backup og meta

ဖန်တီးနိုင်စွမ်း ပိုကောင်းလာဖို့ ကိုယ့်ရဲ့စိတ်ကိုပြုပြင်ကြမယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဖန်တီးနိုင်စွမ်း ပိုကောင်းလာဖို့ ကိုယ့်ရဲ့စိတ်ကိုပြုပြင်ကြမယ်

    အလုပ်ခွင်မှာ အရေးကြီးဆုံးကလေ ညမိုးချုပ်ထိအလုပ်လုပ်ဖို့လည်းမဟုတ်ဘူး၊ မိုးမလင်းခင်တည်းက လာအလုပ်လုပ်ဖို့လည်းမဟုတ်ဘူး၊ လူကြီးအမြင်ကြည်အောင်လုပ်ဖို့လည်းမဟုတ်ဘူး။ ကိုယ့်ရဲ့ ဖန်တီးနိုင်စွမ်း (creativity)နဲ့ လုပ်နိုင်စွမ်း(productivity) ကောင်းဖို့က အဓိကပါပဲ။

    ဖန်တီးနိုင်စွမ်း ပိုကောင်းလာဖို့ ကိုယ့်ရဲ့စိတ်ကိုပြုပြင်ကြမယ်

    ဒါပေမယ့် ကိုယ့်မှာ အဲ့အပိုင်းကိုပဲ အရင်ကထက်ကျဆင်းလာပြီး စိတ်ဖိစီးမှုတွေပဲ ထမ်းပိုးလာရတယ်ဆို ပုံမှန်မဟုတ်တော့ပါဘူး။

    ဒီလိုဆို အမြန်ကုစားဖို့လိုနေပါပြီ။ အလုပ်တွေပိုလုပ်နိုင်လာဖို့က ဘာကိုလိုအပ်မယ်ထင်ပါသလဲ။ အရင်ဆုံး – ကိုယ့်စွမ်းရည်တွေကို အဟန့်အတားဖြစ်နေတဲ့အရာတွေ ဘာတွေရှိမလဲဆိုတာကို ပြန်သုံးသပ်ပါ။

    ကိုယ့်အတွေးတွေကို ဆန်းစစ်ပါ

    ပထမဆုံး ကိုယ့်ခေါင်းထဲပေါ်ပေါ်လာတဲ့ အတွေးတွေကို တစ်ချက်ပြန်ဆန်းစစ်ပါ။ လူဆိုတာ အကျင့်ပါတတ်တဲ့အမျိုးမို့ အဆိုးမြင်တာ၊ အပြစ်တင်တာ၊ ကြိုတွေးပူတာတွေလို ကိုယ့်စိတ်မှာ အဆိပ်ဖြစ်စေမယ့် အတွေးတွေ ဖြစ်လာတယ်ဆို အကျင့်မပါပါစေနဲ့။ အကောင်းမြင်ဘက်က အတွေးတွေကို မွေးမြူပါ။ စိတ်ဖိစီးတာ၊ ပူပန်တာတွေကြောင့် အကျိုးရှိမလာနိုင်တာမို့ ဒါတွေ တွေးမယ့်အစား ဖြေရှင်းဖို့ကို အရင်တွေးပါ။ ရှုထောင့်ပြောင်းပြီး ကောင်းတဲ့ဘက်က ပြောင်းမြင်ကြည့်ပါ။

    လူက အရင် တက်ကြွလန်းဆန်းအောင်နေပါ

    လူကအရင် ကြည်လင်လန်းဆန်းနေမှ စိတ်ကလည်း အတူ ပြောင်းလဲလာမှာပါ။ နည်းနည်းပဲဖြစ်ဖြစ် ပျော်ရွှင်မှုကို ပိုရချင်ရင် ခန္ဓာကိုယ်မှာ အကောင်းဘက်ကို အရင်ပြောင်းလဲလိုက်ပါ။ နေပုံထိုင်ပုံ၊ သွားပုံလာပုံကအစ အမူအကျင့်နဲ့ အလေ့အထတွေမှာ ပြုပြင်ပြောင်းလဲပြီးကျင့်ယူပါ။ ကိုယ်နေဟန်ထား ပုံစံကျအောင်နေမယ်၊ မကြာခဏ ပြုံးရယ်တတ်အောင်နေမယ်၊ တက်ကြွလှုပ်ရှားအောင် နေမယ်ဆိုရင် လုံလောက်ပါပြီ။

    အဆင်မပြေမှုတွေကို ဟာသလုပ်ပစ်ပါ

    အဆင်မပြေမှုတွေ ကြုံလာခဲ့ရင်တောင် ဟာသလုပ်ပစ်နိုင်ပါစေ။ ပျော်ပျော်နေတတ်သူအဖို့ ဘယ်ပြဿနာကိုမဆို ရှောင်ပုန်းစရာမလိုဘဲ အကောင်းဆုံးနည်းနဲ့ကျော်လွှားနိုင်ပါတယ်။ အခုဖြစ်လာတဲ့အခြေအနေက နောက်ပိုင်းကောင်းဖို့အတွက် ဖြစ်လာနိုင်တယ်လို့ တွေးပြီး ရင်ဆိုင်ပါ။ စိန်ခေါ်မှုတွေ၊ စိတ်ညစ်စရာတွေကို ရယ်စရာလုပ်ပစ်လိုက်တဲ့အခါ စိတ်ဖိစီးမှုတွေလျော့စေပြီး နည်းလမ်းမှန်ကိုမြင်လာနိုင်တယ်၊ အတွေးကောင်းတွေပေါ်လာနိုင်တယ်လေ။

    အခိုက်အတန့်ကောင်းလေးတွေကို တန်ဖိုးထားပါ

    ကျွန်မတို့တွေက ပျော်စရာကောင်းခဲ့တဲ့အခိုက်အတန့်လေးတွေကို သေချာအသိအမှတ်မပြုပေးဘဲ‌ ကျော်လွန်ခဲ့မိကြတာများပါတယ်။ ကိုယ့်သူငယ်ချင်းက surprise လက်ဆောင်လေးပေးတာ၊ ချစ်ခင်ကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ပျော်ရွှင်ခဲ့ရတာ၊ ကိုယ်စိတ်ညစ်နေချိန်မှာ ရယ်စရာလေးပြောပြီးအားပေးခဲ့သူ တွေကြောင့် စိတ်ဓာတ်မကျခဲ့တာ စတဲ့ အခိုက်အတန့်လေးတွေကို အသိအမှတ်ပြု၊ မှတ်သားထားသင့်ပါတယ်။ ကိုယ့်မှာအဆင်မပြေတာတွေ၊ စိတ်ညစ်စရာတွေဖြစ်လာတဲ့အခါ ဒီလိုပျော်စရာတွေကို ပြန်တွေးလိုက်ပါ။ အမှတ်တရကောင်းတွေသာ သိမ်းဆည်းထားပါ။ အချိန်မရွေး စိတ်ချမ်းသာရပါလိမ့်မယ်။

    ကျေးဇူးတင်တတ်ပါစေ

    ကျေးဇူးတင်တတ်တဲ့ အမူအကျင့်လေးကြောင့် စိတ်ဖိစီးမှုတွေလျော့နည်းစေတယ်၊ အခက်အခဲဖြစ်နေချိန်မှာတောင် ‌ဖြေသာတယ်၊ အကောင်းမြင်တတ်စေတယ်။ ကိုယ့်အတွက် သက်သာရာရစေတဲ့၊ ပျော်ရွှင်မှုဖြစ်စေခဲ့တဲ့အရာ သို့မဟုတ် လူပုဂ္ဂိုလ်တွေ၊ အချိန်အခါ တွေကို ပြန်တွေးပါ။ အသေးအဖွဲလေးပဲဖြစ်ပါစေ ကျေးဇူးတင်စိတ်လေးဖြစ်လာတာနဲ့ အဆိုးမြင်စိတ် ဖြစ်လာနိုင်ခြေကို တားဆီးနိုင်ပါတယ်။

    ကိုယ်က ဘယ်ဘက်မှာဖန်တီးနိုင်စွမ်းပိုကောင်းသလဲ ရှာဖွေပါ

    ဘယ်ဘက်မှာ ကိုယ်က ဖန်တီးနိုင်စွမ်း ပိုကောင်းလဲမသိသေးဘူး၊ ဘယ်အလုပ်မှာအားသန်သလဲ သတိမထားမိသေးဘူးဆိုရင် ရှာဖွေပါ။ လက်မှုပညာလား၊ နည်းပညာမှာလား၊ အရေးအသားပိုင်းလား၊ ပန်းချီလား။ ကိုယ့်ဝါသနာနဲ့ အားသန်ရာကို အချိန်ပေးပါ။ အတွေးတွေများနေမယ့်အစား ကိုယ့်ရဲ့ဖန်တီးနိုင်စွမ်းကို ထပ်ပြီး အရောင်တင်လိုက်ပါ။

    အကောင်းမြင်တတ်တဲ့သူတွေအနားမှာနေပါ

    လူဆိုတာက ပတ်ဝန်းကျင်ရဲ့လွှမ်းမိုးမှုကို လွန်ဆန်ဖို့ခက်ပါတယ်။ ကိုယ့်အနားကလူတွေက အဆိုးမြင်တတ်၊ ပူလောင်တတ်တဲ့ စိတ်တွေပိုင်ဆိုင်ထားရင် ကိုယ့်ကိုလည်းတစ်ချိန်ချိန်ကူးစက် လာမှာမလွဲပါဘူး။ ဒါ့ကြောင့် အကောင်းမြင်တတ်၊ စိတ်ပေါ့ပါးတတ်တဲ့သူတွေနားမှာနေပါ။ တိုးတက်မှုအတွက် ရှာဖွေရမှာတော့ ကိုယ့်အပိုင်း၊ ကိုယ့်တာဝန်မို့ သိပ်တော်၊သိပ်တတ်တဲ့သူတွေနဲ့ချည်း နေဖို့မစဉ်းစားပါနဲ့။ စိတ်အေးချမ်းချင်ရင်ပေါ့။

    အဓိပ္ပာယ်ရှိတဲ့ ရည်မှန်းချက်တွေချမှတ်ပါ

    ဘဝမှာ ဘာဖြစ်ချင်လဲဆိုတဲ့ ရည်မှန်းချက်အကြီးတွေထက် ကိုယ့်အတွက်မြန်မြန်ဖြစ်မြောက်လာနိုင်တဲ့ ခပ်သေးသေးအောင်မြင်မှုတွေကို ရည်မှန်းပါ။ ခုနက ကိုယ့်ရည်မှန်းချက်အကြီးအတွက် လှေကားထစ်တွေဖြစ်ခဲ့ရင်တော့ အကောင်းဆုံးပေါ့။ တစ်ဆင့်ချင်းစီကို ကျော်လွန်နိုင်ခဲ့တိုင်း အောင်မြင်မှုကို အကြိမ်ကြိမ်ခံစားနိုင်တာမို့ ခြေလှမ်းတိုင်းက အားအင်အပြည့်နဲ့ ပျော်စရာကောင်းနေပါလိမ့်မယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement