အရင်က နေမကောင်းဖြစ်ရင် ရိုးရာဆေးနည်း တွေနဲ့ပဲ ကုသလေ့ရှိပါတယ်။ ဒီထဲမှာ တိုင်းရင်းဆေးတွေ ပါမယ်။ အိမ်နားက အရွက်တွေ ထုထောင်းပြီးတိုက်တဲ့ ဆေးမြီးတိုတွေ ပါမယ်။ အပ်စိုက်ကုတွေ ပါမယ် အစုံပါပဲ။ နောက်ပိုင်းကျတော့ ဒါတွေက ခိုင်ခိုင်မာမာ သက်သေပြထားတာမရှိဘူးဆိုပြီး သိပ္ပံနည်းကျ ရှင်းပြနိုင်တဲ့ အနောက်တိုင်း ဆေးတွေနဲ့ ကုလာကြတယ်။ ခုတစ်ခါ ခေတ်ပြန်လည်လာပြန်တော့ အနောက်တိုင်းဆေးတွေက ပြင်းတယ်၊ ဘေးထွက်ဆိုးကျိုးများတယ်ဆိုပြီး အရင်က ရိုးရာဆေးနည်းတွေကိုပါ ပူးတွဲသုံးတာ၊ အစားထိုးသုံးတာတွေ ရှိလာပါတယ်။
ရိုးရာဆေးနည်း ဆိုတာ
ရိုးရာဆေးနည်း တွေနဲ့ ပတ်သက်လို့ တိကျတဲ့ သတ်မှတ်ချက်မရှိပါဘူး။ လက်ရှိမှာ သိပ္ပံနည်းကျလေ့လာထားတဲ့ ကုသနည်း (တစ်နည်းအားဖြင့် အနောက်တိုင်း ဆေးနည်း)တွေကို အစားထိုးပြီး ဒါမှမဟုတ် ပူးတွဲပြီး သုံးတဲ့နည်းတွေကို ရိုးရာဆေးနည်းတွေလို့ပဲ အကြမ်းဖျင်း သတ်မှတ်နိုင်ပါတယ်။
လူကြိုက်များတဲ့ ရိုးရာဆေးနည်းများ
ရိုးရာဆေးနည်း က အမျိုးအစားတွေလည်း အများကြီး ရှိပါတယ်။ လူကြိုက်များပြီး အသုံးများတဲ့ ဆေးနည်းတွေကတော့
- တိုင်းရင်းဆေးတွေ
ဟိုးရှေးခေတ်တည်းက သုံးလာခဲ့တဲ့ နည်းတွေပါ။ အပ်စိုက်ကု၊ အာယုဗေဒ၊ တရုတ်တိုင်းရင်းဆေး၊ အိန္ဒိယတိုင်းရင်းဆေး၊ မြန်မာတိုင်းရင်းဆေး စသဖြင့် အမျိုးမျိုး ရှိပါတယ်။
- ခန္ဓာကိုယ်ကို ထိပြီး ကုသတဲ့ နည်းတွေ
အထိအတွေ့က ရောဂါဝေဒနာတွေကို သက်သာစေတယ်လို့ ရှေးတုန်းတည်းက ယုံကြည်ထားကြပါတယ်။ ခန္ဓာကိုယ်တစ်နေရာကို ထိတွေ့လိုက်တာက နောက်တစ်နေရာက ရောဂါဝေဒနာတွေကို သက်သာစေတယ်လို့ ယုံကြည်ကြပါတယ်။လက်ညိုးနဲ့ လက်မကြားကို နှိပ်ပေးရင် ခေါင်းကိုက်သက်သာစေတယ်ဆိုတာမျိုးပါ။
ဒီနည်းလမ်းတွေက ထိသိမှုရယ် စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှုရယ်ကို ပေါင်းပြီး ကုသတဲ့သဘောပါ။ ဥပမာ ပေးရရင် အကြောအဆစ်တွေ ပြုပြင်တဲ့ ကုထုံး၊ နှိပ်နယ်တာ၊ ထိုက်ချိ၊ ယောဂ စတာတွေပဲ ဖြစ်ပါတယ်။
- ဆေးဖက်ဝင်အပင်များ
ရှေးခေတ်ဆေးကျမ်းတွေ အကုန်လုံးက သဘာဝဆေးဖက်ဝင် အပင်တွေကို အခြေပြုထားတာပါ။ ဒါ့ပြင် စားသောက်တဲ့ ပုံစံကို ပြုပြင်ပြီး ကုသတာမျိုးလည်း ရှိပါတယ်။ ခန္ဓာကိုယ်မှာ လိုအပ်နေတဲ့ ဓာတ်တွေ၊ အာဟာရတွေကို ဖြည့်ပြီး ကုသပေးတာမျိုးပါ။ ဥပမာ ပြောရရင် ဖြည့်စွက်အာဟာရတွေ၊ သဘာဝအပင်တွေကနေ လုပ်ထားတဲ့ ဆေးဝါးတွေ၊ အထူးပြုထားတဲ့ အစားအစာတွေ ပါဝင်ပါတယ်။
- ပြင်ပစွမ်းအား
မမြင်ရတဲ့ ပြင်ပစွမ်းအားတွေ၊ အရာဝတ္ထုတွေဆီက စွမ်းအားတွေက ကျန်းမာရေးကို သက်ရောက်တယ်လို့ ယုံကြည်ကြသူတွေ ရှိပါတယ်။ သူတို့ကို ကုသပေးတဲ့ နည်းပါ။ ဥပမာ ယင်နဲ့ ယန်၊ သံလိုက်ကုထုံး၊ Reiki စတာတွေပဲ ဖြစ်ပါတယ်။
- စိတ်ကုထုံး
ခုနောက်ပိုင်း အနောက်တိုင်း ဆေးပညာမှာတောင် စိတ်နဲ့ ကိုယ်နဲ့ ဆက်စပ်နေတာဖြစ်တဲ့အတွက် စိတ်ကုထုံးတွေရဲ့ အရေးပါပုံကို အသိအမှတ်ပြုလာကြပါပြီ။ စိတ်ကျန်းမာနေတဲ့ သူတစ်ယောက်က ရုပ်ပိုင်းဆိုင်ရာရောဂါတွေကို ပိုပြိး လွယ်လွယ်ကူကူ ကုသလို့ရပါတယ်။ အဖြစ်များတဲ့ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါတို့က စိတ်ဖိစီးရင် ပိုဆိုးတယ်ဆိုတာမျိုးပါ။
ဒါကြောင့် စိတ်ကုထုံးတွေ ဖြစ်တဲ့ တရားထိုင်တာတွေ၊ အိပ်မွေ့ချကုသတာတွေက ခေတ်စားလာပါတယ်။
- အာရုံခံကုထုံး
အာရုံငါးပါးဖြစ်တဲ့ ထိတွေ့တာ၊ ကြားတာ၊ မြင်တာ၊ အနံ့၊ အရသာ စတာတွေက တစ်ကိုယ်ရည် ကျန်းမာရေးကို သက်ရောက်မှု ရှိပါတယ်။ ဒီအာရုံတွေက ပူးပေါင်းဆောင်ရွက်နိုင်ခြင်းက ကျန်းမာရေးကို တိုးတက်စေပါတယ်။
ဥပမာ တခြားနိုင်ငံတွေမှာ လူကြီးတွေကို သူငယ်ပြန်တာမျိုး မဖြစ်အောင် အဖွဲ့လိုက် ကစေပါတယ်။ ပန်းချီဆွဲတာ၊ သီချင်းဆိုသင်တာ လုပ်စေပါတယ်။ မျက်လုံးလေး မှိတ်ပြီး ပျော်ရွှင်စရာကောင်းတဲ့ သာယာတဲ့နေရာလေးတွေကို စိတ်ကူးယဉ်ခိုင်းတာ စတာတွေ ပါဝင်ပါတယ်။
ရိုးရာဆေးနည်း တွေနဲ့ ကုသတဲ့အခါ ဘာတွေကို သတိထားသင့်လဲ။
ရိုးရာဆေးနည်း တွေနဲ့ ကုသတဲ့အခါ အဆင်ပြေတဲ့သူရှိသလို မပြေတဲ့သူလည်း ရှိပါတယ်။ ကိုယ်က ရိုးရာဆေးနည်းတွေနဲ့ ကုသမှု ခံယူမယ်ဆိုရင် အောက်ပါအချက်တွေကို ပြင်ဆင်သွားသင့်ပါတယ်။
- ကိုယ်ကုသမယ့် နည်းလမ်းအကြောင်းကို လေ့လာပါ။ စာဖတ်ပါ။ အင်တာနက်ကနေ ရှာပါ။ များများသိလေလေ ကိုယ်နဲ့ အဆင်ပြေမပြေ ဆုံးဖြတ်နိုင်လေပါ။
- ကုပေးမယ့်သူက ကျွမ်းကျင်သူလား၊ အသိအမှတ်ပြု လိုင်စင်ရပြီးသားသူလားဆိုတာ မေးမြန်းပါ။
- ဘယ်လောက်ကုန်ကျမှာလဲ။
- ဘယ်လောက်ကြာကြာ ကုရမှာလဲ။
- ဘယ်လိုလူတွေ ကုသမှု မခံယူသင့်ဘူးလဲ။
- ဘေးထွက်ဆိုးကျိုး ဘာရှိလဲ။
- ကုသမှု မစခင် တစ်ခုခု ပြင်ဆင်ထားရမှာမျိုး ရှိလား။
ဒါတွေကို ကိုယ်ကုသမှု ခံမယ့်နေရာမှာ ကြိုမေးထားစေချင်ပါတယ်။ စိတ်ကျေနပ်ပြီဆိုမှ ကုသမှု စပြီး ခံယူပါ။
Takeaway
[embed-health-tool-bmi]