သွေးတိုးကြောင့်ဖြစ်သော နှလုံးရောဂါ (Hypertensive Heart Disease) ဆိုတာ သွေးပေါင်ချိန် မြင့်တက်လာပြီး နှလုံးကို ထိခိုက်စေတဲ့ပြဿနာ မှန်သမျှကို ဆိုလိုပါတယ်။ သွေးပေါင်ချိန် တက်နေချိန်မှာ နှလုံးဟာ ပိုမိုအားစိုက်ပြီး အလုပ်လုပ်ရပါတယ်။ နှလုံးကြွက်သားများ မာလာခြင်း၊ နှလုံးအမောဖောက်ခြင်း စတာတွေ ကြုံနိုင်ပါတယ်။
သွေးတိုးခြင်းကြောင့် နှလုံးထိခိုက်ပုံ
ယေဘုယျအားဖြင့် သွေးပေါင်ချိန် မြင့်တက်နေရင် နှလုံးသွေးကြောများနဲ့ နှလုံးကြွက်သားများကို ထိခိုက်လာနိုင်ပါတယ်။
- သွေးလွှတ်ကြောများကျဉ်းမြောင်းလာခြင်း
နှလုံးသွေးလွှတ်ကြောများဟာ သွေးတွေကို နှလုံးကြွက်သားတွေဆီ ရောက်အောင် ပို့ဆောင်ပေးပါတယ်။ သွေးပေါင်ချိန်မြင့်တက်လာရင် သွေးကြောတွေကျဉ်းမြောင်းလာပြီး နှလုံးကြွက်သားတွေဆီ သွေးရောက်တာနည်းလာပါလိမ့်မယ်။
ဒီအခြေအနေကို နှလုံးသွေးကြောရောဂါလို့ ခေါ်ဝေါ်ပါတယ်။ ဒီရောဂါဖြစ်ပွားရင် နှလုံးဟာ ပုံမှန်လုပ်ငန်းတွေ မလုပ်ဆောင်နိုင်တော့ဘဲ ကျန်တဲ့အင်္ဂါအစိတ်အပိုင်းတွေဆီကိုလည်း သွေးပို့ဆောင်တာ အားနည်းသွားပါတယ်။ ကျဉ်းမြောင်းသွားတဲ့ သွေးကြောတွေနေရာမှာ သွေးခဲပိတ်ဆို့ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ နှလုံးဆီသွေးရောက်တာ ရပ်တန့်သွားနိုင်ပါတယ်။
- နှလုံးကြွက်သားများ ကြီးမားလာခြင်း
သွေးတိုးခြင်းကြောင့် နှလုံးကနေ သွေးကို ညှစ်ထုတ်နိုင်စွမ်း လျော့ကျသွားပါတယ်။ ဒါကြောင့် နှလုံးကြွက်သားတွေဟာ ပိုမိုအားစိုက်ထုတ်လာရပါတယ်။ ဒါကြောင့် ကြွက်သားများဟာ ထူထဲပြီး ပုံမှန်ထက်ကြီးထွားလာပါတယ်။ နှလုံးရဲ့အခန်းတွေကိုပါ ထိခိုက်လာပါတယ်။ အထူးသဖြင့် တစ်ကိုယ်လုံးဆီကို သွေးပို့ဆောင်ပေးရတဲ့ ဘယ်ဘက်နှလုံးသွေးလွှတ်ခန်းဟာ ပုံမှန်ထက် ထူထဲလာပါတယ်။
နှလုံးသွေးလွှတ်ကြောများ ကျဉ်းမြောင်းခြင်း၊ နှလုံးကြွက်သားများ ကြီးမားထူထဲလာခြင်းကြောင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲပြဿနာတွေကတော့
– နှလုံးအမောဖောက်ခြင်း။ ကိုယ်ခန္ဓာအနှံ့ကို သွေးပို့ဆောင်နိုင်ခြင်းမရှိတော့ပါဘူး။
– နှလုံးခုန်မမှန်ခြင်း။ နှလုံးခုန်တဲ့ စည်းချက်ဟာ ပုံမှန်မရှိတော့ပါဘူး။
– နှလုံးဆီသွေးမရောက်ခြင်း။ နှလုံးကြွက်သားများလိုအပ်တဲ့ အောက်ဆီဂျင်ကို မရနိုင်တော့ပါဘူး။
– နှလုံးထိခိုက်ခြင်း (heart attack)။ နှလုံးဆီသွေးမရောက်တဲ့အခါ နှလုံးကြွက်သားများ ပုပ်ဆွေးသွားနိုင်ပါတယ်။
– ရုတ်တရက်နှလုံးခုန်ရပ်တန့်ခြင်း
– လေဖြတ်ခြင်း စတာတွေ ဖြစ်ပါတယ်။
- သွေးတိုးကြောင့်ဖြစ်သော နှလုံးရောဂါဟာ ဘယ်သူတွေတွေမှာ အဖြစ်များသလဲ
အဓိကအားဖြင့် သွေးပေါင်ချိန်မြင့်တက်တတ်သူတွေမှာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ အထူးသဖြင့်
– ကိုယ်အလေးချိန်များသူ၊ အဝလွန်သူများ
– လေ့ကျင့်ခန်း မလုပ်သူများ
– ဆေးလိပ်သောက်သူများ
– အဆီနဲ့ကိုလက်စထရော စားသုံးမှုများသူများမှာ အဖြစ်များပါတယ်။
မိသားစုတွင်းမှာ ဖြစ်ဖူးသူရှိရင်လည်း ဖြစ်နိုင်ခြေ ရှိပါတယ်။ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ဖြစ်နိုင်ခြေ ပိုများတယ်လို့လည်း သိရပါတယ်။ အမျိုးသမီးများ သွေးဆုံးသွားပြီးရင်တော့ ဖြစ်နိုင်ခြေ ပိုမြင့်တတ်ပါတယ်။ အသက်အရွယ်ကြီးလာရင်လည်း အမျိုးသမီးရော အမျိုးသားပါ ဖြစ်နိုင်ခြေပိုများလာတတ်ပါတယ်။
ဘာလက္ခဏာတွေ တွေ့နိုင်သလဲ
ရောဂါလက္ခဏာဟာ နှလုံးရောဂါ ဘယ်အခြေအနေအထိ ဆိုးရွားနေသလဲဆိုတာအပေါ် မူတည်ပါတယ်။ တွေ့ရများတဲ့ လက္ခဏာတွေကတော့
– ရင်ဘတ်အောင့်ခြင်း၊ ရင်ဘတ်အတွင်း တင်းကြပ်နေခြင်း
– အသက်ရှူမဝခြင်း
– မောပန်းနွမ်းနယ်ခြင်း
– လည်ပင်း၊ နောက်ကျော၊ လက်မောင်းနှင့် ပခုံးသားများအောင့်ခြင်း
– ချောင်းဆက်တိုက်ဆိုးခြင်း
– အစားပျက်ခြင်း
– ခြေထောက်၊ ခြေကျင်းဝတ်များ ဖောရောင်ခြင်း စတာတွေ ဖြစ်ပါတယ်။
ဘယ်လိုကာကွယ်ကုသမလဲ
သွေးတိုးခြင်းကြောင့်ဖြစ်ပွားတဲ့အတွက် သွေးပေါင်ချိန် ပုံမှန်ဖြစ်အောင် နေထိုင်စားသောက်ရပါမယ်။ အဆီဓာတ်နဲ့ ကိုလက်စထရောနည်းအောင် စားသောက်ရပါမယ်။ ကိုယ်အလေးချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းသိမ်းခြင်း၊ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း စတာတွေဟာ အရေးပါပါတယ်။ အိပ်ရေးဝအောင်အိပ်စက်ဖို့၊ စိတ်ဖိစီးမှုတွေကို လျှော့ချဖို့လည်း လိုအပ်ပါတယ်။
သွေးတိုးရောဂါအခံရှိရင် ဆရာဝန်နဲ့ ပုံမှန်ပြသသင့်ပါတယ်။ နှလုံးကိုထိခိုက်တဲ့ လက္ခဏာတွေ တွေ့လာရရင် အရေးပေါ် ဆေးဝါးကုသမှု ခံယူရပါမယ်။ သွေးတိုးကြောင့်ဖြစ်သော နှလုံးရောဂါ (Hypertensive Heart Disease)ဆိုတာ သွေးပေါင်ချိန်မြင့်ပြီး နှလုံးကိုထိခိုက်စေတာကြောင့် သေချာ ဂရုစိုက်ပေးပါ။
[embed-health-tool-heart-rate]