brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

REM sleep behavior disorder (REM အချိန် အိပ်မက်ယောင်ပြီး လှုပ်ရှားခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်

REM sleep behavior disorder (REM အချိန် အိပ်မက်ယောင်ပြီး လှုပ်ရှားခြင်း ) ကဘာလဲ။

အိပ်ခြင်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တဲ့ REM, rapid eye movement အချိန်မှာ မျက်လုံးဟာ အလျင်အမြန်ရွေ့လျားပြီး အသက်ရှူမမှန်တာ၊ သွေးပေါင်တက်တာနဲ့ ကြွက်သားများအားလျော့တာတွေ ဖြစ်လာပါတယ်။ သို့သော် ဦးနှောက်ကတော့ တက်ကြွနေပြီး REM အချိန်မှာ ဦးနှောက်အလုပ်လုပ်ပုံကို EEG နဲ့ မှတ်တမ်းတင်ကြည့်လျှင် နိုးနေချိန်နဲ့ ဆင်တူနေတာကို တွေ့ရပါတယ်။ အများအားဖြင့် REM အချိန်မှာ အိပ်မက်မက်တတ်ပါတယ်။ အိပ်ချိန်စုစုပေါင်းရဲ့ ၂၀-၂၅%ဟာ REM ဖြစ်ပါတယ်။

REM အချိန် အိပ်မက်ယောင်ပြီး လှုပ်ရှားခြင်း (RBD)မှာ ပုံမှန် REM အချိန်မှာ ဖြစ်တတ်တဲ့ ကြွက်သားအားလျော့ခြင်း မရှိတဲ့အတွက် ထိုလူမှာ အိပ်မက်ထဲကအတိုင်း လှုပ်ရှားမှုတွေကို အပြင်မှာ ပြုလုပ်မိတာ ဖြစ်ပါတယ်။ RBD မှာ ထင်ထင်ရှားရှားဖြစ်တဲ့ ပြင်းထန်တဲ့ ကြမ်းတမ်းတဲ့ အိပ်မက်တွေအတိုင်း လှုပ်ရှားမိတတ်ပါတယ်။ အိပ်မက်ထဲကအတိုင်း စကားပြောခြင်း၊ အော်ခြင်း၊ ထိုးနှက်ခြင်း၊ ကန်ကျောက်ခြင်း၊ ထိုင်ခြင်း၊ အိပ်ရာထဲမှ ခုန်ထွက်ခြင်း၊ လက်လွှဲခြင်း၊ ဆုပ်ကိုင်ခြင်းတို့ လုပ်တတ်ပါတယ်။ အရက်/ အိပ်ဆေးများ ပြတ်စအချိန်မှာ ဒီလို ရုတ်တရက် ဖြစ်တတ်ပါတယ်။

REM sleep behavior disorder (REM အချိန် အိပ်မက်ယောင်ပြီး လှုပ်ရှားခြင်း ) က ဘယ်လောက်အဖြစ်များသလဲ

အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

REM sleep behavior disorder (REM အချိန် အိပ်မက်ယောင်ပြီး လှုပ်ရှားခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ

REM အချိန်အိပ်မက်ယောင်ပြီး လှုပ်ရှားခြင်း ရဲ့ အဖြစ်အများဆုံးလက္ခဏာတွေကတော့

  • စကားပြောခြင်း
  • အော်ဟစ်ခြင်း
  • လက်လွှဲခြင်း
  • ဆုပ်ကိုင်ခြင်း
  • ထိုးနှက်ခြင်း
  • ကန်ကျောက်ခြင်း
  • ခုန်ခြင်းတို့ ဖြစ်ပါတယ်။
  • အိပ်ရာမှနိုးသည့်တိုင် အိပ်မက်ကို အသေးစိတ်မှတ်မိနေပါလိမ့်မယ်။ အိပ်နေစဉ် လုပ်ခဲ့တာတွေနဲ့ ကိုက်ညီနေတာကို တွေ့ရပါမယ်။ ဥပမာ အိပ်မက်ထဲမှာ သင့်နောက်ကို တစ်ယောက်ယောက်က လိုက်နေလျှင် သင်က အိပ်ရာထဲက ခုန်ထွက်ပြီး ထွက်ပြေးတာမျိုး ဖြစ်တတ်ပါတယ်။

    အများစုမှာတော့ RBD တွေဟာ အိပ်ပျော်ပြီး အနည်းဆုံး ၉၀မိနစ်အကြာမှာ ဖြစ်တတ်ပါတယ်။ အချို့လူတွေမှာ ဒီထက်နောက်ကျမှလည်း ဖြစ်နိုင်ပါတယ်။ တစ်ညကို လေးကြိမ်လောက်အထိ ဖြစ်နိုင်ပါတယ်။ ဒီထက်နည်းပြီးလည်း ဖြစ်နိုင်ပါတယ်။

    အိပ်မက်ယောင်ပြီးလမ်းလျှောက်ခြင်းဟာ RBD နဲ့ မတူပါ။ အိပ်မက်ယောင်ပြီး လမ်းလျှောက်ခြင်းမှာ RBD လို လှုပ်ရှားမှုတွေ ရှိနိုင်ပေမယ့် RBD ထက် နှိုးရပိုခက်ပါတယ်။ နိုးလာလျှင်လည်း စိတ်ရှုပ်ထွေးနေပြီး အိပ်မက်ကို မမှတ်မိဘဲ ဖြစ်နေတတ်ပါတယ်။ သင်ဟာ အိပ်ပျော်နေစဉ် မျက်လုံးပွင့်လျက်နဲ့ လမ်းလျှောက်၊ အခန်းပြင်ထွက်၊ စားသောက်၊ လိင်မှုကိစ္စများပြုလုပ်၊ အိမ်သာတက် စသဖြင့် လုပ်နိုင်တယ်ဆိုလျှင် အိပ်မက်ယောင်ပြီး လမ်းလျှောက်ခြင်းဖြစ်ပါတယ်။

    အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

    သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။

    အကြောင်းရင်းများ

    REM sleep behavior disorder (REM အချိန် အိပ်မက်ယောင်ပြီး လှုပ်ရှားခြင်း ) ကိုဘာတွေကဖြစ်စေသလဲ

    သင်အိပ်နေစဉ်မှာ non REM နဲ့ REMဆိုတဲ့ အဆင့်နှစ်ခု ခန္ဓါကိုယ်မှာ ဖြစ်နေပါတယ်။ REM အဆင့်ဟာ အိပ်မက်နဲ့သက်ဆိုင်ပြီး အိပ်စက်ခြင်းရဲ့ အရေးပါတဲ့ အဆင့်ဖြစ်ပါတယ်။ တစ်ညကို မိနစ်၉၀မှ ၂နာရီအထိ ရှိနိုင်ပါတယ်။

    ပုံမှန် REM အချိန် အိပ်မက်မက်နေချိန်မှာ ကြွက်သားတွေဟာ ယာယီ မလှုပ်ရှားနိုင်ဖြစ်နေပါတယ်။ အချို့လူတွေမှာ ခန္ဓါကိုယ်ကို ငြိမ်သက်စေပြီး ဦးနှောက်ကို တက်ကြွလှုပ်ရှားနေစေတဲ့ ဓါတုပစ္စည်းတွေ ကောင်းစွာအလုပ်မလုပ်တဲံအတွက် အိပ်မက်ယောင်လမ်းလျှောက်ခြင်း၊ အအိပ်လွန်ခြင်းနဲ့ RBD စတဲ့ ပြဿနာများ ဖြစ်လာစေပါတယ်။ RBD ဖြစ်လျှင် ပုံမှန်ဖြစ်သင့်တဲ့ ကြွက်သားတွေဟာ ယာယီ မလှုပ်ရှားနိုင်ခြင်း မရှိတော့ပါ။ ဒါ့ကြောင့် သင့်ခန္ဓါကိုယ်ကို အိပ်မက်အတိုင်း လှုပ်ရှားစေတာ ဖြစ်ပါတယ်။ စကားပြောခြင်း၊ ကြွက်သားလှုပ်ခြင်းစတဲ့ အသေးစားလှုပ်ရှားမှုများက စပြီး ခုန်ခြင်း၊ ကန်ခြင်းစတဲ့ လှုပ်ရှားမှုကြီးတွေအထိ ဖြစ်သွားနိုင်ပါတယ်။ ဒီလိုဖြစ်လျှင် သင်ကိုယ်တိုင်ရော အတူအိပ်သူကိုပါ ထိခိုက်နိုင်ပါတယ်။

    ဖြစ်နိုင်ခြေများ

    ငါ့ဆီမှာ REM sleep behavior disorder (REM အချိန် အိပ်မက်ယောင်ပြီး လှုပ်ရှားခြင်း ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

    National sleep foundation အရ အမျိုးသားများမှာ အမျိုးသမီးများထက် ပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်ပွားနိုင်ပေမယ့် အသက်၅၀ကျော်လျှင် ပိုဖြစ်ပါတယ်။ အိပ်မက်ယောင်ပြီး လှုပ်ရှားခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့ အကြောင်းရင်းတွေကတော့ ဦးနှောက်နဲ့အာရုံကြောဆိုင်ရာရောဂါများဖြစ်တဲ့ ပါကင်ဆွန်ရောဂါနဲ့ multiple system atrophy တို့ဖြစ်ပါတယ်။ ဒုတိယရောဂါဟာ ပါကင်ဆွန်နဲ့တူပေမယ့် ပျက်စီးမှုပိုများပါတယ်။

    သင့်မှာRBD ရှိလျှင်

    • ခြေလက်များတုန်ပြီး နောက်ဆုံး လမ်းလျှောက်ရ၊ လှုပ်ရှားရခက်ခဲစေသော ပါကင်ဆွန် ဦးနှောက်ရောဂါ
    • နေ့ဘက် အိပ်ပျော်ခြင်းကို မထိန်းချုပ်နိုင်သော အအိပ်လွန်ရောဂါ
    • အိပ်ပျော်နေစဉ် ခြေထောက်များ ကြွက်တက်ခြင်း၊ ဆွဲခြင်းတို့ ဖြစ်ခြင်း
    • အိပ်ပျော်နေစဉ် အချိန်ပိုင်းနှင့် အသက်ရှူရပ်ခြင်းတို့ ဖြစ်ပွားနိုင်ခြေ ပိုများပါတယ်။

    ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

    ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

    REM sleep behavior disorder (REM အချိန် အိပ်မက်ယောင်ပြီး လှုပ်ရှားခြင်း ) ကို ဘယ်လိုအတည်ပြုပါသလဲ

    ဒီအခြေအနေကို အတည်ပြုဖို့ အိပ်စက်ခြင်းအထူးပြု ပညာရှင်နဲ့ ဆွေးနွေးဖို့ လိုပါတယ်။ သင့်ဆရာဝန်က ရောဂါရာဇဝင်ယူခြင်း၊ အာရုံကြောစနစ် စစ်ဆေးခြင်းတို့ ပြုလုပ်ပါမယ်။ ပိုပြီး ပြည့်ပြည့်စုံစုံစစ်ဆေးနိုင်ဖို့ အာရုံကြောအထူးကုထံ လွှဲနိုင်ပါတယ်။

    သင့်အိပ်စက်တဲ့ ပုံသဏ္ဍာန်ကို သိစေဖို့ အိပ်စက်ခြင်းမှတ်တမ်း ထားရှိရပါတယ်။ Epworth sleepiness scale ဖောင်ကိုလည်း ဖြည့်ခိုင်းပါမယ်။ ဒီတိုင်းတာမှုကနေ သင့်ရဲ့အိပ်စက်မှု ပုံသဏ္ဍာန်က နေ့စဉ်ဘဝကို ဘယ်လောက်အနှောက်အယှက်ပေးနေလဲ သိစေနိုင်ပါတယ်။

    သင့်ကို အိပ်စက်နေစဉ် တစ်ညကြာလေ့လာမှုများလည်း ပြုလုပ်နိုင်ပါတယ်။ သင့်နှလုံးခုန်နှုန်း၊ ဦးနှောက်လှိုင်းများနဲ့ အသက်ရှူခြင်းကို စောင့်ကြည့်ဖို့ ဓါတ်ခွဲခန်းတစ်ခုထဲမှာ အိပ်စက်ရမှာ ဖြစ်ပါတယ်။ ဒီစောင့်ကြည့်မှုများမှ သင့်ရဲ့အိပ်စက်မှု အဆင့်များ၊ တစ်ညလုံး လှုပ်ရှားနေပုံများနဲ့ အိပ်စက်ခြင်းကို နှောင့်ယှက်နေတဲ့ အခြားရောဂါများရှိမရှိ သိနိုင်ပါတယ်။

    REM sleep behavior disorder (REM အချိန် အိပ်မက်ယောင်ပြီး လှုပ်ရှားခြင်း ) ကို ဘယ်လိုကုသပါသလဲ

    အများစုမှာ ဆေးနဲ့ အောင်မြင်စွာ ကုသနိုင်ပါတယ်။ clonazepam ဟာ အသုံးများဆုံးဆေး ဖြစ်ပါတယ်။ သင့်ဆရာဝန်က ရောဂါလက္ခဏာများ သက်သာစေဖို့ ဖြည့်စွက်အာဟာရဖြစ်တဲ့ melatonin ကိုလည်း ညွှန်းနိုင်ပါတယ်။ ဆရာဝန်နဲ့ ဆွေးနွေးပြီး သင့်အတွက်အကောင်းဆုံးဆေးကို သိရှိနိုင်ပါတယ်။ သင်ကိုယ်တိုင်နဲ့ အတူအိပ်တဲ့သူကိုပါ ကာကွယ်ဖို့ အောက်ပါနည်းလမ်းများအတိုင်း ပြုလုပ်နိုင်ပါတယ်။

    • အိပ်ရာဘေးမှာ ပစ္စည်းများ မထားပါနှင့်။
    • အိပ်ရာကို ပြတင်းပေါက်နား မထားပါနှင့်။
    • အိပ်ချိန် သတ်သတ်မှတ်မှတ်ထားပါ။
    • အချို့ဆေးများနှင့် အရက်ကို ရှောင်ပါ။
    • အခြား အိပ်ခြင်းနဲ့ ပတ်သတ်တဲ့ ရောဂါများကို ကုသပါ။

    လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

    လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက REMအချိန် အိပ်မက်ယောင်ပြီး လှုပ်ရှားခြင်း ကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

    အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် REM အချိန်အိပ်မက်ယောင်ပြီး လှုပ်ရှားခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။

    အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. May Myat Hnin Aung မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 04/12/2019 ဖြစ်ပါသည်။

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။