backup og meta

နှလုံးသွေးလွှတ်ကြော အစားထိုးခွဲစိတ်ကုသခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Ye Mhan Linn မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နှလုံးသွေးလွှတ်ကြော အစားထိုးခွဲစိတ်ကုသခြင်း

    အဓိပ္ပါယ်ဖွင့်ဆိုချက်

    ၁။ နှလုံးသွေးလွှတ်ကြော အစားထိုးခွဲစိတ်ကုသခြင်း (CABG surgery) ဆိုတာ ဘာလဲ

    နှလုံးသွေးလွှတ်ကြော အစားထိုးခွဲစိတ်ကုသခြင်း (CABG surgery) ဆိုတာ နှလုံးသွေးကြောကျဉ်းရောဂါ (CAD) ကုသရာမှာအသုံးပြုတဲ့ ခွဲစိတ်ကုထုံးတစ်မျိုး ဖြစ်ပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါ (CAD) ဆိုတာကတော့ နှလုံးကြွက်သားတွေကို အောက်ဆီဂျင်နဲ့အာဟာရ ပံ့ပိုးပေးနေတဲ့ သွေးလွှတ်ကြောတွေ ကျဉ်းမြောင်းတဲ့ရောဂါဖြစ်ပါတယ်။ တနည်းအားဖြင့် နှလုံးသွေးလွှတ်ကြောနံရံတွေထဲ အဆီတွေစုပုံပြီး သွေးကြောကျဉ်းမြောင်းလာရာကနေ နှလုံးကြွက်သားတွေဆီ အောက်ဆီဂျင်သယ်ဆောင်တဲ့သွေး လုံလုံလောက်လောက် မရောက်ရှိနိုင်ခြင်းကို ဆိုလိုတာဖြစ်ပါတယ်။

    ၂။ နှလုံးသွေးလွှတ်ကြော အစားထိုးခွဲစိတ်ကုသခြင်း (CABG surgery) ပြုလုပ်ရတဲ့ရည်ရွယ်ချက်က ဘာလဲ

    • ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူမဝခြင်း စသည့် နှလုံးသွေးကြောကျဉ်းရောဂါ လက္ခဏာများ သက်သာစေရန်
    • ပုံမှန်လူနေမှုဘ၀ ပြန်လည်ရရှိပြီး နေ့စဉ်လုပ်ငန်းဆောင်တာများကို ပုံမှန်အတိုင်း ပြန်လည်လုပ်ကိုင်ဆောင်ရွက်နိုင်စေရန်
    • နှလုံးထိခိုက်ခြင်းနှင့် အခြားနှလုံးဝေဒနာများ ဖြစ်လာနိုင်ချေကို လျော့ချပေးရန်

    နှလုံးသွေးလွှတ်ကြော အစားထိုးခွဲစိတ်ကုသမှုခံယူရန် လိုအပ်သည့်လူနာများ

    ၁။ နှလုံးသွေးလွှတ်ကြော အစားထိုးခွဲစိတ်ကုသမှုခံယူရမယ့် အခြေအနေတွေက ဘာတွေလဲ

    ပြင်းထန်တဲ့ နှလုံးသွေးကြောကျဉ်းရောဂါကြောင့် နှလုံးထိခိုက်နိုင်ချေရှိတဲ့ လူနာတွေကို နှလုံးသွေးလွှတ်ကြော အစားထိုးကုသဖို့ လိုအပ်ပါတယ်။ နှလုံးထိခိုက်ချိန် (heart attack ရနေချိန်)နဲ့ ထိခိုက်ပြီးအချိန်တွေမှာလည်း ဒီကုထုံးကိုအသုံးပြုပြီး ပိတ်ဆို့သွားတဲ့ သွေးလွှတ်ကြောတွေကို ပြန်လည်ပြုပြင်ဖို့ လိုအပ်နိုင်ပါတယ်။

    အကယ်၍ လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ ဆေးဝါးကုထုံးတွေက သင့်ရောဂါသက်သာအောင် ကူညီမပေးနိုင်ရင် ဒါမှမဟုတ် အဓိကနှလုံးသွေးကြောကြီးတွေပိတ်ဆို့ပြီး နှလုံးညှစ်အား သိသိသာသာကျဆင်းလာခဲ့ရင် နှလုံးသွေးလွှတ်ကြော အစားထိုးကုသဖို့ သင့်ဆရာဝန်က အကြံပြုနိုင်ပါတယ်။

    ဒါ့အပြင် နှလုံးသွေးကြောပိတ်ဆို့မှုကို PCI ခေါ် ပေါင် သို့မဟုတ် လက်မောင်းကတဆင့် ကိရိယာတစ်ခုထည့်ပြီး သွေးကြောချဲ့တဲ့နည်းလမ်းနဲ့ ကုသလို့မအောင်မြင်ခဲ့ရင် နှလုံးသွေးလွှတ်ကြော အစားထိုးကုသဖို့ လိုအပ်နိုင်ပါတယ်။

    ၂။ ဘယ်လိုလူနာတွေက နှလုံးသွေးလွှတ်ကြော အစားထိုးခွဲစိတ်ကုသမှု (CABG surgery) ခံယူဖို့ သင့်တော်သလဲ

    သင့်ဆရာဝန်က အောက်ဖော်ပြပါ အကြောင်းအချက်တွေအပေါ် မူတည်ပြီး CABG surgery ခံယူဖို့သင့်မသင့် ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။

    • နှလုံးသွေးကြောကျဉ်းရောဂါ ပြင်းထန်မှုအခြေအနေ
    • နှလုံးသွေးကြောပိတ်ဆို့သည့် နေရာနှင့်အတိုင်းအတာ
    • အခြားကုထုံးများအပေါ် တုန့်ပြန်မှု
    • သင့်ဘဝအရည်အသွေး
    • အခြားကျန်းမာရေးပြဿနာများ

    ကုန်ကျစရိတ်

    အမေရိကန်ပြည်ထောင်စုမှာ ကျန်းမာရေးအာမခံ မထားတဲ့လူတစ်ယောက် CABG surgery ပြုလုပ်မယ်ဆိုရင် ပုံမှန်အားဖြင့် ဒေါ်လာ ၇သောင်းကနေ ၂သိန်းအထိ ကုန်ကျနိုင်ပါတယ်။ ဆေးရုံဆေးခန်းအလိုက် ကုသစရိတ်ကွဲပြားနိုင်ပေမယ့် နောက်ဆက်တွဲပြဿနာမရှိရင် ဒေါ်လာ ၇သောင်းဝန်းကျင်သာ ကုန်ကျမှာဖြစ်ပြီး နောက်ဆက်တွဲပြဿနာ ရှိခဲ့ရင်တော့ ဒေါ်လာ ၂သိန်းဝန်းကျင် ကုန်ကျမှာဖြစ်ပါတယ်။ ခွဲစိတ်မှုခံယူတဲ့ လူနာအားလုံး ထိခိုက်မှုတစ်စုံတစ်ရာမရှိဘဲ လှုပ်ရှားသွားလာနိုင်ဖို့၊ ခွဲစိတ်မှုကနေ ပြန်လည်နလံထလာအောင် လေ့ကျင့်ခန်းလုပ်ဖို့ ကာယကုထုံးပညာရှင်နဲ့ အနည်းဆုံး ၁ကြိမ် တွေ့ဆုံဖို့လိုအပ်ပြီး တစ်ကြိမ်လျှင် ကုသစရိတ် ဒေါ်လာ ၅၀ကနေ ၃၅၀အထိ ကုန်ကျနိုင်ပါတယ်။

    ခွဲစိတ်မှုခံယူပြီးတဲ့အခါ သွေးမခဲအောင်ကာကွယ်ဖို့ သွေးကျဲဆေး (ဥပမာ warfarin, Plavix)၊ နှလုံးခုန်မမြန်စေဖို့ beta blocker အုပ်စုဝင်ဆေးဝါး၊ သွေးတွင်းကိုလက်စထရောဓါတ် ကျဆင်းစေဖို့ statin အုပ်စုဝင်ဆေးဝါးနဲ့ သွေးဖိအားပုံမှန်ဖြစ်ပြီး နှလုံးညှစ်အားမကောင်းတဲ့ပြဿနာကို ထိန်းချုပ်နိုင်ဖို့ ACE inhibitor အုပ်စုဝင်ဆေးဝါးတွေ သောက်သုံးရမှာဖြစ်ပါတယ်။ ဒီဆေးဝါးတွေကို Drugstore.com ကနေ ဝယ်ယူမယ်ဆိုရင် သီးသန့် warfarin (အမှတ်တံဆိပ်မပါတဲ့ warfarin) တစ်လစာအတွက် ၁၅ ဒေါ်လာကနေ ၂၅ ဒေါ်လာ၊ အမှတ်တံဆိပ်ပါ warfarin (ဥပမာ Coumadin) တစ်လစာအတွက် ဒေါ်လာ ၅၀ ကနေ ဒေါ်လာ ၇၀၊ Plavix တစ်လစာအတွက် ဒေါ်လာ ၂၀၀ ဝန်းကျင် ကုန်ကျနိုင်ပါတယ်။ ဒါ့အပြင် Beta-blocker အုပ်စုနဲ့ Statin အုပ်စု နှစ်မျိုးပေါင်းစာအတွက် ဆေးအမျိုးအစားပေါ်မူတည်ပြီး တစ်လကို ၁၀ ဒေါ်လာကနေ ဒေါ်လာ ၂၀၀ အထိ၊ ACE inhibitor အုပ်စုဝင်ဆေးဝါးတွေအတွက် တစ်လကို ၁၀ ဒေါ်လာကနေ ဒေါ်လာ ၁၀၀ အထိ ကုန်ကျနိုင်ပါတယ်။

    ပြင်ဆင်ခြင်း

    ၁။ နှလုံးသွေးလွှတ်ကြော အစားထိုးခွဲစိတ်ကုသမှု (CABG surgery) မခံယူခင် ဘာတွေပြင်ဆင်ထားသင့်သလဲ

    CABG surgery မပြုလုပ်ခင် သွေးစစ်ဆေးမှု၊ ECG၊ Echocardiography၊ ရင်ဘတ်ဓါတ်မှန်၊ နှလုံးသွေးကြောထဲ ပြွန်ငယ်တစ်ချောင်းထည့်ပြီး သွေးကြောပိတ်ဆို့မှု အခြေအနေကို ပုံဖော်စစ်ဆေးခြင်း စတဲ့ စစ်ဆေးမှုတွေ ပြုလုပ်ဖို့ လိုအပ်နိုင်ပါတယ်။

    ခွဲစိတ်မှုမခံယူခင် ဘာတွေပြင်ဆင်ထားရမလဲဆိုတာနဲ့ ပတ်သက်ပြီး သင့်ဆရာဝန်က အသေးစိတ်ညွှန်ကြားပါလိ့်မယ်။ ဒီလိုညွှန်ကြားတဲ့နေရာမှာ သင်နဲ့တည့်တဲ့ အစားအသောက်၊ သောက်သုံးရမယ့်ဆေးဝါး၊ ရှောင်ကြဉ်ရမယ့်အပြုအမူ (ဥပမာ ဆေးလိပ်သောက်ခြင်း) စတာတွေကို တစ်ခုချင်းပြောပြသွားမှာ ဖြစ်ပါတယ်။ သင့်အခြေအနေပေါ်မူတည်ပြီး ခွဲစိတ်မယ့်နေ့ရောက်မှ ဆေးရုံတက်ရနိုင်သလို ခွဲစိတ်မယ့်နေ့ မတိုင်ခင်ကတည်းက ဆေးရုံကြိုတက်ရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

    နှလုံးသွေးကြောပိတ်ဆို့မှုပြင်းထန်တဲ့ လူနာတွေကိုတော့ ချက်ချင်းဆေးရုံတင်မှာဖြစ်ပြီး လူနာအခြေအနေအရ အဲဒီနေ့ ဒါမှမဟုတ် နောက်တစ်နေ့မှာ ခွဲစိတ်ကုသပေးမှာ ဖြစ်ပါတယ်။

    ၂။ နှလုံးသွေးလွှတ်ကြော အစားထိုးခွဲစိတ်ကုသမှု (CABG surgery) ခံယူပြီး လိုက်နာရမယ့် ဆောင်ရန်ရှောင်ရန်တွေက ဘာတွေလဲ

    ဆေးရုံကဆင်းလို့ အိမ်ပြန်ရောက်တဲ့အခါ ခွဲစိတ်ထားတဲ့ နေရာတဝိုက်ကို သန့်ရှင်းခြောက်သွေ့အောင်ထားဖို့ အလွန်အရေးကြီးပါတယ်။ ရေချိုးရမယ့် နည်းစနစ်တွေကို သင့်ဆရာဝန်က ပြောပြပေးမှာဖြစ်ပြီး ချုပ်ရိုးမဖြည်ခင် ဆေးရုံဆင်းလာတယ်ဆိုရင်တော့ follow-up ပြန်ပြတဲ့အခါ ချုပ်ရိုးဖြည်ပေးမှာ ဖြစ်ပါတယ်။

    ရောဂါပြန်လည်သက်သာနေတဲ့ ကာလတလျှောက် ဆရာဝန်ခွင့်မပြုဘဲ ယာဉ်မမောင်းသင့်သလို အခြားကန့်သတ်ထားတဲ့ လှုပ်ရှားမှုတွေကိုလည်း အချိန်အတိုင်းအတာတစ်ခုအထိ ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။

    ခွဲစိတ်မှုအပြီး အောက်ဖော်ပြပါ လက္ခဏာတစ်ခုခု ပေါ်လာခဲ့ရင် သင့်ဆရာဝန်ကို အမြန်ဆုံးအသိပေးပါ။

    • ဖျားနာခြင်း (ကိုယ်အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ် နှင့်အထက်)၊ ချမ်းတုန်ခြင်း
    • ခွဲကြောင်းနေရာမှ နီရဲခြင်း၊ ရောင်ရမ်းခြင်း၊ သွေးထွက်ခြင်း၊ အရည်စိမ့်ထွက်ခြင်း
    • ခွဲကြောင်းနေရာတဝိုက် နာကျင်မှုဝေဒနာ ပိုပိုဆိုးလာခြင်း
    • အသက်ရှူရခက်ခြင်း
    • သွေးခုန်နှုန်းမြန်ခြင်း/ မူမမှန်ခြင်း
    • ခြေထောက်များ ဖောရောင်ခြင်း
    • ခြေလက်များ ထုံနေခြင်း
    • အချိန်ကြာကြာ ပျို့နေ အန်နေခြင်း

    သင့်အခြေအနေပေါ်မူတည်ပြီး အခြား လိုက်နာသင့်တဲ့ ဆောင်ရန်ရှောင်ရန် အချက်တွေကိုလည်း သင့်ဆရာဝန်က အလျင်းသင့်သလို ညွှန်ကြားနိုင်ပါတယ်။

    ခွဲစိတ်ပုံအဆင့်ဆင့်

    ၁။ နှလုံးသွေးလွှတ်ကြော အစားထိုးခွဲစိတ်ကုသမှု (CABG surgery) တစ်ခုက ဘယ်လောက်ကြာမြင့်နိုင်သလဲ

    လမ်းကြောင်းဖွင့်ပေးရတဲ့ သွေးလွှတ်ကြောအရေအတွက်ပေါ် မူတည်ပြီး သမားရိုးကျ CABG surgery တစ်ခုဟာ အနည်းဆုံး ၃နာရီကနေ ၆နာရီအထိ ကြာမြင့်နိုင်ပါတယ်။

    ၂။ နှလုံးသွေးလွှတ်ကြော အစားထိုးခွဲစိတ်ကုသမှု (CABG surgery) ပြုလုပ်တဲ့နေရာမှာ ဘယ်လိုအဆင့်တွေ ပါဝင်သလဲ

    CABG surgery တစ်ခုမှာ နှလုံးခွဲစိတ်အထူးကုဆရာဝန်၊ မေ့ဆေးဆရာဝန်၊ နှလုံး-အဆုတ် အစားထိုးစက်ကရိယာ ကျွမ်းကျင်သူပညာရှင်၊ အခြားခွဲစိတ်ဆရာဝန်တွေနဲ့ သူနာပြုတွေ အဖွဲ့လိုက် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

    CABG surgery အမျိုးအစားပေါင်းများစွာ ရှိတဲ့အနက် (၃)မျိုးအကြောင်းကို အောက်မှာ အသေးစိတ်ဖော်ပြထားပါတယ်။

    သမားရိုးကျ CABG Surgery

    ခွဲစိတ်မှုမစခင် သင့်ကို မေ့ဆေးဆရာဝန်က မေ့ဆေးပေးမှာဖြစ်ပါတယ်။ မေ့ဆေးပေးရတဲ့ ရည်ရွယ်ချက်ကတော့ ခွဲစိတ်နေစဉ်အတောအတွင်း လူနာ သတိရှိမနေဖို့နဲ့ ခံစားမှုမရှိစေဖို့ပါပဲ။

    ခွဲစိတ်မှု အစ-အလယ်-အဆုံး သင့်နှလုံးခုန်နှုန်း၊ သွေးဖိအား၊ အောက်ဆီဂျင်ရရှိမှုနဲ့ အသက်ရှူမှုတွေကို မေ့ဆေးဆရာဝန်ကပဲ စောင့်ကြည့်စစ်ဆေးသွားမှာ ဖြစ်ပါတယ်။ သင့်လည်ချောင်းကနေတဆင့် အဆုတ်ထဲကို အသက်ရှူပြွန်တစ်ချောင်း ထည့်ပေးထားပြီး အဲဒီအသက်ရှူပြွန်ကို အသက်ရှူစက်နဲ့ ချိတ်ဆက်ထားမှာပါ။

    မေ့ဆေးပေးပြီးတဲ့အခါ ခွဲစိတ်ဆရာဝန်က သင့်ရင်ဘတ်ပေါ် ခွဲကြောင်းပေးလိုက်ပြီး နှလုံးဆီရောက်တဲ့အထိ နံရိုးတွေကို ဖြတ်ဖွင့်လိုက်မှာဖြစ်ပါတယ်။

    ဒီအဆင့်ရောက်လာရင် ခွဲစိတ်မှုဆက်လုပ်နိုင်ဖို့ နှလုံးခုန်ရပ်တန့်အောင် ဆေးပေးလိုက်မှာပါ။ တစ်ချိန်ထဲမှာပဲ နှလုံးမခုန်တော့ပေမယ့် ၎င်းရဲ့ ပုံမှန်လုပ်ငန်းဆောင်တာတွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့ အခြားဆေးဝါးတွေလည်း ပေးထားဦးမှာပါ။

    ခွဲစိတ်နေစဉ်အတောအတွင်း အောက်ဆီဂျင် သယ်ဆောင်လာတဲ့သွေးကို ခန္ဓါကိုယ်အနှံ့ ပို့ဆောင်ပေးဖို့ကိုတော့ နှလုံး-အဆုတ် အစားထိုး စက်ကိရိယာက တာဝန်ယူမှာဖြစ်ပါတယ်။

    ပိတ်ဆို့နေတဲ့ သွေးလွှတ်ကြောတွေကို ပြန်လည်ပြုပြင်တဲ့နေရာမှာ သင့်ခန္ဓါကိုယ် တစ်နေရာရာက (ဥပမာ ရင်ဘတ် သို့မဟုတ် ခြေထောက်က) သွေးလွှတ်ကြော ဒါမှမဟုတ် သွေးပြန်ကြောတစ်ခုခုကို အစားထိုးအသုံးပြုမှာဖြစ်ပါတယ်။ လမ်းကြောင်းဖွင့်ရမယ့် သွေးကြောများနေခဲ့ရင် သွေးလွှတ်ကြောနဲ့ သွေးပြန်ကြော နှစ်မျိုးစလုံး အသုံးပြုရတတ်ပါတယ်။

    သွေးလွှတ်ကြောဖြင့် အစားထိုးခြင်း

    သွေးပြန်ကြောနဲ့ အစားထိုးတာထက်စာရင် သွေးလွှတ်ကြောနဲ့ အစားထိုးတာက နောက်တစ်ချိန်မှာ သွေးကြောပြန်လည်ပိတ်ဆို့နိုင်ချေ ပိုနည်းပါတယ်။ အများဆုံးအသုံးပြုလေ့ရှိတဲ့ သွေးလွှတ်ကြောကတော့ နှလုံးအနီးမှာတည်ရှိတဲ့ ဘယ်ဘက်ရင်အုံ အတွင်းသွေးလွှတ်ကြော (left internal mammary atery) ပဲ ဖြစ်ပါတယ်။ လက်မောင်းနဲ့ အခြားနေရာတွေက သွေးလွှတ်ကြောတွေကိုလည်း အသုံးပြုနိုင်ပါတယ်။

    သွေးပြန်ကြောဖြင့် အစားထိုးခြင်း

    CABG surgery မှာ သွေးပြန်ကြောအသုံးများပေမယ့် သွေးလွှတ်ကြောသုံးတာနဲ့ နှိုင်းယှဉ်ရင် ပြန်လည်ပိတ်ဆို့ဖို့ အလားအလာပိုများပါတယ်။ ပုံမှန်အသုံးပြုလေ့ရှိတဲ့ သွေးပြန်ကြောကတော့ ခြေထောက်အတွင်းပိုင်းက saphenouos သွေးပြန်ကြောပဲ ဖြစ်ပါတယ်။

    သွေးလွှတ်ကြောအစားထိုးပြီးတဲ့အခါ ခွဲစိတ်ဆရာဝန်က နှလုံးဆီ သွေးလှည့်ပတ်မှုပြန်လည်ရရှိအောင် ပြုလုပ်ပေးမှာပါ။ များသောအားဖြင့် သူ့အလိုလို နှလုံးပြန်ခုန်လာလေ့ရှိပေမယ့် တစ်ခါတစ်ရံမှာ အပျော့စားလျှပ်စစ်ရှော့ခ်တွေပေးဖို့ လိုအပ်နိုင်ပါတယ်။

    နှလုံးပြန်ခုန်လာရင် သင့်ကို နှလုံး-အဆုတ် အစားထိုးကိရိယာနဲ့ အဆက်အသွယ်ဖြတ်လိုက်ပြီး ရင်ဘတ်ထဲကအရည်တွေ အပြင်ထွက်လာနိုင်အောင် ပိုက်ထည့်ပေးမှာပါ။

    အဲဒီနောက် နံရိုးနဲ့ရင်ရိုးတွေကို ဝါယာနဲ့ပြန်လည်ချည်နှောင်ပြီး သင့်ခန္ဓါကိုယ်ထဲ အပြီးချန်ခဲ့မှာဖြစ်ပါတယ်။ အရိုးပြန်ဆက်သွားရင် ခွဲစိတ်မှုမလုပ်ခင် အခြေအနေအတိုင်း ပြန်လည်သန်မာသွားမှာဖြစ်တဲ့အတွက် စိတ်ပူစရာမလိုပါဘူး။

    နောက်ဆုံးအဆင့်မှာ အရေပြားကို ချုပ်ကြိုး ဒါမှမဟုတ် ချုပ်စက်နဲ့ ပြန်ပိတ်ပြီး ခွဲစိတ်မှုလုံးဝပြီးစီးလို့ သင့်ဘာသာ အသက်ရှူနိုင်တဲ့အခါ အသက်ရှူပြွန်ကို ပြန်ထုတ်ပေးမှာ ဖြစ်ပါတယ်။

    သမားရိုးကျမဟုတ်သည့် CABG surgery

    သမားရိုးကျမဟုတ်တဲ့ CABG surgery မှာ off-pump CABG နဲ့ အသေးစားခွဲကြောင်းဖြင့် နှလုံးသွေးလွှတ်ကြော အစားထိုးကုသခြင်းတို့ ပါဝင်ပါတယ်။

    Off-Pump CABG Surgery

    ဒီခွဲစိတ်ကုထုံးကို ဘယ်နှလုံးသွေးလွှတ်ကြောအတွက်မဆို အသုံးပြုနိုင်ပါတယ်။ Off-pump surgery လုပ်တဲ့အခါ သမားရိုးကျ CABG လိုပဲ နံရိုးနဲ့ရင်ရိုးတွေကို ဖွင့်ပစ်ရမှာဖြစ်ပါတယ်။

    ဒါပေမယ့် သမားရိုးကျ CABG နဲ့ မတူညီတဲ့အချက်က ဒီခွဲစိတ်မှုမှာ နှလုံး-အဆုတ် အစားထိုးစက်ကိရိယာ အသုံးပြုစရာမလိုဘဲ အခြားစက်ကိရိယာတစ်မျိုးနဲ့ နှလုံးကိုထိန်းချုပ်မှာ ဖြစ်ပါတယ်။

    Off-pump CABG ကို နှလုံးခုန်နေစဉ် သွေးကြောအစားထိုးကုသခြင်းလို့လည်း ခေါ်ဝေါ်ကြပါတယ်။

    အသေးစားခွဲကြောင်းဖြင့် နှလုံးသွေးလွှတ်ကြော အစားထိုးကုသခြင်း (MIDCAB)

    MIDCAB အမျိုအစား များစွာရှိပါတယ်။ သမားရိုးကျ ခွဲစိတ်ကုထုံးနဲ့ မတူညီတဲ့အချက်က နံရိုးနဲ့ရင်ရိုးတွေကိုဖွင့်ပြီး နှလုံးကို တိုက်ရိုက်ခွဲစိတ်ဖို့ မလိုတဲ့အပြင် နှလုံး-အဆုတ် အစားထိုးစက်ကိရိယာ အသုံးပြုဖို့လည်း မလိုပါဘူး။

    MIDCAB ပြုလုပ်ပုံအဆင့်ဆင့်

    MIDCAB ပြုလုပ်ရတဲ့ အဓိကရည်ရွယ်ချက်က နှလုံးအရှေ့ဘက်ခြမ်းမှာရှိတဲ့ သွေးကြောတွေကို လမ်းကြောင်းဖွင့်ပေးဖို့ဖြစ်ပါတယ်။ ဘယ်ဘက်ရင်အုံ၊ နံရိုးနှစ်ခုကြား၊ လမ်းကြောင်းဖွင့်ရမယ့် သွေးလွှတ်ကြောအပေါ်တည့်တည့်မှာ ခွဲကြောင်းအသေးလေးတွေပေးပြီး ဆက်လက်လုပ်ဆောင်ရတဲ့ နည်းစနစ်ဖြစ်ပါတယ်။

    ခွဲကြောင်းတစ်ခုစီဟာ ပုံမှန်အားဖြင့် အရှည် ၃လက်မခန့်သာ ရှိပါတယ်။ (သမားရိုးကျ CABG surgery မှာ ခွဲကြောင်းအရှည် ၆လက်မကနေ ၈လက်မအထိ ပေးဖို့လိုအပ်ပါတယ်။) အစားထိုးကုသမှုအတွက် အသုံးအများဆုံးသွေးလွှတ်ကြောက ဘယ်ဘက်ရင်အုံ အတွင်းသွေးလွှတ်ကြောဖြစ်ပြီး နှလုံး-အဆုတ် အစားထိုးစက်ကိရိယာ သုံးဖို့မလိုအပ်ပါဘူး။

    အပေါက်ငယ်များမှတဆင့် နှလုံးသွေးလွှတ်ကြော အစားထိုးကုသခြင်း

    ဒီနည်းစနစ်ကတော့ လူနာရဲ့ရင်ဘတ်မှာ အသေးစားခွဲကြောင်းတွေပေးပြီး ပိတ်ဆို့နေတဲ့ နှလုံးသွေးလွှတ်ကြောတွေကို အခြားသွေးလွှတ်ကြော ဒါမှမဟုတ် သွေးပြန်ကြောတွေနဲ့ အစားထိုးကုသတဲ့ နည်းစနစ်ဖြစ်ပါတယ်။ နှလုံး-အဆုတ် အစားထိုးစက်ကိရိယာ အသုံးပြုဖို့ လိုအပ်ပါတယ်။

    စက်ရုပ်အကူအညီဖြင့် နှလုံးသွေးလွှတ်ကြော အစားထိုးကုသခြင်း

    ဒီနည်းစနစ်ရဲ့အားသာချက်က ခွဲကြောင်းကြီးကြီး ပေးစရာမလိုဘဲ သော့ပေါက်အရွယ်အစားလောက်ရှိတဲ့ ခွဲကြောင်းလေးတွေနဲ့တင် သွေးကြောအစားထိုး ကုသနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ခွဲစိတ်ဆရာဝန်က ခွဲကြောင်းအပေါက်ထဲ ထည့်သွင်းထားတဲ့ ဗီဒီယိုကင်မရာကနေတဆင့် နှလုံးကို တိုက်ရိုက်ကြည့်ရှုနိုင်သလို remote နဲ့ထိန်းချုပ်တဲ့ ခွဲစိတ်ကိရိယာတွေအသုံးပြုပြီး သွေးကြောအစားထိုး ကုသသွားမှာ ဖြစ်ပါတယ်။ တစ်ခါတစ်ရံ နှလုံး-အဆုတ် အစားထိုးစက်ကိရိယာ အသုံးပြုဖို့ လိုအပ်နိုင်ပါတယ်။

    ၃။ ခွဲစိတ်မှုခံယူပြီး ဘာဆက်ဖြစ်နိုင်သလဲ

    ပုံမှန်အားဖြင့် ခွဲစိတ်မှုခံယူပြီးတဲ့အခါ အထူးကြပ်မတ်ကုသဆောင်(ICU)မှာ ၁ရက် သို့မဟုတ် ၂ရက် နေရမှာဖြစ်ပါတယ်။ ICU မှာရှိနေတဲ့ ကာလတစ်လျှောက် သင့်နှလုံးခုန်နှုန်း၊ သွေးဖိအားနဲ့ အောက်ဆီဂျင်ရရှိမှုတို့ကို ပုံမှန်စစ်ဆေးတိုင်းတာသွားမှာပါ။

    သင့်ရဲ့ လက်သွေးပြန်ကြောမှာထိုးထားတဲ့ ပိုက်ငယ်တစ်ခုကတဆင့် သွေးလှည့်ပတ်မှုအခြေအနေနဲ့ သွေးဖိအားကိုထိန်းညှိပေးမယ့်ဆေးဝါးတွေ ထိုးပေးမှာဖြစ်ပြီး အလွယ်တကူ ဆီးထွက်နိုင်အောင်၊ ရင်ဘတ်ထဲကအရည်တွေ အပြင်ထွက်နိုင်အောင် ဆီးပိုက်နဲ့ရင်ပိုက်တွေလည်း တပ်ပေးထားမှာဖြစ်ပါတယ်။

    ဒါ့အပြင် ICU မှာရှိနေသရွေ့ ကာလပတ်လုံး နှာခေါင်းပိုက် ဒါမှမဟုတ် mask ကတဆင့် အောက်ဆီဂျင်ပေးထားပြီး နှလုံးခုန်စည်းချက်မှန်အောင် ရင်ဘတ် သို့မဟုတ် ဗိုက်မှာ ယာယီနှလုံးခုန်စက် (temporary pacemaker) တပ်ပေးထားမှာပါ။

    ခွဲစိတ်ပြီးစအချိန်မှာ ခန္ဓါကိုယ်လှုပ်ရှားမှု သိပ်မလုပ်နိုင်တဲ့အတွက် ခြေထောက်မှာ သွေးခဲခြင်း၊ သွေးအိုင်ခြင်းမဖြစ်ရအောင် တင်းအားအနည်းငယ်ပေးနိုင်တဲ့ အသားကပ်ခြေအိတ် ဝတ်ထားဖို့ သင့်ဆရာဝန်က အကြံပြုနိုင်ပါတယ်။

    နောက်ထပ် သတိထားမိစရာ အချက်တစ်ချက်က ရင်ဘတ်ခွဲကြောင်းနေရာနဲ့ အစားထိုးအသုံးပြုဖို့ သွေးကြောယူထားတဲ့နေရာတွေကို ပတ်တီးစည်းလျက်သား တွေ့မြင်ရမှာပါ။

    ခွဲစိတ်မှုကြောင့် နောက်ဆက်တွဲပြဿနာ တစ်စုံတစ်ရာမရှိခဲ့ရင် ICU က ထွက်လာပြီး ၃ရက်ကနေ ၅ရက်အတွင်း အိမ်ပြန်ခွင့်ရမှာဖြစ်ပါတယ်။

    နောက်ဆက်တွဲပြဿနာများနှင့် ဘေးထွက်ဆိုးကျိုးများ

    ၁။ နှလုံးသွေးလွှတ်ကြော အစားထိုးခွဲစိတ်ကုသခြင်း (CABG surgery) ကြောင့် ဘယ်လိုနောက်ဆက်တွဲပြဿနာတွေ ဖြစ်လာနိုင်သလဲ

    CABG surgery ကြောင့် ဖြစ်လာနိုင်ချေရှိတဲ့ နောက်ဆက်တွဲပြဿနာတွေကတော့

    • ခွဲစိတ်နေစဉ်အချိန်နဲ့ ခွဲစိတ်ပြီးချိန်တို့မှာ သွေးထွက်များခြင်း
    • သွေးခဲဖြစ်ပေါ်မှုကြောင့် နှလုံးထိခိုက်ခြင်း၊ လေဖြတ်ခြင်း၊ အဆုတ်သွေးကြောပိတ်ခြင်း
    • ခွဲကြောင်းပိုးဝင်ခြင်း
    • နမိုးနီးယား အဆုတ်ယောင်ရောဂါရခြင်း
    • အသက်ရှူခြင်းဆိုင်ရာ ပြဿနာများ
    • မုန့်ချိုအိတ်ရောင်ရမ်းခြင်း
    • ကျောက်ကပ်အလုပ်မလုပ်နိုင်ခြင်း
    • နှလုံးခုန်စည်းချက်မမှန်ခြင်း
    • သွေးကြောပြန်ပိတ်ခြင်း
    • သေဆုံးခြင်း

    ၂။ နှလုံးသွေးလွှတ်ကြော အစားထိုးခွဲစိတ်ကုသခြင်း (CABG surgery) ကြောင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်သလဲ

    CABG surgery ကြောင့် ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

    • ခွဲကြောင်းအနာကျက်နေစဉ် နေရထိုင်ရခက်ခြင်း၊ ယားယံခြင်း
    • အစားထိုးအသုံးပြုရန် သွေးကြောဖယ်ရှားထားသည့်နေရာများ ရောင်ရမ်းခြင်း
    • ပခုံးကြွက်သား၊ နောက်ကျောကြွက်သားများ နာကျင်တောင့်တင်းခြင်း
    • ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်အတက်အကျမြန်ခြင်း၊ စိတ်ဓါတ်ကျခြင်း
    • ကောင်းကောင်းမအိပ်စက်နိုင်ခြင်း၊ အစာစားချင်စိတ်မရှိခြင်း
    • ဝမ်းချုပ်ခြင်း
    • ရင်ဘတ်ခွဲကြောင်းနေရာတဝိုက်တွင် နာကျင်ခြင်း (သမားရိုးကျ CABG surgery မှာ ပိုအဖြစ်များပါတယ်)

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Ye Mhan Linn မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement