backup og meta

ရယ်မောခြင်းက သင့်ကို ပိုကျန်းမာစေသလား

ရယ်မောခြင်းက သင့်ကို ပိုကျန်းမာစေသလား

“ရယ်မောခြင်းသည် အသက်ရှည်စေ၏” တဲ့။ စကားပုံလေး လူတိုင်းကြားဖူးမှာပါ။ ပျော်တဲ့အခါ၊စိတ်ထဲမှာ နေလို့ထိုင်လို့ ကောင်းတဲ့အခါ ကျွန်တော်တို့ ရယ်မောတတ်ကြပါတယ်။ ရယ်မောခြင်းဟာ တဦးနဲ့တဦးကို နီးကပ်စေပါတယ်။ ရင်ဘတ်ချင်း နီးစေပါတယ်။

သူစိမ်းတရံဆံတွေနဲ့တောင် ပျော်ပျော်ပါးပါးကြီး အတူတကွ ရယ်မောလို့ ရပါတယ်။ ရယ်မောခြင်းက သင့်ကို ပျော်ရွှင်စေရုံသာမက ကျန်းမာရေးအတွက်လည်း ကောင်းကျိုးတွေ အများကြီး ဖြစ်စေပါတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

ရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေ

တကယ်လို့ ကျွန်တော်တို့ရယ်မောနေတဲ့ အချိန်မှာ ဖြစ်ပေါ်ပြောင်းလဲနေတဲ့ ဇီဝဗေဒဖြစ်စဉ်တွေကို လေ့လာကြည့်မယ်ဆိုရင် အင်မတန်အံ့ဩဖွယ်ကောင်းတဲ့ အဖြစ်အပျက်တွေ ခန္ဓါကိုယ်ထဲမှာ ဖြစ်ပေါ်နေတာကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။

ရယ်မောခြင်းဟာ ကြွက်သားတွေကို ပြေလျော့စေပြီး ခန္ဓါကိုယ်ရဲ့ တင်းကြပ်မှုတွေကို သက်သာလျော့ပါးစေပါတယ်။ မကောင်းတဲ့ ဟော်မုန်းတွေ ထွက်ရှိမှုကို နည်းသွားစေပြီး ခုခံအားစနစ်မှာ ပါဝင်တဲ့ ဆဲလ်တွေထုတ်လုပ်မှုကို မြင့်တက်စေပါတယ်။Endorphins ဓါတ်တွေလည်း အများအပြား ထွက်ရှိလို့လာပါတယ်။

ဝိတ်ချချင်သူတွေအတွက် သတင်းကောင်းလည်း ရှိနေပါသေးတယ်။ တခြားတော့မဟုတ်ပါဖူး၊ တနေ့ကို ဆယ်မိနစ်ကနေ ဆယ့်ငါးမိနစ်လောက် ရယ်ပေးမယ်ဆိုရင် ၄၀ကယ်လိုရီလောက် လောင်ကျွမ်းစေတယ်ဆိုတာပါပဲ။ ဒါတင်မကသေးပါဖူး။ စိတ်ဆိုးဒေါသထွက်ခြင်းကို တုံ့ပြန်ရာမှာလည်း ရယ်မောခြင်းဟာ ထင်မှတ်မထားလောက်တဲ့ အကျိုးသက်ရောက်မှုကို ပေးပါတယ်။

ဆိုကြပါစို့၊ သင့်အနေနဲ့ ရန်ဖြစ်စကားများတော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပြီဆိုရင် ရယ်စရာမောစရာ ဟာသလေးနှောပေးလိုက်ခြင်းအားဖြင့် ပြဿနာကို ပိုပြီးချောချောမွေ့မွေ့နဲ့ အဆင်ပြေပြေပြီးသွားစေနိုင်တဲ့အတွက် နောက်ဆက်တွဲ အာရုံနောက် စိတ်ရှုပ်စရာတွေကိုလည်း တွေ့ကြုံရတော့မှာ မဟုတ်ပါဖူး။

စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေ

endorphins တွေထွက်ရှိလာတဲ့အခါ ကျွန်တော်တို့ ပိုပြီးနေလို့ထိုင်လို့ ကောင်းလာပါတယ်။ ဒါကြောင့် စိတ်ကျန်းမာရေးအတွက်လည်း အကျိုးဖြစ်စေပါတယ်။ ကျွန်တော်တို့ ပိုပျော်ပျော်ရွှင်ရွှင်ရှိလာတဲ့အပြင် အရာရာကို အကောင်းမြင်တတ်လာပါတယ်။

တနည်းပြောရရင် ပြဿနာတွေ၊ခက်ခဲတဲ့ အခြေအနေတွေကို ကောင်းတဲ့အမြင်တမျိုးနဲ့ ရင်ဆိုင်တတ်လာပါတယ်။

သင့်အနေနဲ့ နာကျင်ခံစားနေရတဲ့၊ဝမ်းနည်းနေတဲ့အချိန်မျိုးမှာ သူငယ်ချင်းတွေနဲ့ အားပါးတရ ရယ်မောလိုက်ခြင်းအားဖြင့် စိတ်ဓါတ်ခွန်အားတိုးစေသလို ပြဿနာ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို လက်တွေ့ကျကျ သုံးသပ်ရှာဖွေလာနိုင်တဲ့အတွက် ဝမ်းနည်းအားငယ်နေစရာ ဘာအကြောင်းမှ မရှိတော့ပါဖူး။

ရယ်မောနေတဲ့အချိန်မှာ သင့်အနေနဲ့ မကောင်းတဲ့ အတွေးတွေ၊စိတ်ညစ်စရာတွေကို ဘေးရွှေ့ထားနိုင်လို့ပဲ ဖြစ်ပါတယ်။ ရယ်မောပြီးတဲ့အခါမှာ ပြဿနာတွေကို ပိုပြီးခေါင်းအေးအေးနဲ့ လက်ခံဖြေရှင်းနိုင်မှာပါ။

လူမှုပေါင်းသင်းဆက်ဆံရေးဆိုင်ရာ အကျိုးကျေးဇူးတွေ

မြန်မာကားတွေထဲက အောက်ကလိအာ လူကြမ်းရယ်သံတွေကို ဘေးဖယ်ထားလိုက်မယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ရယ်မောခြင်းအကြောင်းတွေးမိတဲ့ အကြိမ်အများစုဟာ တခြားလူတွေနဲ့ ရယ်မောတဲ့အကြောင်းတွေ ဖြစ်နေတတ်ပါတယ်။

သင်နောက်ဆုံးအကြိမ် အားပါးတရ ရယ်မိတဲ့အကြောင်းကို ပြန်စဉ်းစားကြည့်ပါ၊ တယောက်တည်းရယ်တာလား ဒါမှမဟုတ် တခြားလူတွေနဲ့လား ဆိုတာကိုပေါ့။ တယောက်နဲ့ တယောက်လုံးဝမသိတဲ့ အနေအထားမျိုးတွေမှာတောင် (ဥပမာ ဘတ်စ်ကားပေါ်မှာ) ရယ်စရာပေါ်ရင် အားလုံးဝိုင်းရယ်ကြသေးတာပဲ နော့။

စမ်းသပ်မှုပြုလုပ်တဲ့အနေနဲ့ လူတယောက်ဟာ ဘာအကြောင်းမှမရှိဘဲ လမ်းပေါ်မှာရယ်မောနေတဲ့အခါ တခြားလမ်းသွားလမ်းလာတွေလည်း တဖြည်းဖြည်းနဲ့ လိုက်ရယ်ကြတာကို တွေ့ရှိခဲ့ရပါတယ်။ သမ်းဝေခြင်းနည်းတူ ရယ်မောခြင်းဟာလည်း အနီးနားကလူတွေဆီ ကူးစက်စေပါတယ်။

တဆက်တည်း ဆက်စပ်ပြီး စဉ်းစားရင် ချစ်သူရည်းစား၊လင်မယား ဆက်ဆံရေးမှာ ရယ်မောခြင်းဟာလည်း အရေးပါတဲ့ အချက်တချက်ဖြစ်တယ်ဆိုတာကို သတိပြုမိမှာပါ။ အတူတကွ ပျော်ရွှင်စွာ ရယ်မောတာမျိုးမရှိတဲ့ စုံတွဲတတွဲဟာ ဘယ်လိုများ နေထိုင်ကြမလဲ ဆိုတာ တွေးကြည့်တာနဲ့တင် စိတ်ဆင်းရဲ စရာ ကောင်းနေပါပြီ။

အနည်းငယ် စိတ်ဖိစီးနေတယ်လို့ သင့်ကိုယ်သင် ထင်နေပါသလား။ ကြည့်ရတာ သင့်အနေနဲ့ ရယ်မောဖို့ လိုနေပါပြီ။ စိတ်ထွက်ပေါက်ပေးပါ၊ပျော်ရွှင်အောင် နေပါ။ ပျော်တတ်တဲ့သူတွေနဲ့ အချိန်ဖြုန်းပါ။ အမြဲတမ်းကြီး အလုပ်နဲ့ ပိတ်လှောင်မထားပါနဲ့။ ကြားမိတဲ့ ဟာသတွေကို ဟုတ်ဟုတ် မဟုတ်ဟုတ် ရယ်ပါ။ သူများတွေ ရယ်တာကြားရတဲ့အခါ ကိုယ်ပါ လိုက်မရယ်မိအောင် နေဖို့ဆိုတာ တော်ရုံစကေးနဲ့တော့ မရပါဖူး။

ဒါကြောင့် ဟာသအစီအစဉ်တွေ အများစုမှာ နောက်ခံရယ်တဲ့အသံတွေ ထည့်ထားတာ ဖြစ်ပါတယ်။ ဟာသက အရမ်းကြီး ရယ်စရာ မကောင်းရင်တောင် တခြားသူတွေနဲ့ အတူတကွကြည့်တဲ့အခါ ရယ်ဖြစ်ဖို့ အခွင့်အလမ်း ပိုများပါတယ်။

တကယ်လို့ တယောက်တည်း ကြည့်ရင်လည်း ရယ်ရဦးမှာပါပဲ။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့တယောက်တည်း အထီးကျန်နေတာမှမဟုတ်တာ၊ ဟုတ်တယ်ဟုတ်?

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

“Laughter is the Best Medicine” – Accessed December 10 th , 2016
http://www.helpguide.org/articles/emotional-health/laughter- is-the- best-medicine.htm Accessed
December 10 th , 2016

“Give Your Body a Boost — With Laughter”– Accessed December 10 th , 2016
http://www.webmd.com/balance/features/give-your- body-boost- with-laughter?page=3 Accessed
December 10 th , 2016

“How Laughter Improves Our Health And Boosts Happiness” – Accessed December 10 th , 2016
http://www.huffingtonpost.com/entry/laughter-yoga- health_us_564f6217e4b0258edb3150f2
Accessed December 10 th , 2016

ယခုပုံစံ

12/05/2020

Dr. Thiha Phyo Myint မှ ရေးသားသည်။

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင်က introvert လား၊ extrovert လား ဆန်းစစ်ကြည့်ကြမယ်

MBTIနဲ့ သူတို့ရဲ့ ကျန်းမာရေး အခြေအနေများ



Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement