brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဒီဂျားဗူး (Deja Vu)

ဒီဂျားဗူး (déjà vu) ဆိုတာ ဘာလဲ။

သင်အခုလက်ရှိကြုံနေရတဲ့ အဖြစ်အပျက်တခုခုကို အရင်က တွေ့ကြုံခဲ့ရဖူးသလို ခံစားနေရပါသလား။ ဒီလိုမျိုး ထူးထူးဆန်းဆန်းခံစားရခြင်းကို ဒီဂျားဗူး (déjà vu) လို့ခေါ်ပြီး လူအတော်များများ ကြုံတွေ့ရလေ့ ရှိပါတယ်။ဦးနှောက်က မှားယွင်းပြီး ဖန်တီးလိုက်တဲ့ မှတ်ဉာဏ်တွေကြောင့် ဒီလို တွေ့ကြုံရတာလို့ အရင်က ယူဆခဲ့ကြပါတယ်။ အင်္ဂလန်နိုင်ငံ St Andrews တက္ကသိုလ်က ပညာရှင် Akira O’Connor ပြုလုပ်တဲ့ လေ့လာသုတေသန ပြုချက်အသစ်က ပိုပြီးတိကျတဲ့ ဖြေရှင်းချက်ကို ပေးခဲ့ပါတယ်။ ပါဝင်ကူညီပြီး စမ်းသပ်ခံပေးသူတွေကို fMRI ရိုက်ပြီး စစ်ဆေးစမ်းသပ်ချက်အရ ဒီဂျားဗူး (déjà vu) ဖြစ်စဉ်မှာ ဦးနှောက်ရဲ့ အရှေ့ပိုင်း ဧရိယာ(ဆုံးဖြတ်ချက်ချတဲ့ လုပ်ငန်းကို လုပ်ပေးတဲ့ ဦးနှောက်ဧရိယာ) ပါဝင်ပတ်သက်မှုရှိတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။ ကျွန်တော်တို့ တွေ့ကြုံခဲ့ဖူးတယ်လို့ ထင်နေရတာနဲ့ တကယ်တမ်းတွေ့ကြုံနေရတာတို့ အကြားမှာ ပဋိပက္ခဖြစ်နေတဲ့အခါ ဦးနှောက်အရှေ့ပိုင်းနေရာဟာ မှတ်ဉာဏ်ဟောင်းတွေကို ပြန်လည်ဖော်ထုတ်ပြီး အချက်ပြမှုတွေကို ပေးပို့နေတာဖြစ်မယ်လို့ O’Connor က ယုံကြည်ပါတယ်။

ဒီဂျားဗူး (Deja Vu)

ဒီဂျားဗူး (Déjà vu) ဟာ သင့်ဦးနှောက်ကျန်းမာစွာ အလုပ်လုပ်နေကြောင်းပြတဲ့ သက်သေဖြစ်တယ်။

ဒီတွေ့ရှိမှုတွေက ဘာကိုညွှန်ပြနေသလဲဆိုတော့ ဒီဂျားဗူး (Déjà vu) ဟာ သင့်ဦးနှောက်ကျန်းမာစွာ အလုပ်လုပ်နေကြောင်းပြတဲ့ သက်သေဖြစ်တယ်ဆိုတာပါပဲ။ သင့်အနေနဲ့ ဒီ ဖြစ်စဉ်ကို တွေ့ကြုံခံစားနေရချိန်မှာ သင်ဦးနှောက်ရဲ့ မှတ်ဉာဏ်ပြန်လည်စစ်ဆေးတဲ့ အစိတ်အပိုင်းဟာ ကောင်းစွာ အလုပ်လုပ်နေပါတယ်။ ဒါကြောင့် သင်ဟာ မေ့တတ်သူတယောက် မဖြစ်နိုင်သေးပါဘူး။ ဒါဟာ ကျွန်တော်တို့သိရှိပြီးသား အချက်တချက်ဖြစ်တဲ့ “deja vu ဟာ အသက်အရွယ်ကြီးသူတွေမှာ ဖြစ်ခဲတယ် “ဆိုတဲ့ အချက်နဲ့ သွားကိုက်ညီနေပါတယ်။ ငယ်စဉ်က deja vu ဖြစ်စဉ်ကို မကြာခဏဆိုသလို တွေ့ကြုံနေရသူတွေဟာ အသက်တဖြည်းဖြည်းကြီးလာပြီး မှတ်ဉာဏ်အားနည်းလာတာနဲ့အမျှ deja vu ဖြစ်တာ နည်းပါးသွားတယ်လို့ ဆိုပါတယ်။

ဒီကောက်ချက်ဟာ deja vu ဖြစ်စဉ်ကို တခါမှ မခံစားဖူးသူတွေအတွက် မမှန်တဲ့အတွက် ဒါဟာ သံသယ ဖြစ်စရာ တွေ့ရှိချက်လို့ တချို့သိပ္ပံပညာရှင်တွေက ယူဆပါတယ်။ တချို့လူတွေဟာ အပြစ်အနာအဆာ လုံးဝမရှိတဲ့ မှတ်ဉာဏ်စနစ်ကို ပိုင်ဆိုင်ထားတဲ့အတွက် (deja vu ဖြစ်စဉ်မှာ အဓိကအကြောင်းရင်းခံဖြစ်တဲ့) မှတ်ဉာဏ်မှားယွင်းမှု ဖြစ်ပေါ်စရာ အကြောင်းမရှိတာမို့

deja vu ကို မကြုံတွေ့ရတာလို့ O’Connor ကပြန်လည် ချေပထားပါတယ်။

ဒီဂျားဗူး (Déjà vu) နဲ့ အတက်ရောဂါ

Deja vu နဲ့ medial temporal lobe အတက်ရောဂါ (ဦးနှောက်ရဲ့ hippocampus လို့ခေါ်တဲ့ အစိတ်အပိုင်းကို ထိခိုက်စေတဲ့ အတက်ရောဂါတမျိုး)ဖြစ်ပွားရခြင်းတို့အကြားမှာ ဆက်စပ်မှု ရှိနေတယ်လို့ လေ့လာမှု အချို့က ဆိုပါတယ်။ ဦးနှောက်မှာရှိတဲ့ hippocampus အစိတ်အပိုင်းဟာ မှတ်ဉာဏ်ထိန်းသိမ်းစီမံမှုလုပ်ငန်းမှာ အရေးကြီးတဲ့ နေရာက ပါဝင်ပါတယ်။ အာရုံကြောနှင့်စိတ်ပညာ ဆေးပညာဂျာနယ်မှာ ဖော်ပြထားချက်အရ deja vu ဖြစ်စဉ်ကို တောက်လျှောက်ခံစားနေရသူတွေဟာ အတက်ရောဂါ စတင်ခံစားနေရပြီလို့ ဆိုပါတယ်။ ဒါကြောင့် ကျွမ်းကျင်သူတွေဟာ အာရုံကြောတွေမှားယွင်းသတင်းပို့တာနဲ့ ဒီဂျားဗူး (déjà vu) ဖြစ်စဉ်တို့အကြား ဆက်စပ်မှုရှိတာကို စတင်စဉ်းစားလာကြပါတယ်။ ဒီဂျားဗူး (déjà vu) ဟာ ကျွန်တော်တို့အတွက် ကောင်းကျိုးပေးနိုင်သလား ဒါမှမဟုတ် ဆိုးကျိုးပေးနိုင်သလားဆိုတာကို ဘယ်သူမှ အတပ်မပြောနိုင်ပါဘူး။deja vu ဖြစ်စဉ်ကို ခံစားရတာဟာ လူတွေကို သူတို့ရဲ့ မှတ်ဉာဏ်ပိုင်းနဲ့ ပတ်သက်ပြီး ပြန်လည်စစ်ဆေးဖို့ နဲ့ ကိုယ့်မှတ်ဉာဏ်တွေကို သိပ်မယုံစားတော့ဖို့

သတိပေးချက်တခုဖြစ်နိုင်ပါတယ်။ မှတ်ဉာဏ် အရည်အသွေးဟာ သင်မသိလိုက်ဘဲ ပြောင်းလဲသွားနိုင်တယ်ဆိုတာကို လေ့လာချက်တွေအရ ကျွန်တော်တို့ သိရှိခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအချက်ဟာ deja vu နဲ့ ဆက်စပ်ပတ်သက်မှု ရှိကြောင်းကိုတော့ ရှင်းပြနိုင်စရာ သက်သေပြချက် မရှိပါဘူး။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thiha Phyo Myint မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။