ညတုန်းက ကိုယ်နဲ့ စကားပြောတုန်းက အကောင်း၊ အိပ်ရာဝင်သွားတာလည်း ပုံမှန်ပဲ။ မနက်ကျတော့ အသက်မရှိတော့ဘူးဆိုတာမျိုးတွေ ကြားဖူးမှာပါ။ အိပ်နေတုန်း ဆုံးသွားတော့ ဝေဒနာ မခံရဘူးပေါ့လို့ ယူဆကြတဲ့ သူတွေ ရှိသလို ငါရော အဲ့လိုမျိုး အိပ်နေတုန်း ဆုံးသွားမှာလားဆိုပြီး တွေးမိတဲ့ သူလည်း ရှိမှာပါ။ ဒါကြောင့် အိပ်ပျော်နေတုန်း ရုတ်တရက်သေဆုံး ရတဲ့ အကြောင်းအရင်း တွေကို ပြောပြပေးချင်ပါတယ်။
အကောင်းကြီးကနေ ရုတ်တရက်ဆုံးတာ ဘာကြောင့်လဲ
ရောဂါကြီးကြီးမာမား မရှိပါဘဲနဲ့ အိပ်ပျော်နေတုန်း ရုတ်တရက်သေဆုံးတာကတော့ ရှားပါတယ်။ တချို့ကလည်း နေကောင်းကျန်းမာနေလျက်နဲ့ အိပ်နေတုန်း ဆုံးသွားတာပဲဆိုပြီး ပြောကြပါတယ်။ ဖြစ်နိုင်တာက ရောဂါရှိနေတာကို မသိလို့ ဖြစ်မှာပါ။ နှလုံးရောဂါလို၊ အဆုတ်ရောဂါတွေက သိပ်ပြီး လက္ခဏာ မပြတတ်ဘူးလေ။
အဖြစ်အများဆုံး အကြောင်းရင်းတွေကို ပြောပြရရင်
- နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါတွေ
- အဆုတ်နဲ့ ပတ်သက်တဲ့ ရောဂါတွေ
- အဆိပ်နဲ့ ဆေးဝါးတွေ
- ထိခိုက်ဒဏ်ရာတွေ
- အိပ်စက်ခြင်းနဲ့ ဆိုင်တဲ့ ရောဂါတွေကြောင့် ဖြစ်ပါတယ်။ အသေးစိတ်ကို ဆက်ကြည့်ရအောင်။
အိပ်ပျော်နေတုန်း ရုတ်တရက်သေဆုံး ရတဲ့ အကြောင်းအရင်း
နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါတွေ
နှလုံးနဲ့ ပတ်သက်တဲ့ ပြဿနာတွေထဲမှာ အဖြစ်အများဆုံးက ရုတ်တရက် နှလုံးရပ်တာပါ။ ရုတ်တရက် နှလုံးရပ်သွားပြီဆိုရင် အရေးပေါ် အသက်ကယ်နည်းနဲ့ အမြန်အသက်ကယ်၊ ဆေးရုံအမြန်ပို့မှ အသက်ရှင်မှာပါ။ အိပ်နေချိန်မှာ ရုတ်တရက် နှလုံးရပ်သွားပြီဆိုရင် ကာယကံရှင်တောင် သိလိုက်မှာ မဟုတ်ပါဘူး။
လေ့လာချက်တွေအရ အိပ်ပျော်နေတုန်း ရုတ်တရက်သေဆုံးရတဲ့ အကြောင်းအရင်း တွေထဲမှာ အဖြစ်အများဆုံးက ရုတ်တရက် နှလုံးရပ်တာကြောင့်ပါတဲ့။ ၂၂%သော လူနာတွေက ည၁၀နာရီနဲ့ မနက် ၆နာရီကြားမှာ နှလုံးရပ်ကြပါသတဲ့။ တကယ်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ အချိန်ပဲ ဖြစ်ပါတယ်။
ရုတ်တရက် နှလုံးရပ်ရတဲ့ အကြောင်းရင်းတွေကို ကြည့်လိုက်ပြန်ရင်တော့
- နှလုံးသွေးကြောပိတ်တာ
- နှလုံးခုန်မမှန်တာ
- နှလုံးစွမ်းဆောင်ရည်ကျဆင်းတာ (နှလုံးညှစ်အား မကောင်းတာ)
- လေဖြတ်တာ စတာတွေပါဝင်တာကို တွေ့ရပါတယ်။
အထူးသဖြင့် နှလုံးသွေးကြောပိတ်တာတို့ လေဖြတ်တာတို့က သာမန်အချိန်တွေမှာဖြစ်ရင် ဆေးရုံချက်ချင်းပို့ ကုသရင် ပြန်ကောင်းနိုင်ပေမယ့် အိပ်ပျော်နေချိန်မှာ ဖြစ်ရင် မသိလိုက်တဲ့အတွက် အသက်ဆုံးရှုံးရတာ ဖြစ်ပါတယ်။
အဆုတ်နဲ့ ပတ်သက်တဲ့ ရောဂါများ
အဆုတ်ကလည်း ရုတ်တရက် အသက်မရှူနိုင်တော့ဘူးဆိုရင် အောက်ဆီဂျင်နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို မလဲနိုင်တော့တာကြောင့် သေဆုံးသွားမှာ ဖြစ်ပါတယ်။ ဒါမျိုးက အဆုတ်ရောဂါအခံရှိသူတွေမှာ ပိုဖြစ်တတ်ပါတယ်။ ဥပမာ
- နာတာရှည် အဆုတ်ပွလေပြွန်ကျဉ်းရောဂါ
- Cystic fibrosis
- အဆုတ်လေအိတ်ရောဂါ
- အဆုတ်ကင်ဆာ (များသောအားဖြင့် နောက်ဆုံးအဆင့်တွေမှာ ဖြစ်တတ်ပါတယ်)
- နမိုးနီးယား
- အဆုတ်သွေးကြောပိတ်တာ
- အဆုတ်အမာရွတ်တက်တာ
- ပန်းနာရင်ကျပ်ဖောက်တာ စတာတွေပဲ ဖြစ်ပါတယ်။
ဒါ့ပြင် myasthenia gravis လို အာရုံကြောရောဂါမှာဆိုရင် ရင်ဝမ်းခြားကြွက်သား လှုပ်ရှားမှု မရှိတော့တာကြောင့် အသက်ရှူမရဘဲ ရုတ်တရက် သေဆုံးတတ်ပါတယ်။
အဆိပ်နဲ့ ဆေးဝါးတွေ
သတင်းတွေမှာ မိသားစုလိုက် ညဘက်အိပ်ရင်း ဆုံးပါးသွားတာတွေ ဖတ်ဖူးမှာပါ။ ဒါက ကာဗွန်မိုနောက်ဆိုဒ်ဓာတ်ငွေ့ အဆိပ်သင့်တာကြောင့် ဖြစ်ပါတယ်။ လေဝင်လေထွက်မကောင်းတဲ့ တိုက်ခန်းအလုံပိတ်တွေမှာ မီးစက်တွေ နှိုးတာ၊ တစ်ခုခုကို ရှို့ထားတာ စတာတွေကနေ ဖြစ်တာ ဖြစ်ပါတယ်။
နောက်တစ်ခုကတော့ ဆေးဝါးတွေ သုံးစွဲတာပါ။ အထူးသဖြင့် မူးယစ်ဆေးတွေ၊ အိပ်ဆေးတွေကို အလွန်အကျွံသုံးစွဲမိရာကနေ ပြန်နိုးမလာတာ ဖြစ်ပါတယ်။
ဆေးဝါးအကြောင်းပြောရင်း တစ်လက်စတည်း အရက်ကိုပါ ထည့်ပြောချင်ပါတယ်။ တချို့က အရက်မူးပြီး အိပ်ပျော်သွားတယ်။ မနက်ကျ ဆုံးနေတာကို တွေ့ရတယ်ဆိုရင် ဖြစ်နိုင်တာ တစ်ခုက အန်ဖတ်စို့တာပါ။ အများကြီး အန်ချင်မှ အန်မယ်။ ဒါပေမယ့် အစာတွေ ပြန်တက်လာပြီး အသက်ရှူလမ်းကြောင်းမှာ ပိတ်နေတာ ဖြစ်ပါတယ်။ သာမန်လူဆိုရင် ထပြီး ချောင်းဆိုးတာ၊ ဟိုဘက်ဒီဘက်လှည့်တာတွေ လုပ်နိုင်ပေမယ့် မူးပြီး အိပ်ပျော်နေတာကြောင့် မနိုးဘဲ အသက်ရှူကျပ်ပြီး ဆုံးသွားတာ ဖြစ်ပါတယ်။
ထိခိုက်ဒဏ်ရာရတွေ
ထိခိုက်ဒဏ်ရာက လူသတိထားမိလောက်တဲ့ ထိခိုက်ဒဏ်ရာတွေ မဟုတ်ပါဘူး။ ဥပမာ အသက်ကြီးတဲ့ လူကြီးတစ်ယောက်က မတော်တဆ ခေါင်းထိသွားတယ်။ ပြင်ပဒဏ်ရာ ဘာမှမရှိတဲ့အတွက် ပြင်းထန်တယ်လို့ မထင်ဘူးပေါ့။ ဒါပေမဲ့ အထဲမှာ ဦးနှောက်သွေးယိုနေတယ်။ ဘာလက္ခဏာမှ မပြတဲ့အတွက် ဒါမှမဟုတ် သတိမထားမိတဲ့အတွက် သွေးယိုတာက တဖြည်းဖြည်း များလာပြီး အိပ်ချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ဆုံးသွားတာလည်း ဖြစ်နိုင်ပါတယ်။
အိပ်စက်ခြင်းနဲ့ ဆိုင်တဲ့ရောဂါတွေ
ဒီထဲမှာ အဓိကထားပြီး ပြောချင်တာကတော့ အိပ်ဟောက်ရှူရပ်ပြဿနာပါ။ နာမည်အတိုင်းပဲ အိပ်နေတုန်း ဟောက်တယ်၊ ဟောက်တာအပြင် ကြားထဲမှာ စက္ကန့်ပိုင်းလောက် အသက်ရှူရပ်ရပ်သွားတဲ့ ပြဿနာပါ။ သူ့ရဲ့ ပြဿနာက အသက်ရှူရပ်ရပ်သွားတာပါ။ စစချင်းမှာ ရပ်ပြီး ပြန်ရှူပေမယ့် နောက်ပိုင်း ပြန်မရှူနိုင်တော့ရင် အိပ်နေရင်း ဆုံးသွားတာမျိုး ဖြစ်တတ်ပါတယ်။
ဒီရောဂါတွေ ဖြစ်တဲ့အခါ လူနာက တစ်ခုခု မခံစားရဘူးလား။
အိပ်နေတုန်း ဒီရောဂါတွေ ဖြစ်တဲ့အခါ လူနာက နာတာ၊ သက်သောင့်သက်သာ ဖြစ်တာတွေ ခံစားရမှာပဲ။ အဲ့ဒီအချိန်မှာပါ နိုးလာပြီး ပတ်ဝန်းကျင်ကို အကူအညီတောင်းရင် အသက်ရှင်မှာပေါ့လို့ မေးစရာ ရှိပါတယ်။
ဥပမာ နှလုံးသွေးကြောပိတ်လို့ ရင်ဘတ်အောင့်ပြီး နိုးလာရင်တော့ အချိန်မီ ကုသလို့ ရနိုင်မှာပါ။ ဒါပေမဲ့ သိကြတဲ့အတိုင်း ရင်ဘတ်မအောင့်ဘဲ နှလုံးသွေးကြောပိတ်တာတွေလည်း ရှိတာပဲ။ ကာဗွန်မိုနောက်ဆိုဒ်ဓာတ်ငွေ့ အဆိပ်သင့်တာဆိုရင် အနံ့မရှိတော့ ရှူလို့ ရှူမိမှန်းတောင် သိလိုက်မှာ မဟုတ်ပါဘူး။
ဒါကြောင့်ပဲ အိပ်နေတုန်း ရုတ်တရက်သေဆုံးတာတွေ ဖြစ်ကြတာပါ။
အိပ်ပျော်နေတုန်း ရုတ်တရက်သေဆုံး တာတွေ မဖြစ်အောင် ဘယ်လိုလုပ်မလဲ။
တိကျတဲ့ ကာကွယ်နည်းရယ်လို့ မရှိပါဘူး။ အရေးကြီးတာက ကိုယ့်မှာရှိတဲ့ ရောဂါအခံတွေကို သေချာကုသပြီး ထိန်းထားဖို့ပဲ တတ်နိုင်ပါတယ်။ ဒီနည်းနဲ့ပဲ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။
အိပ်နေတုန်း ရုတ်တရက်သေဆုံးတာက တကယ်ပဲ သက်သောင့်သက်သာ သွားလိုက်ရတာလား။
အိပ်နေတုန်းဆိုတော့ ဘာမှမခံစားလိုက်ရဘဲ သက်သောင့်သက်သာလေးပဲ သွားလိုက်ရတာပေါ့လို့ အများက ထင်ကြပါတယ်။ ဒါကတော့ ကာယကံရှင်ပဲ သိမှာပါ။ တချို့မိသားစုဝင်တွေကတော့ နောက်ဆုံးအနေနဲ့ မနှုတ်ဆက်လိုက်ရဘူး။ မပြုစုပေးလိုက်ရဘူးဆိုပြီးတော့ နောင်တရတတ်ကြပါတယ်။ ဒါကြောင့် ဘယ်သူ့ကိုပဲဖြစ်ဖြစ် နောက်ဆုံးလို့ တွေးပြီး အကောင်းဆုံးဆက်ဆံပေးဖို့ လိုပါတယ်။
[embed-health-tool-bmi]