backup og meta

အရပ် ပုတာ အားနည်းချက် လား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 14/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရပ် ပုတာ အားနည်းချက် လား

    ဂျပု တဲ့။ လောရှည် တဲ့။ ခန္ဓာကိုယ် ပုံပန်းသဏ္ဍာန်နဲ့ အသွင်အပြင်၊ အချိုးအစား တို့ကို ပြစ်တင်ဝေဖန်လေ့ရှိတဲ့ သူတွေရဲ့ Body Shaming အလေ့အထ ကို ဒီအခေါ်အဝေါ်တွေမှာ မြင်နိုင်ပါတယ်။

    တချို့က ချစ်စနိုးနဲ့ စနောက် ခေါ်ဝေါ်ကြတာ ရှိပေမယ့် အများစုကတော့ ဦးတည်ချက် အဓိပ္ပာယ် နည်းနည်းပါနေတတ်ပါတယ်။ ဥပမာ အတည်အခန့် နေရတဲ့ ပတ်ဝန်းကျင်ရောက်မှ လူကြားထဲ လှမ်းခေါ်တာမျိုး။

    အရပ် အနိမ့်၊ အမြင့်က အားနည်းချက်လား

    မဟုတ်ပါဘူး။ အရပ် ပုတော့ ပေမမီ ဒေါက်မမီ ၊ အရပ် မြင့်ပြန်တော့ ဓာတ်တိုင်ကြီး၊ ထန်းပင်ကြီးလိုပဲ ဆိုတဲ့ စကားတွေက လူ့ဘဝဖြစ်တည်မှုမှာ ဘာများ အရေးပါနေပါသလဲ။

    အရပ်ရှည်ခြင်း၊ ပုခြင်းက များသောအားဖြင့်တော့ မျိုးရိုး နဲ့ဆိုင်ပါတယ်။ ဘဝနေထိုင်မှုပုံစံနဲ့ နေထိုင်တဲ့ ပတ်ဝန်းကျင် နဲ့ဆိုင်ပါတယ်။ ကိုယ်ရရှိခဲ့တဲ့ အာဟာရနဲ့ ဆိုင်ပါတယ်။ ကျန်းမာရေး အခြေအနေ နဲ့ဆိုင်ပါတယ်။ ဒါက တခြားသူတွေအတွက် ဘာများ အနှောင့်အယှက် ဖြစ်စေလို့ပါလဲ။

    အရပ် က ပြဿနာ မဟုတ်ဘူး

    အရပ်ကြောင့် လူတွေက သင့်ကို မထီမဲ့မြင် ဆက်ဆံကြလို့၊ လှောင်ပြောင်ကြလို့ ကိုယ့်အရပ်အမောင်းကိုယ် မုန်းနေသလား။ အဖြေကတော့ မဖြစ်သင့်ပါဘူး လို့ ပဲဆိုပါရစေ။ ကိုယ့်ရဲ့ အတွေးအမြင်ကပဲ လူမှုရေး ဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ထင်ဟပ်ပုံဖော်ပေး တာဖြစ်ပါတယ်။

    အရပ် ရှည်နေရင်ပဲဖြစ်ဖြစ် ပုနေရင်ပဲ ဖြစ်ဖြစ် ဝေဖန်နေရတာကို ကြိုက်တဲ့သူတွေက တစ်ခုမဟုတ် တစ်ခုပြောဖို့ အကြောင်း ရှာနေပါလိမ့်မယ်။ အခြားသူတွေရဲ့ စိတ်ခံစားချက် အတိုင်း လိုက်လုပ်နေစရာတော့ မလိုပါဘူး။

    ယုံကြည်ချက် ရှိရှိ ရှေ့ဆက်ပါ။ ကိုယ့်ရဲ့ အရှိအနေအထား အတွက် ရှောင်လွှဲစရာ၊ ရှက်ရွံ့စရာ အကြောင်း မရှိပါဘူး။

    ကျန်းမာရေး အတွက်လည်း ပုံသေအားနည်းချက် ဖြစ်မနေဘူး

    အရပ်ပုရင် ဘယ်လိုကျန်းမာရေး အားနည်းချက် ရှိတယ် ပြောလည်း အရပ်ရှည်သူတွေမှာ ဖြစ်နိုင်ခြေများတဲ့ ကျန်းမာရေးပြဿနာတွေလည်း ရှိနေတာမို့ ထူးမခြားနားနေပါဘူး။ ကျန်းမာရေးကို သက်ရောက်စေတဲ့ တခြားပတ်ဝန်းကျင် အကြောင်းရင်းတွေ အများကြီးရှိနေပါသေးတယ်။

    ဒါ့ကြောင့် ကျန်းမာရေးအတွက် အရေးပါတဲ့ အရာတွေကိုသာ ပုံမှန်ဂရုစိုက်နေထိုင်သွားပါ။ ကိုယ်ပြောင်းလဲပစ်လို့ မလွယ်ကူတဲ့ အရပ်အမောင်းနဲ့ ပတ်သက်ပြီး ခံစားနေဖို့ မလိုပါဘူး။

    အရပ် ပုလို့ စိတ်ညစ်နေဖို့ မလိုပါဘူး

    ကိုယ်က ခန္ဓာကိုယ် အသုံးပြုရတဲ့ အလုပ်အကိုင် မဟုတ်ဘူးဆိုရင် အရပ် ပုတာ ကိုယ့်အတွက် ဘာမှ အနှောင့်အယှက် မဖြစ်နိုင်ပါဘူး။ အားကစားသမားက လွဲလို့ ကိုယ့်ဘဝရဲ့ အောင်မြင်မှုတွေက အရပ်နဲ့ မဆိုင်ဘူးဆိုတာ သိထားသင့်ပါတယ်။

    လူ့သက်တမ်းက တိုတိုလေးရယ် ဆိုတော့ အရပ် အမောင်း အတွက် ခံစားနေဖို့ အချိန်မရှိပါဘူး။ ကိုယ်သာ ထိပ်တန်းအဆင့် အောင်မြင်လာကြည့်ပါ၊ သင့်ရဲ့ အရပ်အမောင်း အတွက် ဝေဖန်နေနိုင်ကြမှာ မဟုတ်ပါဘူး။ ကိုယ့်အနေအထား ကိုသာ မြင်ကြ၊ အာရုံစိုက်ကြတော့မှာပါ။

    ကိုယ့်ကိုယ်ကို စိတ်ပျက်နေဖို့ မလိုပါဘူး။ အရပ်အမောင်း ကြောင့် ရှက်ရွံ့အားငယ်စရာ မလိုသလို ကိုယ့်ကိုယ်ကိုယ် လက်ခံနိုင်ဖို့ ကြိုးစားရပါမယ်။

    ကိုယ့်ကိုယ်ကို အချိန်ပေးလိုက်ပါ။ ဘဝ မှာ ဘာတွေက အရေးကြီးသလဲ ဆိုတာ အနှေး နဲ့ အမြန် ဆိုသလို အဖြေ ထွက်လာပါလိမ့်မယ်။ ဘယ်သူဘာပြောပြော အရေးမပါတာ တွေကို အရေးမလုပ်တာသာ အကောင်းဆုံးပါ။ အရပ်ပုသည် ဖြစ်စေ၊ မြင့်သည် ဖြစ်စေ သင်ဟာ အားနည်းချက် ရှိမနေပါဘူး။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 14/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement