backup og meta

စိတ်ဖိစီးလို့ သွေးတက် တာလား၊ သွေးတိုးလို့ သွေးတက်တာလား။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 09/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်ဖိစီးလို့ သွေးတက် တာလား၊ သွေးတိုးလို့ သွေးတက်တာလား။

    ဒီနှစ်ခုက ခဏခဏ မှားတတ်ပြီး တစ်ခုနဲ့ တစ်ခုကလည်း ဆက်စပ်နေတာမျိုး ရှိတော့ လူနာကို ရှင်းပြရ အတော်ခက်ပါတယ်။ စိတ်ဖိစီးတာကြောင့် နဂိုသွေးမတိုးတဲ့သူက သွေးတက် နိုင်သလို၊ သွေးတိုးလို့လည်း သွေးတက်နိုင်ပါတယ်။ ဒီနှစ်ခုဘာကွာသလဲ။ ဘယ်လိုကုသနိုင်သလဲဆိုတာ ပြောပြပေးပါ့မယ်။

    စိတ်ဖိစီးလို့ သွေးတက် တယ်ဆိုတာ

    အရင်က သွေးတိုးရှိကောင်း ရှိမယ် ဒါမှမဟုတ် သွေးတိုးမရှိတဲ့ လူတစ်ယောက်က စိတ်ဖိစီးတဲ့အခါ သွေးတက်တတ်ပါတယ်။ ဖြစ်ပုံက စိတ်ဖိစီးတဲ့အခါ ကိုယ်ထဲက ကော်တီစောလိုမျိုး သွေးတိုးစေတဲ့ ဟော်မုန်းတွေ ထွက်လာပါတယ်။ ဒီဟော်မုန်းတွေက သွေးကြောတွေကို ကျဉ်းစေတာကြောင့် သွေးဖိအားများလာပါတယ်။ သွေးတိုးရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဒီဟော်မုန်းတွေထွက်လာတဲ့အခါ သွေးတိုးပါတယ်။

    နောက်တစ်ခုက စိတ်ဖိစီးမှုက ခန္ဓာကိုယ်ရဲ့တစ်ခုလုံးကို ထိခိုက်နိုင်ပါတယ်။ ကြွက်သားတွေ တောင့်တင်းနေတာကြောင့် ဇက်ကြောတွေတက်၊ ခေါင်းတွေကိုက်ပါတယ်။ ဒီလိုနဲ့ လူနာက ခေါင်းတွေထိုးနေတယ်။ သွေးတိုးနေသလား မသိဘူးဆိုပြီး သွေးပေါင်ချိန်ကြည့်ပါတယ်။ ချိန်ကြည့်တော့လည်း တက်နေပါတယ်။

    တကယ်က စိတ်ဖိစီးတော့ ခေါင်းကိုက်တယ်၊ သွေးတိုးတယ်။ ဒါကြောင့် သွေးတိုးတယ်လို့ ထင်ရတာပါ။ တကယ်သွေးတိုးတာ မဟုတ်ပါဘူး။ ဘယ်မှာ သိသာလဲဆိုတော့ စိတ်တွေ တည်ငြိမ်သွားလို့ ပြန်ချိန်ကြည့်ရင် သွေးပေါင်ချိန်ပုံမှန်အတိုင်း ဖြစ်တာကို တွေ့ရမှာပါ။

    သွေးတိုးအခံရှိတဲ့သူက ပိုဆိုးပါတယ်။ သူတို့ စိတ်ဖိစီးရင်လည်း သွေးတက်ပါတယ်။ ပုံမှန် ၁၃၀၊ ၁၄၀ လောက်မှာ ထိန်းထားတဲ့သူတွေက စိတ်ဖိစီးလာတဲ့အခါ ၁၆၀၊ ၁၈၀လောက်ထိ  တက်လာပါတယ်။ ဒီလောက်ထိ တက်တော့ လူနာက လန့်၊ လန့်တော့ ပိုတိုးနဲ့ လုံးလည်ချာလည် လိုက်နေတတ်ပါတယ်။

    စိတ်ဖိစီးလို့ သွေးတက်ရင် ဒါတွေ မလုပ်ပါနဲ့။

    စိတ်ဖိစီးလို့ သွေးတိုးတာက ခဏတဖြုတ်ပါ။ စိတ်ငြိမ်သွားရင် ပုံမှန်ပြန်ဖြစ်သွားပါတယ်။ ဒါပေမယ့် နဂိုသွေးတိုးအခံမရှိတဲ့သူက သူ့ကိုယ်သူ သွေးတိုးတယ်ထင်ပြီး ဆေးတွေ ဝယ်သောက်ပါတယ်။ မလိုဘဲ ဆေးတွေသောက်တော့ အလဟဿဖြစ်ကုန်တာပေါ့။ ပြီးတော့ ဆေးမြီးတိုလေးတွေ သုံးပြီး သူ့ကိုယ်သူ သွေးတိုးပျောက်သွားပြီလို့ ထင်တတ်ပါတယ်။

    တကယ်က သွေးတိုးရှိမရှိကို တစ်ခါတည်း တိုင်းလို့မရပါဘူး။ ဒီလို စိတ်ဖိစီးတဲ့အချိန်မှာ တိုင်းတဲ့ သွေးပေါင်ချိန်က အတည်ယူလို့ မရဘူးလို့လည်း ဆေးပညာရှင်တွေက အတိအလင်း ပြောကြားထားပါတယ်။ သွေးတိုးသေချာရင် ဆေးတွေနဲ့ ထိန်းချုပ်ရမှာပါ။ အသက်ကြီးလို့ ဖြစ်တဲ့ သွေးတိုးရောဂါက ပျောက်သွားတယ်ဆိုတာ ရှားပါတယ်။

    နောက်တစ်ခုက သွေးတိုးအခံရှိတဲ့သူတွေပါ။ သူတို့ကလည်း စိတ်ဖိစီးလို့ သွေးတက်ရင် ၁၆၀၊ ၁၈၀ ထိ တက်တတ်တော့ လန့်ဖြန့်ပြီး ဆေးတွေ သောက်တတ်ကြပါတယ်။ ပုံမှန် သွေးတိုးကျဆေး တစ်နေ့ တစ်လုံး သောက်ခိုင်းရင် တစ်နေ့တည်း ၂လုံး၊ ၃လုံးတွေ သောက်မိတတ်ပါတယ်။ တကယ်က လူနာတွေ  အိမ်မှာသောက်တဲ့ သွေးကျဆေး၊ သွေးထိန်းဆေးတွေက သွေးဖိအားကို ဖြည်းဖြည်းချင်း ချပေးတာပါ။ ၂၄နာရီခံတဲ့ဆေး၊ ၁၂နာရီခံတဲ့ဆေး ရှိတဲ့အတွက် တစ်နေ့ကို ၁ကြိမ်၊ ၂ကြိမ်ပဲ သောက်ရတာပါ။

    ဒီလို သွေးကျဆေးတွေ စုပြုံသောက်ပစ်တဲ့အခါကျတော့ လတ်တလောမှာတော့ သွေးကမကျသွားပေမယ့် တကယ် ဆေးစွမ်းပြတဲ့အချိန်မှာ သွေးပေါင်တွေ ထိုးကျသွားတတ်ပါတယ်။ ဒီလိုဆိုရင် ဦးနှောက်နဲ့ ကျောက်ကပ် သွေးမရောက်ဘဲ ပျက်စီးတတ်တာကြောင့် ကောင်းကျိုးထက် ဆိုးကျိုးပဲ ပိုများကပါတယ်။ ဒါကြောင့် ဒီလိုအချိန်မျိုးမှာ သွေးကျဆေးတွေကို ထပ်ခါထပ်ခါသောက်တာ၊ သွေးမြန်မြန်ကျအောင်လုပ်တာကို ရှောင်သင့်ပါတယ်။

    စိတ်ဖိစီးလို့ သွေးတက် တာလား၊ သွေးတိုးလို့ သွေးတက်တာလား။

    စိတ်ဖိစီးလို့ သွေးတိုးတာ အန္တရာယ်ရှိသလား။

    သာမန်လူတွေမှာ စိတ်ဖိစီးလို့ ခဏလောက် သွေးတိုးတာက အန္တရာယ်မရှိလှပါဘူး။ ဒါပေမယ့် နေ့စဉ်ရက်ဆက် စိတ်ဖိစီးလို့ သွေးတွေ မတရားတိုးနေမယ်ဆိုရင်တော့ သွေးတိုးရောဂါလိုပဲ ဦးနှောက်၊ ကျောက်ကပ်နဲ့ နှလုံးထိခိုက်တတ်ပါတယ်။

    စိတ်ဖိစီးလို့ သွေးတိုးတာလား။ သွေးတက် လို့ သွေးတိုးတာလား။

    သာမန်အားဖြင့်တော့ ဒီနှစ်ခုက ခွဲရခက်ပါတယ်။ ဆရာဝန်နဲ့ သေချာစမ်းသပ်ပြီးမှပဲ သိနိုင်တာကြောင့် သွေးတက်နေတယ်ဆိုရင်တောင် ကိုယ့်သဘောနဲ့ကိုယ် ဆေးတွေ မသောက်ဖို့ အကြံပြုချင်ပါတယ်။ နောက်တစ်ခုက သွေးတိုးက ခေါင်းကိုက်ခဲပါတယ်။ သွေးတိုး ၂၀၀လောက်နဲ့ လူကောင်းလို သွားလာနေတဲ့သူ၊ ခေါင်းတစ်ချက် မထိုးတဲ့သူတွေလည်း ရှိပါတယ်။ ဒါကြောင့်လည်း silent killerလို့ ခေါ်တာပါ။

    ဒါပေမယ့် ကိုယ်သွေးပေါင်ချိန်ကြည့်လိုက်တာ သွေးတွေ  တက်နေတယ်။ ဒီလက္ခဏာတွေလည်း ရှိတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသပါ။

    • မျက်လုံးဝါးလာတာ
    • အသက်ရှူရခက်လာတာ
    • ခေါင်းမူးတာ
    • ခေါင်းကိုက်တာ
    • ပျို့အန်တာ
    • ရင်တုန်တာ စတာတွေပဲဖြစ်ပါတယ်။

    ဒီလက္ခဏာတွေပါ ရှိနေရင် စိတ်ဖိစီးမှုကြောင့်ပဲ တိုးတိုး၊ သွေးတိုးလို့ပဲ ဖြစ်ဖြစ် ဆေးခန်းပြသင့်ပါတယ်။

    စိတ်ဖိစီးလို့ သွေးတက် တာလား၊ သွေးတိုးလို့ သွေးတက်တာလား။

    စိတ်ဖိစီးမှုကလည်း ရောဂါတစ်ခုဖြစ်ပြီး ရေရှည်မှာ ဒီလိုပဲ သွေးတွေ ဆက်တိုက်တက်နေဦးမယ်ဆိုရင် ကျန်းမာရေး ထိခိုက်လာမှာပါ။ တကယ်သွေးတက်တာဆိုရင်လည်း ဆရာဝန်နဲ့ ပြပြီး ကုသလိုက်တာက နောက်ထပ် ဆက်ပြီး မတက်အောင် တားဆီးနိုင်မှာပါ။

    စိတ်ဖိစီးမှုကြောင့် သွေးတက် တာ သက်သာစေဖို့

    စိတ်ဖိစီးမှု သွေးတက်တယ်ဆိုရင် စိတ်ဖိစီးမှုကို လျှော့ချဖို့က အဓိကပါပဲ။ ဒါကို ရှင်းနိုင်ရင် နောက်က သွေးတိုးက တဖြည်းဖြည်း ပြန်ကျသွားမှာပါ။ စိတ်ဖိစီးမှု သက်သာစေဖို့

    • အသက်ဝဝရှူပါ။ အကြောလျှော့ပါ။
    • တရားထိုင်ပါ။
    • လှုပ်လှုပ်ရှားရှားနေပါ။
    • အိပ်ရေးဝအောင် အိပ်ပါ။
    • အစားကို ပုံမှန်စားပါ။
    • ကော်ဖီ၊ လက်ဖက်ရည်လျှော့ပါ။
    • အရက်၊ ဆေးလိပ်တွေ ရှောင်ထားပါ။
    • မကြာခဏ စိတ်ဖိစီးမှု လျှော့ချတဲ့ နည်းလမ်းတွေ  လုပ်ပါ။ ဥပမာ ၂နာရီခြား တစ်ခါလောက် တရား၅မိနစ်လောက် မှတ်တာမျိုး။
    • ပြဿနာတွေ လက်ခံပါ။ နိုင်သလောက်ပဲ ရှင်းပါ။
    • မကောင်းတာတွေပဲ မတွေးပါနဲ့။ ကောင်းတာလေးတွေ စဉ်းစားပြီး ကိုယ့်ကိုယ်ကို ဆွဲထူပါ။

    ပိုပြီး အရေးကြီးတာက သွေးတိုးပြီဆိုပြီး လန့်မသွားပါနဲ့။ လန့်လေလေ သွေးတိုးလေဆိုတာ သတိထားပါ။ ဆေးတွေလည်း လျှောက်မသောက်ပါနဲ့။ သွေးပေါင်ချိန်ကို ကိုယ့်သဘောနဲ့ ကိုယ် အမြန်မချပါနဲ့။ ဒါသိပ်အရေးကြီးပါတယ်။ အခန့်မသင့်ရင် အန္တရာယ်ဖြစ်သွားနိုင်လို့ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 09/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement