာတွေကိုလည်း ကိုယ်ခံအားကို အားဖြည့်ပေးနိုင်မယ့် အာဟာရတွေ ပြည့်ဝစုံလင်အောင် ပြင်ဆင်ပေးဖို့ လိုပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 09/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement