home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ကိုဗစ် ခံစားရသူတွေအတွက် အသက်ရှူလေ့ကျင့်ခန်း

ကိုဗစ် ခံစားရသူတွေအတွက် အသက်ရှူလေ့ကျင့်ခန်း

ကိုရိုနာ ဗိုင်းရပ်စ်က အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းစနစ်ကို အဓိက တိုက်ခိုက်တာပါ။ ဒါကြောင့်လည်း ကိုဗစ်ကို ခံစားရသူတွေမှာ အောက်ဆီဂျင် ကျတာတွေဖြစ်တာပေါ့။ ကိုဗစ်ကြောင့် အောက်ဆီဂျင် ကျတာကို ဖြေရှင်းဖို့ လုပ်ဆောင်လို့ရတဲ့ နည်းလမ်းတစ်ခုကတော့ အသက်ရှူလေ့ကျင့်ခန်း လုပ်တာပါ။

ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ဖို့ လေ့ကျင့်ခန်းတွေ လုပ်တာက ကြွက်သားတွေကို သန်မာစေသလို အသက်ရှူ လေ့ကျင့်ခန်း လုပ်တာကလည်း အဆုတ်တွေကို သန်စွမ်းစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။ အခုပြောပြမယ့် လေ့ကျင့်ခန်းလေးတွေက ကိုဗစ် မဖြစ်သူတွေမှာရော၊ ကိုဗစ် ဖြစ်နေသူတွေမှာပါ လုပ်လို့ရပါတယ်။ ကိုဗစ်ကနေ ပြန်လည် သက်သာလာသူတွေအနေနဲ့လည်း အခုပြောပြတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ပေးလို့ ရပါတယ်။

ကိုဗစ် ခံစားရသူတွေအတွက် အသက်ရှူလေ့ကျင့်ခန်း

အသက်ရှူလေ့ကျင့်ခန်းက အဆုတ်တွေကို သန်မာစေပြီး အောက်ဆီဂျင် ပမာဏကို ကောင်းမွန်စေနိုင်ပါတယ်။ ကဲ ….. အသက်ရှူ လေ့ကျင့်ခန်းလေးတွေကို ဖြည်းဖြည်းချင်း အတူတူ လုပ်ကြည့်ရအောင်နော်။

ဒေါက်တာ Munshiရဲ့ အသက်ရှူနည်း

ဗြိတိန်က ဆရာဝန် တစ်ဦးဖြစ်တဲ့ ဒေါက်တာ Munshi က ကိုဗစ်ခံစားနေရသူတွေ လုပ်သင့်တဲ့ အသက်ရှူ လေ့ကျင့်ခန်း တစ်ရပ်ကို လုပ်ပြခဲ့ပါတယ်။ ဒါကတော့
  • အသက်ကို ဝဝရှူလိုက်ပါ။ ၅ စက္ကန့်လောက် ထိန်းထားပါ။ ပြီးရင် ရှူထုတ်ပါ။
  • ဒီလို လုပ်ဆောင်မှုကို ၅ ကြိမ် ဆက်တိုက် လုပ်ပါ။
  • ၆ ကြိမ်မြောက်မှာ ရှူထုတ်တဲ့အခါ ချောင်းကို တတ်နိုင်သမျှ ခပ်ပြင်းပြင်းဆိုးပါ။ ပါးစပ် နဲ့ နှာခေါင်းကို အုပ်ထားဖို့ မမေ့ပါနဲ့။
  • ဒီလို ၆ ကြိမ်ကို တစ်ကျော့လို့ သတ်မှတ်ပြီး ၂ ကျော့လုပ်ပါ။

ဒီလေ့ကျင့်ခန်း လုပ်ဖို့အတွက် ထိုင်ရင်လည်း ရသလို လှဲနေလို့လည်း ရပါတယ်။ သက်တောင့်သက်သာ ဖြစ်မယ့် အနေအထား တစ်ရပ်ကို ရွေးချယ်ပါ။ ပြီးရင် လျှာကို အပေါ်သွားရဲ့ သွားခြေကို ထိထားပေးပါ။ ခါးကို ဆန့်ထားပါ။ မျက်လုံးလေးတွေကို မှိတ်ထားပါ။ အသက်ကို ပုံမှန် ရှူနေပါ။ အသက်ရှူနေချိန်မှာ လက်တစ်ဖက်ကို ရင်ဘတ်အပေါ်မှာ ထားပြီး လက်တစ်ဖက်ကို ဝမ်းဗိုက်မှာ ထားပေးပါ။

နှာခေါင်းကနေ လေကို ဝအောင် ရှူသွင်းပါ။ နံရိုးတွေ ပြန့်ကားလာပြီး ဝမ်းဗိုက်ကလည်း ဘေးဘက်ကို ပြန့်ကားတာကို ခံစားမိမှာပါ။ ပြီးရင် လေကို ဖြည့်ဖြည်းချင်း မှုတ်ထုတ်လိုက်ပါ။ ၁၀ ကြိမ်လောက် လုပ်ပေးပါ။

Pursed Lip Breathing

ဒီလေ့ကျင့်ခန်းက အသက်ရှူတာ ပြတ်တောင်းပြတ်တောင်း ဖြစ်တာကို သက်သာစေဖို့ နဲ့ လေပြွန်ကို ကျယ်စေဖို့အတွက် ထောက်ကူပေးနိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းကို လုပ်ဆောင်တော့မယ်ဆိုရင် အရင်ဆုံး

  • လည်ပင်း နဲ့ ပခုံးက ကြွက်သားတွေကို ဖြေလျော့ပါ
  • ပါးစပ်ကို ပိတ်ထားရင်း နှာခေါင်းကနေတဆင့် လေကို ဖြည်းဖြည်းချင်း ရှူသွင်းပါ။ (၂ စက္ကန့်လောက် အချိန်ယူပါ)
  • ပြီးရင် နှုတ်ခမ်းကို လေချွန်သလို စူထားရင်း လေကို ဖြည်းဖြည်းချင်း မှုတ်ထုတ်ပါ။ လေကို ရှူထုတ်နေစဉ်မှာ ၁ ကနေ ၄ အထိ ရေတွက်ပါ။ ၄ ကျော့ ၅ ကျော့လောက် လုပ်ပေးပါ။

Yawn to a smile

ဒီလေ့ကျင့်ခန်းက ရင်ဘတ် ကြွက်သားတွေကို ဖွင့်ထုတ်ပြီး လေ့ကျင့်ရတာဖြစ်တာကြောင့် ရင်ဝမ်းခြားမြှေးကို ပြည့်ပြည့်ဝဝ ပြန့်ကားစေပြီး အောက်ဆီဂျင် စီးဆင်းမှုကို ထိန်းချုပ်ပေးပါတယ်။

ဒီလေ့ကျင့်ခန်းကို လုပ်ဆောင်ဖို့အတွက်

  • ခါးကို ဆန့်ပြီး ခန္ဓာကိုယ်ကို မတ်မတ်ထိုင်ပါ။
  • လက်တွေကို ဆန့်တန်းပြီး ပခုံးပေါ်ကို မြှောက်ပါ။
  • ပြီးရင် ပါးစပ်ကို ကျယ်နိုင်သမျှ ကျယ်ကျယ် ဖွင့်ပြီး သန်းသလိုမျိုး လုပ်ပေးပါ။
  • ပြီးရင် လက်တွေကို ဘေးဘက်ကို ပြန်ချရင်း ပါးစပ်ကို သန်းနေရာကနေ ပြုံးတဲ့ အမူအရာ လုပ်ပေးပါ။

Pranayama

ဒီလေ့ကျင့်ခန်းက အဆုတ်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို တိုးတက်စေနိုင်တဲ့ လေ့ကျင့်ခန်းပါ။ ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်သလို အသက်ရှူတာကို ထိန်းချုပ်ပေးတဲ့ အာရုံကြောတွေကို ပြေလျော့ သက်သာစေနိုင်ပါတယ်။

ဒီလေ့ကျင့်ခန်း လုပ်တော့မယ်ဆိုရင် အရေးအကြီးဆုံးက ဘာမှ မစားထားဖို့ပါ။ ဒီလေ့ကျင့်ခန်း လုပ်ဖို့အတွက်

  • ခြေထောက်ကို တင်ပျဉ်ချိတ် ထိုင်ပါ။
  • ပခုံးကို တင်အကျယ်အတိုင်း ထားပေးပါ။
  • ဦးခေါင်းကို ပခုံးတွေထက် မြှင့်ထားပါ။
  • ခန္ဓာကိုယ်ကို နည်းနည်းလေး ဆန့်ထုတ်ပါ။
  • လေကို ဝဝ ရှူသွင်းပေးပါ။
  • ကျောရိုးကို ဆန့်ထားရင်း လေကို ဖြည်းဖြည်းချင်း ရှူထုတ်ပါ။
  • အဆိုပါ ကိုယ်ဟန်အနေအထားအတိုင်း အသက်ရှူတာကို ၁၀ ကြိမ် ပြုလုပ်ပါ။

ဒီလေ့ကျင့်ခန်းလေးတွေက အသက်ရှူရတာကို အဆင်ပြေစေသလို သွေးတွင်းအောက်ဆီဂျင်ကိုလည်း တက်စေနိုင်မှာပါ။ သတိထားရမှာ ခန္ဓာကိုယ်ရဲ့ ကြံ့ခိုင်မှုကိုပါ။ လေ့ကျင့်ခန်းက ကျန်းမာရေးကို ကောင်းစေတာ မှန်ပေမယ့် လုပ်နိုင်သလောက်ပဲ လုပ်ဖို့ လိုပါမယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ
စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 10/09/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Htet Htet Zaw Win မှ အချက်အလက် စစ်ဆေးထားပါသည်။