brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

မယ်လတိုနင် ကြွယ်ဝတဲ့ အစားအစာများ

အိပ်စက်ခြင်းကို စိတ်ဝင်စားတဲ့သူ၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် ဘယ်လိုလုပ်ရမလဲလို့ ရှာဖွေနေတဲ့သူတွေဆို မယ်လတိုနင်အကြောင်းကို သိထားပြီးသားဖြစ်မှာပါ။ မယ်လတိုနင်ဆိုတာ အိပ်စက်ခြင်းကို ထိန်းချုပ်ပေးတဲ့ ဟော်မုန်းပါ။ ဒီဟော်မုန်းကို အစားအစာတွေကနေလည်း ရနိုင်ပါတယ်။ အိပ်ခါနီးအချိန်မှာ မယ်လတိုနင် ကြွယ်ဝတဲ့ အစားအစာများ ကို စားပေးတာက နှစ်ခြိုက်စွာ အိပ်ပျော်အောင် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။

မယ်လတိုနင် ကြွယ်ဝတဲ့ အစားအစာများ

မယ်လတိုနင်နဲ့ အိပ်စက်ခြင်း

မယ်လတိုနင်ဆိုတာ ပင်နီရယ်ဂလင်းလို့ခေါ်တဲ့ ဦးနှောက်ထဲက ဂလင်းကနေ ထွက်လာတဲ့ ဟော်မုန်းတစ်မျိုး ဖြစ်ပါတယ်။

နေဝင်လာပြီ၊ မှောင်လာပြီဆိုရင် ခန္ဓာကိုယ်က အချက်ပြလိုက်တာကြောင့် မယ်လတိုနင်ဟော်မုန်းထွက်လာပြီး အိပ်ဖို့ စပြီး ပြင်ဆင်ပါတော့တယ်။ များသောအားဖြင့်တော့ ည၉နာရီ ဝန်းကျင်လောက်မှာပါ။ မယ်လတိုနင်ဟော်မုန်းတွေ သွေးထဲမှာ များလာပြီဆိုရင်တော့ လူက တဖြည်းဖြည်း အိပ်ငိုက်လာမှာပါ။

ပြီးရင်တော့ မနက်လင်းပိုင်းလောက် ရောက်ရင် တဖြည်းဖြည်း ပြန်နည်းလာတာကြောင့် လူက အိပ်ရာက နိုးလာပြီး လန်းလန်းဆန်းဆန်း ဖြစ်လာပါတယ်။ ဒါက မယ်လတိုနင်ရဲ့ အလုပ်လုပ်ပုံပါ။

မယ်လတိုနင်က အိပ်ဆေးလိုမျိုး သောက်လိုက်တာနဲ့ အိပ်စေတာမျိုး မဟုတ်ပါဘူး။ ခန္ဓာကိုယ်ရဲ့ ဇီဝနာရီလို့ ခေါ်တဲ့ ဘယ်အချိန်မှာတော့ အိပ်သင့်ပြီ၊ ဘယ်အချိန်မှာတော့ ထသင့်ပြီဆိုတာကို ပတ်ဝန်းကျင်အခြေအနေပေါ် မူတည်ပြီး အချက်ပြပေးတာ ဖြစ်ပါတယ်။

ခရီးခဏခဏ သွားပြီး အိပ်ချိန်အပြောင်းအလဲ ဖြစ်တဲ့သူတွေ၊ ညဘက်တွေ ဖုန်းသုံးတာ၊ အလုပ်လုပ်တာကြောင့် အိပ်ချိန်မမှန်တဲ့သူတွေမှာဆို ဒီဇီဝနာရီက ပျက်သွားတာကြောင့် အိပ်မပျော်တာ၊ အိပ်ရခက်တာတွေ ဖြစ်လာပါတယ်။

ဒါတွေကို ဖြေရှင်းဖို့ဆိုရင် ကိုယ်တွင်းက မယ်လတိုနင်ကို ပြန်ချိန်ညှိရပါတယ်။ မယ်လတိုနင်ကို ချိန်ညှိတဲ့အခါ ဖြည့်စွက်အားဆေးတွေသောက်လို့ ရသလို သဘာဝအစားအစာတွေကိုလည်း စားပေးလို့ ရပါတယ်။

မယ်လတိုနင် ကြွယ်ဝတဲ့ အစားအစာများ

မယ်လတိုနင်က တခြားအာဟာရတွေကို တစ်နေ့ကို ဘယ်လောက်ပမာဏ စားရမယ်ဆိုတာမျိုးတော့ မရှိပါဘူး။ ဘယ်အစားအစာတွေမှာ မယ်လတိုနင် ဘယ်လောက်ပါတယ်ဆိုတာကို အတိအကျ တိုင်းတာထားတာမျိုးလည်း မရှိပါဘူး။

အားဆေးတွေ ဆိုရင်တော့ တစ်ရက်ကို ၀.၅-၃ မီလီဂရမ်လောက် သောက်ကြပါတယ်။ အစားအစာတွေမှာ အတိအကျ တိုင်းတာထားတာ မရှိတဲ့အတွက် သင့်တင့်တဲ့ ပမာဏစားရင် အန္တရာယ် မရှိပါ။

မယ်လတိုနင် ကြွယ်ဝတဲ့ အစားအစာများကတော့

  • ဥ

ကြက်ဥ၊ ဘဲဥ စတာတွေက ဝယ်ရလွယ်သလို မယ်လတိုနင်လည်း ပါပါတယ်။ အပိုဆောင်းအနေနဲ့ ပရိုတင်း၊ သံဓာတ်၊ တခြားဗီတာမင်နဲ့ သတ္တုဓာတ်တွေပါ ပါဝင်ပါတယ်။

  • နွားနို့

ငယ်ငယ်တုန်းက အိပ်မပျော်ဘူးလို့ ‌ပြောရင် လူကြီးတွေက နွားနို့ပူပူလေး သောက်ပြီး အိပ်ခိုင်းတယ်ဟုတ်။ တကယ်လည်း နွားနို့မှာ မယ်လတိုနင် ပါဝင်တာကြောင့် အိပ်ပျော်စေပါတယ်။

ထူးထူးခြားခြား ညဘက်မှာ ညှစ်တဲ့ နွားနို့က မယ်လတိုနင် ပိုပါပါတယ်တဲ့။ ဘာကြောင့်လဲဆိုတော့ လူတွေလိုမျိုး သူတို့ကလည်း ညဘက်မှာ မယ်လတိုနင် ထွက်လို့ပါ။

ဒါပေမဲ့ ညဘက်မှာ တကူးတကကြီး နွားနို့ထညှစ်စရာ မလိုပါဘူး။ နေ့ပဲညှစ်ညှစ် ညပဲညှစ်ညှစ် နွားနို့ဆိုတည်းက မယ်လတိုနင် ပါသွားပြီမို့လို့ပါ။

  • အစေ့အဆန်

အစေ့အဆန်တွေ အထူးသဖြင့် Pistachios (ရင်ကွဲစေ့လို့ ခေါ်ကြမယ်ထင်တယ်)နဲ့ အယ်မွန်စေ့တွေမှာ မယ်လတိုနင် ပါဝင်မှု များပါတယ်။ တစ်ခုရှိတာက အစေ့တွေကို လှော်လို့တော့ မရပါဘူးတဲ့။ လှော်လိုက်ရင် မယ်လတိုနင်တွေ နည်းသွားလို့ပါတဲ့။

  • ငါး

အဆီပါတဲ့ ဆယ်မွန်တို့၊ တူနာတို့က မယ်လတိုနင် ကြွယ်ဝရုံတင် မကပါဘူး။ ဗီတာမင် B6၊ အိုမီဂါသရီးဖက်တီးအက်စစ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင်ဒီတွေပါ ကြွယ်ဝတာကြောင့် အိပ်ပျော်ဖို့ အထောက်အကူ ဖြစ်ပါတယ်။

ဒီအစားအစာတွေက မယ်လတိုနင် ကြွယ်ဝလို့ အိပ်စက်ခြင်းကို အထောက်အကူ ဖြစ်နိုင်တယ်ဆိုပေမယ့် အလွန်အကျွံစားတာ၊ အိပ်ခါနီးအချိန်နဲ့ ကပ်စားတာတွေ မလုပ်သင့်ပါဘူး။ ဘာပဲစားစား အိပ်ချိန်နဲ့ နှစ်နာရီ ခွာစားသင့်ပါတယ်။

တခြားလိုက်နာစရာတွေကတော့

မယ်လတိုနင် ကြွယ်ဝတာတွေ စားပြီး အိပ်ပျော်အောင် ကြိုးစားသလိုပဲ တစ်ဖက်မှာလည်း အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေမယ့် အစားအစာတွေကို ရှောင်ဖို့ လိုပါတယ်။

  • ကဖင်းပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ ရေနွေးကြမ်း၊ လက်ဖက်သုပ်၊ ‌ချောကလက်
  • အဆီအစိမ့်နဲ့
  • အပူအစပ်တွေက အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေနိုင်တာကြောင့် အိပ်ခါနီးမှာ ဒါတွေကို မစားပါနဲ့။

ဒါ့ပြင် Sleep hygieneလို့‌ခေါ်တဲ့

  • အိပ်ခါနီးမှာ ဖုန်းမသုံးတာ
  • တရားထိုင်တာ၊ စာဖတ်တာဖြစ်ဖြစ် လုပ်ပေးတာ
  • မနက်ခင်းမှာ နေရောင်ခြည်နဲ့ ထိတွေ့တာ
  • အိပ်ခန်းကို အိပ်ချင်စဖွယ်ဖြစ်အောင် ပြင်ဆင်ထားတာ စတဲ့အချက်တွေကလည်း အိပ်ပျော်စေဖို့ အထောက်အကူ ဖြစ်စေတာကြောင့် လိုက်နာဖို့လိုပါတယ်။
Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 07/11/2023 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။