backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

သင့်မှာ ဒီလက္ခဏာတွေရှိနေရင် စိတ်ဖိစီးမှုများနေတာ ဖြစ်နိုင်ပါတယ်


Ye Myo Myat မှ ရေးသားသည်။ · 03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သင့်မှာ ဒီလက္ခဏာတွေရှိနေရင် စိတ်ဖိစီးမှုများနေတာ ဖြစ်နိုင်ပါတယ်

စိတ်ဖိစီးမှုဆိုတာ ပြင်ပမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာ၊ အခြေအနေအမျိုးမျိုးကြောင့် ကိုယ့်ရဲ့ စိတ်ကို ချည်နှောင်ထားသလို၊ အားစိုက်ထုတ်သလို လုပ်မိပြီးနောက် ကျန်ခဲ့တဲ့ ဒဏ်ရာတစ်မျိုးပါပဲ။ ဒီဘက်ခေတ်မှာ အသက်အရွယ်မရွေး စိတ်ဖိစီးမှုတွေနဲ့ ရင်ဆိုင်နေရတာကို သတိထားမိမှာပါ။ မိသားစုပြဿနာ၊ ငွေရေးကြေးရေး၊ လုပ်ငန်းခွင်၊ လူမှုရေး၊ အချစ်ရေး အစရှိသဖြင့် နေ့စဉ်ကြုံတွေ့နေရတဲ့ လူ့လောကပြဿနာပေါင်းစုံဟာ ကျွန်တော်တို့ရဲ့ စိတ်ကို အနှေးနဲ့အမြန် ဒုက္ခဖြစ်စေပြီး စိတ်ဖိစီးမှုဆိုတဲ့အခြေအနေကို ရောက်ရှိလာကာ စိတ်ရော ကိုယ်ပါ တဖြည်းဖြည်း ဆုတ်ယုတ်လာပါတယ်။

တချို့လူတွေကတော့ ကိုယ့်မှာ စိတ်ဖိစီးမှုတွေဖြစ်နေရင် သိနိုင်တယ်ဆိုပေမယ့် ကိုယ့်ကိစ္စနဲ့ ကိုယ်ရှုပ်နေလို့ ကိုယ်တိုင်စိတ်ဖိစီးနေတယ်ဆိုတာတောင် သတိမထားမိတတ်တာမျိုးတွေလည်း ရှိပါတယ်။ ဒီလိုစိတ်ဖိစီးမှုများနေတဲ့အခါ

ဝက်ခြံတွေ ပေါက်လာမယ်

• ဆက်တိုက်ဆိုသလို ခေါင်းကိုက်နေမယ်

• ကြွက်သား၊ အရိုးအဆစ်တွေ ပိုပြီး နာကျင်ကိုက်ခဲလာမယ်

• မကြာခဏ ဖျားနာမယ်

• အားမရှိသလို နုံးချိပြီး ပျော့ခွေနေမယ်

• ညဘက်တွေမှာ ကောင်းစွာအိပ်မပျော်နိုင်ဘဲ အတွေးလွန်နေမယ်

လိင်စိတ်ဆန္ဒ နည်းပါးသွားမယ်

• အစာကောင်းကောင်း မချေဖျက်နိုင်လို့ ဝမ်းပျက်မယ်၊ ဝမ်းချုပ်မယ်

• အစာစားချင်စိတ်တွေ နည်းသွားပြီး ခံတွင်းပျက်နေမယ်

• နှလုံးခုန်မြန်နေသလို ခံစားရတယ်

• စိတ်ဓာတ်တွေ ကျလာတာ

• ချွေးစေးတွေ ပြန်ပြီး လူကတုန်နေတာ စတဲ့ လက္ခဏာပြောင်းလဲမှုတွေကို တွေ့ရမှာဖြစ်ပါတယ်။

ဒီတော့ စိတ်ဖိစီးနေတဲ့အချိန်မှာ အရေးအကြီးဆုံးက ကိုယ်ဘာကြောင့် စိတ်ဖိစီးနေလဲဆိုတဲ့ ပြဿနာအရင်းခံကို ရှာဖို့နဲ့ စိတ်ဖိစီးမှုကို တစ်နည်းနည်းနဲ့ ပြေလျော့စေဖို့ အမြန်ဆုံးလုပ်သင့်ပါတယ်။ စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး စိတ်ရောဂါအထူးကုပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးလို့ ရသလို ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံတွေကို အကောင်းဘက်ကို ပြောင်းလဲပေးခြင်းဖြင့်လည်း စိတ်ဖိစီးမှုနည်းအောင် နေလို့ရပါတယ်။

စိတ်ဖိစီးနေချိန်မှာ ဒါတွေလုပ်ပေးပါ။

• အစာစားချင်စိတ် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အစာဝင်အောင် စားပေးပါ

• အစာအာဟာရကို စုံလင်စွာစားပါ

• ကိုယ့်ကို စိတ်ဖိစီးစေတဲ့ အရာတွေကို အမြန်ဆုံး ဖြေရှင်းဖို့ ကြိုးစားပါ၊ မဖြေရှင်းနိုင်ဘူးဆိုရင်လည်း ခဏတဖြုတ် ဒီအရာတွေနဲ့ ဝေးတဲ့နေရာကို သွားလိုက်တာ၊ ခရီးထွက်လိုက်တာမျိုး လုပ်ပေးပါ

• အလုပ်ကို အာရုံစိုက်ပြီး လုပ်ကြည့်ပါ၊ ကိုယ်က အလုပ်မသွားရဘူးဆိုရင်လည်း အိမ်အလုပ်တစ်ခုခု၊ ဒါမှမဟုတ် ကိုယ်ဝါသနာပါတာ၊ ကိုယ့်ကို ပျော်ရွှင်စေတဲ့ အရာတွေ ဥပမာ – သီချင်းနားထောင်တာ၊ ရုပ်ရှင်ကြည့်တာမျိုး လုပ်ပေးပါ

• စိတ်ရော၊ လူရော အနားပေးဖို့ တစ်ပတ်မှာ တစ်ရက်လောက်တော့ အချိန်ပေးပါ။ ဒီအနားယူချိန်မှာ ကိုယ့်အတွက်ကိုပဲ ထည့်တွေးပါ၊ စိတ်ညစ်စေမယ့် ကိစ္စတွေ၊ အလုပ်ကိစ္စတွေကို ဘာဖြစ်ဖြစ် ခေါင်းထဲက ထုတ်ထားပစ်ခဲ့ပါ

• ချွေးထွက်လောက်တဲ့အထိ လေ့ကျင့်ခန်း၊ အားကစားလုပ်လိုက်ပါ

• ယောဂလေ့ကျင့်ပါ သို့မဟုတ် တရားထိုင်ပါ

စိတ်ကျန်းမာရေးပြဿနာပဲလေဆိုပြီး ပေါ့ပေါ့လေးတွေးပြီး ပစ်ထားလိုက်လို့ အသက်ဆုံးရှုံးသွားရတဲ့ လူတွေ တဖြည်းဖြည်းနဲ့ များလာနေပါပြီ။ ဒါကြောင့် ကိုယ့်ရဲ့ စိတ်မှာ ဒဏ်ရာဒဏ်ချက်တွေ၊ စိတ်ဖိစီးနေတာ အစရှိတဲ့ စိတ်ကျန်းမာရေးပြဿနာတွေနဲ့ ရင်ဆိုင်လာရတဲ့အခါမျိုးမှာ ကိုယ့်ရဲ့ နေထိုင်မှုပုံစံတွေ၊ တွေးခေါ်ပုံတွေကို ချက်ချင်းပြင်သင့်သလို လိုအပ်လာရင်လည်း ပညာရှင်တွေရဲ့ အကူအညီကို ယူပြီး သေချာကုသမှုခံယူသင့်ပါတယ်။

Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲနိဂုံးချုပ်လိုက်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Ye Myo Myat မှ ရေးသားသည်။ · 03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement