backup og meta

လိင်စိတ်တိမ်းညွှတ်ခြင်းဆိုတာဘာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 05/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်စိတ်တိမ်းညွှတ်ခြင်းဆိုတာဘာလဲ

    လိင်စိတ်တိမ်းညွှတ်ခြင်းဆိုတာဘာလဲ ဆိုတော့ လူရယ်လို့ ဖြစ်လာပြီဆိုရင် ကျား၊မ သဘာဝဆိုတာ မွေးကတည်းက ပါလာပြီးသား၊သတ်မှတ်ပြီးသားပါ။

    (လိင်နှစ်မျိုးပါလာတာတို့ ဘာတို့ စသဖြင့် ချွင်းချက်လေးတွေတော့ ရှိသပေါ့လေ)။ ဒါပေမယ့် ကျွန်တော်တို့ ဆေးပညာအရ အထီး၊အမ သဘာဝ သတ်မှတ်တယ်၊ခွဲခြားတယ်ဆိုတာကလည်း အပြင်ပန်းမြင်ရတဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ကြည့်ပြီး သတ်မှတ်ရတာမျိုး မဟုတ်လား။

    ယေဘုယျအားဖြင့် အပြင်ပန်းအင်္ဂါအစိတ်အပိုင်းတွေ နဲ့ အတွင်းပိုင်းစိတ်သဏ္ဍာန်ကဖြစ်ပေါ်လာတဲ့ လိင်စိတ်သဘာဝတို့ဟာ (အနောက်တိုင်း ဆေးပညာ အလိုအရတော့ ကျား၊မလိင်ဟော်မုန်းတွေက လွှမ်းမိုးချုပ်ကိုင်နေတဲ့ လိင်စိတ်တွေပေါ့) သဟဇာတဖြစ်ပါတယ်။ ပုံစံတူညီပါတယ်။ ဆိုလိုတာက အပြင်ပန်းမှာ ကျားသဘာဝပုံစံရှိတယ်ဆိုရင် အတွင်းလိင်စိတ်ကလည်း ကျားသဘာဝပဲဖြစ်တာမို့ ဆန့်ကျင်ဖက်လိင်ဖြစ်တဲ့ မ သတ္တဝါကို လိုချင်တပ်မက်ပါတယ်။ ဒါဟာ လူအများစုမှာ ဖြစ်နေတဲ့ သဘာဝအရှိတရားဖြစ်တဲ့အတွက် ‘ပုံမှန်’လို့ လူ့အဖွဲ့အစည်းက သတ်မှတ်ထားလေ့ရှိပါတယ်။ ဒါကိုပဲ လိင်စိတ်တိမ်းညွှတ်မှုလို့လည်း သမုတ်နိုင်မှာပါ။

    လိင်စိတ်တိမ်းညွှတ်ခြင်းဆိုတာဘာလဲ

    လိင်စိတ်တိမ်းညွှတ်ခြင်းဆိုတာဘာလဲ ဆိုတော့ လူတယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ချစ်ခြင်းမေတ္တာ ဒါမှမဟုတ် သွေးသားဆန္ဒအရ တစုံတဦးကို တိမ်းညွှတ်တွယ်တာ လိုချင်တပ်မက်တာကို လိင်စိတ်တိမ်းညွှတ်မှုလို့ အကြမ်းဖျင်း သတ်မှတ်နိုင်ပါတယ်။

    လိင်စိတ်တိမ်းညွှတ်မှုကို (အများအားဖြင့်) အမျိုးအစား သုံးမျိုး ခွဲလေ့ရှိပါသတဲ့။

    • Heterosexual : Hetero ဆိုတာ မိမိနှင့် အမျိုးအစားမတူညီသောလို့ အဓိပ္ပါယ်သက်ရောက်တာမို့ ဆန့်ကျင်ဖက်လိင်ကို တပ်မက်စွဲလမ်းတာဟာ Heterosexual ဖြစ်ပါတယ်။ ဒါကတော့ များရာစုပေါ့လေ။
    • Bisexual : Bi ဆိုတာ နှစ်ခု၊နှစ်မျိုးလို့ ဆိုလိုတာမို့ ကျားမ မဟူနှစ်မျိုးလုံးကို စွဲလမ်းသဘောကျသူတွေကိုတော့ Bisexual လို့ ဆိုပြန်သပေါ့။
    • Homosexual : Homo ဆိုတာ တူညီသည် လို့ ပြောချင်တာမို့ ကိုယ်နဲ့ လိင်သဘာဝတူသူတွေကိုမှ စွဲလမ်းချစ်ခင်မြတ်နိုးတတ်ကြသူ (ဝါ) လိင်တူချစ်သူများပေါ့။

    အတွင်းစိတ်သဏ္ဍာန်ရဲ့ လိင်စိတ်တိမ်းညွှတ်မှုကို အပြင်ပန်းမှာ ပေါ်ပေါ်လွင်လွင် ဖော်ပြသူတွေရှိသလို ဖုံးအုပ်ထားသူတွေလည်း ဒုနဲ့ဒေးပါ။

    တချို့လူတွေဟာ Bisexual ဒါမှမဟုတ် Homosexual ဘာလို့ ဖြစ်လာကြတာလဲ။

    ဒီနှစ်မျိုးအပါအဝင် လိင်စိတ်တိမ်းညွှတ်မှုအားလုံးဟာ ပတ်ဝန်းကျင်လွှမ်းမိုးမှု၊စိတ်ပိုင်းဆိုင်ရာခံစားချက်၊ဟော်မုန်းနဲ့ အခြားသော ဇီဝဖြစ်စဉ်လွှမ်းမိုးမှုတွေ ပေါင်းစည်းခြင်းပေါ် မူတည်ပြီး ကွဲပြားဖြစ်ပေါ်လေ့ရှိတယ်လို့ သိပ္ပံပညာရှင်အများစုက လက်ခံထားကြပါတယ်။ ဆိုလိုချင်တာကတော့ အချက်တချက်တည်းကြောင့် လိင်တူလိင်ကွဲ စွဲလမ်းတာမျိုး ဖြစ်ရတာမဟုတ်ဘဲ နောက်ခံအကြောင်းပေါင်းစုံသင့်မှသာ ဖြစ်ပေါ်လာရတာမျိုးလို့ ပြောချင်တာပါ။ ဒီနောက်ခံအကြောင်းပေါင်းစုံဆိုတာဟာလည်း လူတဦးနဲ့တဦးမှာ မတူညီနိုင်ပါဘူး။

    ဒီနေရာမှာ သိထားရမယ့် အချက်က လိင်တူစိတ်ဝင်စားခြင်း၊လိင်နှစ်မျိုးလုံးကို စိတ်ဝင်စားခြင်း စတာတွေဟာ စိတ်ရောဂါမဟုတ်ဘူး ဆိုတဲ့ အချက်ပါပဲ။ ဒါပေမယ့်လည်း ဘာသာရေးအရပဲဖြစ်ဖြစ်၊နဂိုသတ်မှတ်ပြီးသား အထင်အမြင်တွေကြောင့်ပဲဖြစ်ဖြစ် အဆိုပါ ပုဂ္ဂိုလ်တွေဟာ အနည်းနဲ့အများဆိုသလို ခွဲခြားဆက်ဆံခြင်း ခံရတတ်ပါတယ်။

    ကိုယ့်ရဲ့ လိင်စိတ်တိမ်းညွှတ်မှုကို ဘယ်လိုသိနိုင်မလဲ။

    ပုံမှန်အားဖြင့်တော့ မြီးကောင်ပေါက်ဆယ်ကျော်သက်အရွယ်မှာ မိမိရဲ့ လိင်စိတ်တိမ်းညွှတ်မှုက ပေါ်လွင်ပီပြင်လာလေ့ရှိပါတယ်။ ဒီလို ပေါ်လွင်လာဖို့အတွက် လိင်ပိုင်းဆိုင်ရာ ထိတွေ့ဆက်ဆံမှုတစုံတရာ ရှိဖို့လည်း မလိုအပ်ပါဘူး။ လိင်တူစိတ်ဝင်စားသူတွေဟာဆိုရင်လည်း သစ်ရွက်လှုပ်ရင် စိတ်ကူးယဉ်ချင်တယ်ဆိုတဲ့ လူပျိုဖော်၊အပျိုဖော် ဝင်ခါစ ကာလမှာ မိမိနဲ့ ကျား၊မ လိင်သဘာဝတူညီတဲ့သူတွေအပေါ်မှာ စွဲလမ်းတပ်မက်စိတ်တွေ စတင်ပေါ်ပေါက်လာတတ်ပါတယ်။

    လူတယောက်ရဲ့ လိင်စိတ်တိမ်းညွှတ်မှုကို ပြောင်းလဲပစ်နိုင်သလား။

    လိင်စိတ်တိမ်းညွှတ်မှုဆိုတဲ့ အမှုကိစ္စဟာ ရွေးချယ်မှုမဟုတ်တဲ့အတွက် ပြောင်းလဲပစ်ဖို့ရာ မဖြစ်နိုင်ဘူးလို့ ပညာရှင်အများစုက လက်ခံယူဆထားကြပါတယ်။ လိင်တူ/လိင်စုံ စိတ်ဝင်စားသူအချို့ဟာ ပတ်ဝန်းကျင်ရဲ့ ခွဲခြားဆက်ဆံမှုကို ကြောက်ရွံ့တဲ့အတွက် လူအများစုနည်းတူ လိင်ကွဲကိုသာ စိတ်ဝင်စားသယောင် ဟန်ဆောင်နေကြရတာမျိုးတွေလည်း ရှိနေပါတယ်။ ဘာသာရေး၊လူမှုရေးဆိုင်ရာ ကွပ်ညှပ်မှုတွေဟာလည်း လိင်တူ/လိင်စုံ စိတ်ဝင်စားမှုတွေကို တထောင့်တနေရာကနေ ဖိနှိပ်တာမျိုး၊မရည်ရွယ်ဘဲ ခွဲခြားလိုက်တာမျိုးတွေ ရှိနေဆဲပါ။

    လိင်စိတ်တိမ်းညွှတ်မှုဟာ လူသားဖြစ်တည်မှုရဲ့ နောက်ခံအကြောင်းရင်းများစွာ ပေါင်းစပ်ပါဝင်နေပြီး အတိတ်ကံတွေ၊အကုသိုလ်တွေကြောင့်လည်း မဟုတ်ပါဘူး။ လက်တွေ့ကျတဲ့ သိပ္ပံပညာရပ်ကတော့ သည်လိုပဲ ဆိုပါတယ်။ ဒူးရင်းသီးကို အသေရရ အရှင်ရရ ကြိုက်နှစ်သက်သူတွေရှိသလို အနံ့တောင်မခံနိုင်သူတွေလည်း ရှိနေပါတယ်။ ဒီလိုပါပဲ .. လိင်စိတ်တိမ်းညွှတ်မှုဟာလည်း လူတကိုယ်အကြိုက်တမျိုးဆိုတဲ့ သဘောသာဖြစ်တာမို့ ဘယ်လိုလူမျိုးကိုပဲမဆို မေတ္တာရှေ့ထားပြီး ချစ်ချစ်ခင်ခင်နဲ့ သူ့အကျိုးကိုယ့်အကျိုး နှစ်ဦးနှစ်ဝ အဆင်ပြေအောင် ဖေးမကူညီလက်တွဲဆက်ဆံကြမယ်ဆိုရင် ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာကြီးက အခုထက်ပိုပြီး နေပျော်တဲ့ အသိုက်အဝန်းကြီးတခု ဖြစ်လာမှာ အသေအချာပါပဲ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 05/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement