backup og meta

သင်လုံးဝထင်မထားတဲ့ နှလုံးသွေးကြောပိတ် လက္ခဏာများ

သင်လုံးဝထင်မထားတဲ့ နှလုံးသွေးကြောပိတ် လက္ခဏာများ

ရုပ်ရှင်ထဲမှာ တစ်ယောက်ယောက်က ရင်ဘတ်အောင့်တယ် အောင့်တယ် ပြောပြီး လဲကျသွားရင် သင်သိလိုက်ပြီ။ ဟာ ဒီလူတော့ နှလုံးသွေးကြောပိတ်နေပြီဆိုပြီး။ ဒါက ဖြစ်ရိုး ဖြစ်စဉ်ဆိုတော့ ထွေထွေထူးထူး  ရှင်းပြနေစရာ မလိုပါဘူး။

ဒါပေမယ့် သွေးကြောကျဉ်းတိုင်း ရင်ဘတ်အောင့်ရမယ်လို့ မအေးအေးဝင်းက မစီစဉ်ထားလေတော့ တခြား ထင်မထားတဲ့ လက္ခဏာတွေနဲ့ လာနိုင်ပါတယ်။ သင်လုံးဝ မဖြစ်နိုင်ဘူးလို့ ထင်တဲ့ လက္ခဏာတွေပေါ့။

အမေရိကန်မှာ စက္ကန့်၄၀ကို တစ်ယောက်နှုန်းနဲ့ နှလုံးသွေးကြောပိတ်နေကြပါတယ်။ ဒီထဲကမှ ၅ယောက်မှာ ၁ယောက်က ဘာလက္ခဏာမှ မပြဘဲ အထဲမှာ ကျိတ်ပြီး နှလုံးသွေးကြောပိတ်နေတာတဲ့။

နှလုံးရောဂါနဲ့ မဆီမဆိုင် လက္ခဏာတွေ ပြပြီး နောက်ဆုံးမှာ နှလုံးရောဂါဖြစ်နေတာကို အသက်ကြီးတဲ့ လူတွေမှာ အတွေ့ရများပါတယ်။ နောက်ပြီး ဆီးချိုရှိတဲ့ လူတွေပေါ့။

ဒါကြောင့် အိမ်မှာ လူကြီး တစ်ယောက်ယောက် ဒီလက္ခဏာတွေ ပြောလာခဲ့ရင် မပေါ့ပါနဲ့။ အထူးသဖြင့် သွေးတိုးတို့ ဆီးချိုတို့ ရောဂါအခံရှိတဲ့ သူတွေပေါ့။

သင်လုံးဝထင်မထားတဲ့ နှလုံးသွေးကြောပိတ်တဲ့ လက္ခဏာများ

  • ရင်ထဲမှာ နေလို့မကောင်းတာ

ရင်ဘတ်အောင့်တာမျိုး မဟုတ်ဘဲ ရင်ထဲမှာ သရိုးသရီဖြစ်တာ၊ တစ်ခုခုက တက်ဖိထားသလို၊ အသက်ရှူမဝသလို ခံစားရတာပါ။ လူကတော့ သွားနိုင် လာနိုင်ပါပဲ။ ဆေးခန်းလေး ဘာလေး ပြရင်း မသင်္ကာလို့ စစ်ကြည့်လိုက်တေ့ာမှ နှလုံးသွေးကြောပိတ်မှန်း သိတာပါ။

  • ကိုယ်လက်ကိုက်တာ

ဘဝမှာ ကိုယ်လက်ကိုက်တာက နှလုံးသွေးကြောပိတ်တာရဲ့ လက္ခဏာ ဖြစ်နေမှန်း တွေးမိမှာတောင် မဟုတ်ပါဘူး။ ကိုယ်လက်လို့ ပြောပေမယ့် တကယ်က လက်ပါ။ နှလုံးသွေးကြောကပိတ်တဲ့ သူတွေက ရင်ဘတ်အောင့်တာ မခံစားရဘဲ လက်မောင်းအောင့်တာ (အထူးသဖြင့် လက်မောင်း အတွင်းပိုင်း) ခံစားရတတ်ပါတယ်။ အဓိကကတော့ နှလုံးရှိတဲ့ ဘယ်ဘက်အခြမ်း၊ ဘယ်ဘက်လက်မောင်းပါ။ ဒါ့ပြင် နောက်ကျောတွေ၊ လည်ပင်းကြောတွေ၊ မေးကြောတွေပါ ကိုက်လာတတ်ပါတယ်။

  • အစာအိမ်နဲ့ အူလမ်းကြောင်း လက္ခဏာတွေ ခံစားရတာ

ဖြစ်တာက နှလုံး ၊ခံစားရတာက အစာအိမ် အူလမ်းကြောင်း လက္ခဏာတွေပါ။ ပျို့တာ၊ ရင်ပူတာ၊ ရင်ခေါင်းတောင့်တာ၊ အစာမကြေတာ၊ ဗိုက်အောင့်တာ စတဲ့ လက္ခဏာတွေနဲ့ လာတာပါ။ နှလုံးသွေးကြောပိတ်ပေမယ့် ရင်ဘတ်အောင့်တာကို မခံစားရဘဲ ခုနက လက္ခဏာတွေကို ခံစားရတာပါ။ အထူးသဖြင့် အသက်ကြီးတဲ့သူတွေပေါ့။

ဒါကြောင့် ဆရာဝန်တွေက အသက်ကြီးတဲ့သူ၊ ရောဂါအခံရှိတဲ့သူတွေ ဒီလက္ခဏာတွေနဲ့ လာရင် လိုရမယ်ရ နှလုံးစက်ဆွဲ ( ECG)တာပါ။ လူနာတွေဘက်က ဗိုက်အောင့်ပါတယ်ဆိုတာကို ဆရာဝန်တွေက နှလုံးကို စက်လာဆွဲနေတယ်ဆိုပြီး စိတ်မကွက်ဖို့ လိုပါတယ်။

  • မူးတာ၊ မောတာ၊ ချွေးစေးတွေ ထွက်တာ

တစ်ခါတလေ လူက အားမရှိသလို၊ နုံးသလို၊ မူးတာ၊ မောတာ စတဲ့ လက္ခဏာနဲ့ လာတတ်ပါတယ်။ လူကြီးပဲ ဒီလောက်တော့ ရှိမှာပေါ့လို့ မထားလိုက်ပါနဲ့။ ရုတ်တရက်ကြီး ဖြစ်လာတယ်။ ပုံမှန်စားနေ သောက်နေရဲ့သားနဲ့ ဒီလို ခံစားနေရပြီဆိုရင် ဆေးခန်းသွားပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ ခံယူလိုက်တာ ပိုကောင်းပါတယ်။

  • ဘာလက္ခဏာမှ မပြတာ

ဒါက ကြောက်ဖို့ အကောင်းဆုံးပါပဲ။ ရုတ်တရက် လဲကျပြီး ဆေးရုံရောက်လို့ စစ်ဆေးလိုက်မှ နှလုံးသွေးကြောပိတ်မှန်း သိရတာပါ။ လူတိုင်းတော့ မဟုတ်ဘူး။ ဆီးချိုရှိတဲ့ သူတွေမှာ အဓိက တွေ့ရပါတယ်။ သူတို့က ခြေချောင်းလေးတွေ ထုံကျဉ်ပြီး နာတာ၊ ထိတာကို မသိတာကို သိကြမှာပါ။ ဒီလိုပဲ ကြာလာတော့ ရင်ဘတ်အောင့်တာကိုလည်း မသိတော့ပါဘူး။ အထူးသဖြင့် ဆီးချိုကောင်းကောင်းမထိန်းနိုင်လို့ အာရုံကြောထိတဲ့သူတွေမှာ အတွေ့ရများပါတယ်။

နှလုံးသွေးကြောပိတ်တာက သင်မထင်ထားတဲ့ နေရာကနေ၊ သင်မထင်ထားတဲ့ လက္ခဏာမျိုးနဲ့ လာတတ်ပါတယ်။ အမြဲတမ်း ရင်ဘတ်အောင့်တာပဲ ခံစားရမှာ မဟုတ်ပါဘူး။  ဒါကြောင့် သွေးတိုး၊ ဆီးချိုရှိတဲ့သူတွေ၊ အသက်ကြီးတဲ့သူတွေ ရုတ်တရက် ထူးဆန်းတာ ခံစားရပြီဆိုရင် ဆေးရုံ၊ ဆေးခန်းသွားပြီး စစ်ဆေးမှုခံယူလိုက်ပါ။ နှလုံးသွေးကြောပိတ်တာမဟုတ်တော့လည်း စိတ်အေးရသလို၊ ပိတ်တယ်ဆိုရင်လည်း အချိန်မီ ကုသမှု ခံယူလို့ရပါတယ်။

[embed-health-tool-heart-rate]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.nhs.uk/conditions/heart-attack/symptoms/

https://www.heart.org/en/about-us/heart-attack-and-stroke-symptoms

ယခုပုံစံ

07/07/2022

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သတိပြုဖွယ်ရာ Heart Attack ၏ အချက်ပေးခေါင်းလောင်းသံများ

Heart Attack မဖြစ်စေဖို့ ပြောင်းလဲလိုက်သင့်တဲ့ လူနေမှုပုံစံ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 07/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement