backup og meta

စိတ်ကင်ဆာ ဆိုတာ တကယ်ရှိသလား။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 10/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်ကင်ဆာ ဆိုတာ တကယ်ရှိသလား။

    စိတ်ကင်ဆာ တွေ ရနေပြီ။ စိတ်ကင်ဆာတွေ ပေးနေတာပဲဆိုတာ ဆိုရှယ်မီဒီယာမှာ ခေတ်စားလာတဲ့ ဗန်းစကားတစ်ခုပါ။ စိတ်ကတော့ ကင်ဆာမဖြစ်တတ်ပါဘူး။ ဒါပေမယ့် ကင်ဆာလိုမျိုး ကိုယ်တွင်းအစိတ်အပိုင်းတွေကို ဖျက်ဆီးနိုင်တဲ့အတွက် အမွှမ်းတင်ပြီး စိတ်ကင်ဆာလို့ ခေါ်တာဖြစ်ပါတယ်။

    စိတ်ကင်ဆာ ဆိုတာ

    ကင်ဆာရောဂါက ခန္ဓာကိုယ်ကို ဖျက်ဆီးနေသလိုပဲ စိတ်ကင်ဆာကလည်း စိတ်ကို ဖျက်စီးနေပါတယ်။ ခန္ဓာကိုယ်ထဲက ဆဲလ်တွေက ကင်ဆာဆဲလ်အဖြစ်ပြောင်းလဲသွားသလို ကိုယ့်စိတ်တွေ၊ အတွေးတွေကလည်း ကိုယ့်ကို အဆိပ်ဖြစ်စေနေပါတယ်။

    ဒီလို ကိုယ့်ကိုယ်ကို စိတ်ဒုက္ခတွေပေးရာကနေ စိတ်ကျတာ၊ စိုးရိမ်စိတ်များတာ၊ ဆေးစွဲ၊ အရက်စွဲတာ၊ အစားအသောက်မမှန်တာ၊ ကိုယ့်ကိုယ်ကို နာကျင်အောင် လုပ်တာတွေအထိ ဖြစ်လာပါတယ်။

    စိတ်ကင်ဆာဖြစ်နေတဲ့ လက္ခဏာများ

    စိတ်ကင်ဆာက ရုပ်ကင်ဆာလိုပဲ သတိမထားရင် လက္ခဏာတွေ ရှိမှန်း မသိနိုင်ပါဘူး။ ဒီအချက်တွေရှိနေရင် စိတ်ကင်ဆာဖြစ်ဖို့ အလားအလာများပါတယ်။

    • ကြီးကြီးမားမား ပြဿနာမဟုတ်တာကို အပြင်းအထန် တုံ့ပြန်တာ
    • ကိုယ့်ရဲ့ သမီးရည်းစား ဆက်ဆံရေး၊ မိသားစုအရေးနဲ့ လုပ်ငန်းခွင်မှာ အနိုင်ကျင့်ခံနေရတာ
    • သူငယ်ချင်းတွေ၊ ချစ်သူတွေနဲ့ ဆက်ဆံရေးတွေ ပြတ်စဲကုန်တာ
    • ကိုယ့်ကိုယ်ကို သံသယများလွန်းနေတာ
    • ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိတာ
    • ကိုယ့်ရုပ်နဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး စိတ်အားငယ်နေတာ
    • လူတွေ ဝေဖန်မှာကြောက်လို့ ဟိုပွဲဒီပွဲဆို မသွားတာ
    • ကိုယ့်ကိုယ်ကို ညှဉ်းဆဲတာ (ဥပမာ ဝရင် သူများပြောမှာစိုးလို့ ကိုယ့်ကိုယ်ကို အစာအငတ်ခံတာမျိုး)
    • ဆိုးရွားတဲ့ ဆက်ဆံရေးတွေကနေ ရုန်းမထွက်နိုင်တာ
    • ကိုယ့်ကိုယ်ကို အပြစ်တင်လွန်းတာ
    • ကိုယ့်ကိုယ်ကို ကျိတ်ခံစားပြီး တခြားသူတွေ ကူညီတာကို လက်မခံလိုတာ
    • သူများရဲ့ စိတ်ခံစားချက်ကိုပဲ ဦးစားပေးပြီး ကိုယ့်ကိုယ်ကို ဂရုမစိုက်တာ

    ပြောရရင်တော့ အများကြီးပါပဲ။ အများစု သိကြတဲ့ imposter syndromeတို့၊ people pleaser တို့ဆိုတာလည်း စိတ်ကင်ဆာတွေပါပဲ။

    ဘာတွေကများ စိတ်ကင်ဆာ ဖြစ်စေတာလဲ။

    • ကိုယ့်ကိုယ်ကို အပြစ်တင်လွန်းတာ

    ကိုယ့်ရဲ့ စိတ်ထဲမှာ နတ်ဆိုးလေးရှိတယ်ဆိုတာ သိလား။ သူကလေ ကိုယ်ဘယ်လောက် အကောင်းလုပ်လုပ် အကောင်းမမြင်ဘူး။ “နင် ဒါလေးတောင် မလုပ်နိုင်ဘူးလား။ သူများတွေတော့ ဘာဖြစ်နေပြီ။ တော်တော် အသုံးမကျတာပဲ။ ကြည့် ကြည့် အမှားလုပ်ပြန်ပြီ” ဆိုပြီး ခဏခဏ အပြစ်တင်တတ်တဲ့ နတ်ဆိုးပါ။ ဒါကြောင့် ကြာလာတဲ့အခါ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ပျောက်ဆုံးပြီး မလုပ်ရသေးဘူး အရှုံးပေးချင်နေပါပြီ။

    • ကိုယ်ကိုယ်ကို စိတ်တိုင်းမကျတာ

    အသားက မည်းလို့၊ လူကဝလို့၊ ပုလို့ စတဲ့ စံနှုန်းတွေနဲ့ သတ်မှတ်ပြီး ကိုယ့်ကိုယ်ကို မကျေနပ်တာပါ။ ဘယ်လိုပဲ ရုပ်ဆိုတာ အပေါ်ယံအလှ၊ စိတ်ထားကောင်းဖို့က အဓိကဆိုပေမယ့် ကိုယ့်ရုပ်ရည်ကို မကျေနပ်နိုင်တဲ့ အခါကျတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပျောက်ဆုံးလာပါတယ်။ ပိုဆိုးတာက အစားတွေ ရှောင်လွန်းတာ၊ မကျန်းမာတဲ့ နည်းတွေနဲ့ အလွန်အကျွံ ဝိတ်ချပြီး ကိုယ့်ကိုယ်ကို ထိခိုက်အောင် လုပ်တာပါ။

    • သူများတွေရဲ့ အမြင်ကို အရေးပေးလွန်းတာ

    သူများက ဘာလေးပဲ ပြောလိုက် ပြောလိုက် လိုက်ခံစားပြီး နာကျင်နေရတာပါ။ ဝေဖန်တာလား၊ မကောင်းတဲ့စိတ်နဲ့ ပြောနေတာလားဆိုတာကို မခွဲခြားနိုင်ဘဲ ကိုယ့်မှာပဲ ချို့ယွင်းချက်ရှိနေတယ်လို့ လက်ခံလိုက်တာမျိုးပါ။

    • သူများကို အနိုင်ကျင့်ခွင့် ပေးထားတာ

    ဘယ်လောက်ပဲ ရင်းနှီးရင်းနှီး စည်းတစ်ခု ထားထားသင့်ပါတယ်။ ဒါမှ သူများတွေ လာမစော်ကားမှာပါ။ သမီးရည်းစားအချင်းချင်းပဲဖြစ်ဖြစ်၊ မိသားစုတွင်းမှာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်စိတ်ပိုင်းဆိုင်ရာ လာစော်ကားတာတွေကို လက်ခံမိနေတာမျိုးပါ။ ဥပမာ ‘ငါက ချစ်လို့ ပြောတာ’ ဆိုတဲ့ စကားတွေနဲ့ မကြာခဏ အနိုင်ကျင့်ခံရပြီး ကိုယ့်အခွင့်အရေးတွေ ဆုံးရှုံးနေတာမျိုးပေါ့။

    • ကိုယ့်စိတ်ကို မနိုင်တာ

    တစ်ခါတလေကျတော့လည်း အပေါ်က အချက်တွေနဲ့ မဆိုင်ဘဲ ကိုယ့်ကိုယ်ကို စိတ်ဒုက္ခပေးနေတာလည်း ရှိပါတယ်။ အနိုင်ကျင့်တတ်တဲ့ exကို မပြတ်နိုင်တာမျိုး၊ အချိန်ဖြုန်းတာမကောင်းမှန်း သိပေမယ့် ပြီးမှ နောင်တရတာမျိုး၊ ကိုယ့်ကျန်းမာရေးအတွက် မကောင်းတဲ့ အပြုအမူတွေကို စွဲလမ်းနေတာမျိုးပေါ့။

    တကယ်တော့ စိတ်ကင်ဆာဆိုတာက သူများ ဒါမှမဟုတ် ကိုယ့်စိတ်က ကိုယ့်ကို အနိုင်ကျင့်နေတာကို ခွင့်ပြုထားတာပါ။ ဒီကနေ ရုန်းထွက်ပြီး ကိုယ့်ကိုယ်ကို ရှင်သန်ရအောင်ပါ။

    စိတ်ကင်ဆာတွေကို ဘယ်လိုကုသကြမလဲ။

    အရင်ဆုံး ကိုယ်တိုင် လုပ်နိုင်တဲ့ အချက်တွေကတော့

    • ကိုယ့်ကိုယ်ကို မြင်အောင်ကြည့်ပါ။ အပြစ်ပဲ တင်မနေဘဲ ကိုယ့်ရဲ့ အားသာချက်တွေ၊ အောင်မြင်မှုတွေကို သေးသေးလေးပဲဖြစ်ဖြစ် ချရေးထားပါ။
    • နေ့တိုင်း ကိုယ်နဲ့ ပတ်သက်ပြီး ကောင်းတဲ့ အကြောင်းအရာတစ်ခုကို စဉ်းစားပါ။
    • ကိုယ့်ကိုယ်ကို အချိန်ပေးပြီး ပြန်လည်သုံးသပ်ပါ။ သူများက ကိုယ့်ကို နှိမ်တဲ့ စကားတွေကို အတည်မယူဘဲနဲ့ပေါ့။
    • It’s OK not to be OK ပါ။ တစ်ခါတလေမှာ ဝမ်းနည်းတာ၊ နာကျင်တာ ဖြစ်လို့ ရပါတယ်။ ငိုလို့ရပါတယ်။ ရင်ဖွင့်လို့ ရပါတယ်။ လူသားတွေပဲမလား။
    • တစ်ခါတလေ လုပ်သလောက်မအောင်မြင်တာလည်း ရှိနိုင်ပါတယ်။ သူများတွေ အပြစ်တင်ပေမယ့် ကိုယ့်ကိုယ်ကို အပြစ်မမြင်ပါနဲ့။ စိတ်ညစ်ချင်ရင် ညစ်လိုက်ပါ။ ပြီးရင်တော့ ဒီထဲမှာ နစ်မြုပ်မနေဘဲ ရှေ့ဆက်သွားကြတာပေါ့။
    • အကျင့်တွေက ကူးစက်နိုင်တာကြောင့် ကိုယ့်နားမှာ အကောင်းမြင်တတ်တဲ့သူ၊ ပျော်ပျော်နေတတ်တဲ့သူကိုပဲ ထားပါ။ အနည်းဆုံးတော့ ကိုယ့်ကို စိတ်ကင်ဆာ မပေးမယ့်သူမျိုးပေါ့။
    • သူများကို ကူညီတာ၊ သူများရဲ့ ခံစားချက်တွေကို အလေးထားတာ ကောင်းပါတယ်။ ဒါပေမယ့် အမြဲတမ်းတော့ ဦးစားမပေးပါနဲ့။ People pleaser မလုပ်ပါနဲ့။ Noလို့ ငြင်းဆန်နိုင်ပါတယ်။
    • ဒေါသထွက်လို့လည်း ရပါတယ်။ ကိုယ့်ကို အနိုင်ကျင့်တာကို ခေါင်းငုံ့မခံပါနဲ့။ ကိုယ်မှန်တယ်ဆိုရင် ပွင့်ပွင့်လင်းလင်းပြောပြီး တုံ့ပြန်လို့ရပါတယ်။
    • ကိုယ့်အတွက် မကောင်းတဲ့သူတွေကို စွန့်လွှတ်ပါ။ စိတ်ပျက်စရာကောင်းတဲ့ exကိုလည်း စာမပို့ပါနဲ့တော့။ ခွင့်လွှတ်သင့်တာ ခွင့်လွှတ်၊ လွှတ်ချသင့်တာ လွှတ်ချလိုက်ပါ။

    စိတ်ကင်ဆာတွေ သိပ်ဆိုးလာပြီး ထွက်ပေါက်ပိတ်နေတယ်လို့ ခံစားရရင်တော့ နှစ်သိမ့်ဆွေးနွေးပေးတဲ့ counseling ယူဖို့ လိုလာပါပြီ။ စိတ်ကင်ဆာကလည်း ရုပ်ကင်ဆာလိုပဲ ပြင်းထန်တယ်ဆိုတာ သတိထားသင့်ပါတယ်။

    ကိုယ့်ကိုယ်ကို ချစ်ပါ။

    ကိုယ့်ကိုယ်ကို ချစ်တာက တစ်ကိုယ်ကောင်းဆန်တာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို မထိခိုက်အောင် ကာကွယ်တာပါ။ ဒီအတောအတွင်းမှာ စိတ်ကင်ဆာတွေ ဘယ်လောက်တောင်များ ခံစားပြီးပြီလဲ။ မမြင်ရတဲ့ စကားလုံးလှလှလေးတွေနဲ့ ဘယ်လောက်တောင် အနိုင်ကျင့်ခံပြီးပြီလဲ။
    ခုဒီလောက်နဲ့ပဲ စိတ်ကင်ဆာတွေကို ရှောင်လိုက်ရအောင်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 10/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement