backup og meta

အသည်းကွဲတာ မကောင်းဘူးလို့ ဘယ်သူပြောလဲ!

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel


Aye Thi Mon မှ ရေးသားသည်။ · 17/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသည်းကွဲတာ မကောင်းဘူးလို့ ဘယ်သူပြောလဲ!

    လူတိုင်းတော်တော်များများ သတ်မှတ်လက်ခံထားတာက အသည်းကွဲတယ်ဆိုတာ ဝမ်းနည်းစရာ၊ စိတ်မကောင်းဖြစ်စရာ၊ ထိခိုက်ခံစားရတဲ့ ဖြစ်ရပ်တစ်ခုလို့ပေါ့။ အသည်းကွဲတာက စိတ်ခံစားမှုကို ထိခိုက်နာကျင်စေတာကြောင့် စိတ်အနာကျက်ဖို့ အချိန်ပေးရတာမှန်ပေမယ့်  အသည်းကွဲတာ မကောင်းတာပဲတော့လည်း မဟုတ်ပါဘူး။ ဒီလို ပြောလို့ တော်တော်ကို အသည်းမာတာပဲ စာနာစိတ် မရှိဘူးလို့ မထင်ပါနဲ့နော်။ တကယ်တော့ အသည်းကွဲတာမှာလည်း ကောင်းကျိုးလေးတွေ ရှိနေပါတယ်။ ဒီတော့ ပရိသတ်ကြီးကို မေးချင်တာက အသည်းကွဲတာ မကောင်းဘူးလို့ ဘယ်သူပြောလဲ လို့ပါ။

    အသည်းကွဲတာ မကောင်းဘူးလို့ ဘယ်သူပြောလဲ

    အသည်းကွဲတာ မကောင်းဘူးလို့ ဘယ်သူပြောလဲ တော့ မသိပေမယ့် ဒီနေရာကနေ ကောင်းတယ်လို့ ပြောချင်ပါတယ်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ အဆိပ်အတောက် ဖြစ်စေတဲ့ ဆက်ဆံရေး တစ်ရပ်ကို အဆုံးသတ်လိုက်ခြင်းက အဖက်ဖက်က ကောင်းကျိုးတွေ ရလာမှာ အသေအချာပါပဲ။

    အသည်းကွဲတာက ဖြစ်ရပ် တစ်ခုလုံးကို ခြုံကြည့်လိုက်ရင် ထိခိုက်နာကျင်ရတယ်ဆိုပေမယ့် ကိုယ့်ကိုယ်ကိုယ် သန်မာအောင် လုပ်ဆောင်ခွင့်ရတာဖြစ်သလို ပိုတောက်ပလာစေဖို့ အခွင့်အရေးတစ်ရပ်ပါလို့ အရင်ဆုံး ပြောချင်ပါတယ်။ အသည်းကွဲတာကို နာကျင်စရာဆိုတဲ့ ရှုထောင့်က ကြည့်ရင်တော့ နာကျင်စရာပေါ့။ ဒီလို မဟုတ်ဘဲ ကောင်းတဲ့ဘက်က လှည့်ကြည့်မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး ပြင်ဆင်နိုင်မယ့် အခွင့်အရေး၊ ပိုနားလည်နိုင်မယ့် အခွင့်အရေးဆိုလည်း မမှားပါဘူး။

    အသည်းကွဲတာ ကောင်းပါတယ်လို့ ပြောရတဲ့ အကြောင်းအရင်းလေးကို ဆက်ရှင်းပြပေးမယ်နော်။

    အသည်းကွဲတာ မကောင်းဘူးလို့  တထစ်ချ မယုံလိုက်ပါနဲ့

    အသည်းကွဲတာကနေ အခုလို အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်တဲ့နော်။ အသည်းကွဲနေသူလေးတွ စိတ်ညစ်မနေဘဲ ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်မလဲဆိုတာကို ကိုယ်တိုင် ဖတ်ကြည့်လိုက်တော့နော်။

    • ကိုယ့်ကိုယ်ကိုယ် ပိုနားလည်လာမယ်

    အသည်းကွဲချိန်မှာ နဖူးတွေ့ ဒူးတွေ့ မဖြစ်မနေရင်ဆိုင်ရမယ့် အကြောင်းအရင်းတွေ အများကြီးရှိသလို နှုတ်ဆိတ်နေရင်း အရာရာကို ဆင်ခြင် သုံးသပ်နေချိန်ကလည်း များမှာပဲလေ။ ဒီအဖြစ်အပျက်ကြီးက သာယာနာပျော်ဖွယ်ရာ မရှိပေမယ့်  ကိုယ့်ကိုယ်ကိုယ် ပြည့်ပြည့်ဝဝ သုံးသပ်ဆင်ခြင်နိုင်မယ့် အခွင့်အရေးကို ရစေမှာတော့ အမှန်ပဲလေ။

    ဒီအဖြစ်သနှစ်တွေကို ပြန်ပြောင်းတွေးတွေ ဆင်ခြင်ရင်းက ကိုယ်က အရမ်း ချစ်တတ်တာလား။ တစ်ကိုယ်ကောင်းဆန်မိလို့ များလားဆိုတာတွေကစလို့ အားနည်းချက်တွေ အားသာချက်တွေ ပြုပြင်ရမယ့် အချက်တွေကို မြင်လာမှာပါ။

    • ကိုယ့်ကိုယ်ကိုယ် ပိုချစ်တတ်လာမယ်

    ချစ်သူရှိတုန်းက ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ မေ့နေပြီး ကိုယ့်ချစ်သူကိုပဲ ပုံချစ်နေမိသူက များများပါ။ အသည်းကွဲချိန်မှာတော့ အိပ်ရေးဝဝ အိပ်တာကစလို့ အစားအစာတွေကို ပြည့်ပြည့်ဝဝ စားတာ၊ အသားအရေ ဂရုစိုက်တာတွေကိုပါ ပိုလုပ်ဖြစ်လာသလို ကိုယ့်ကိုယ်ကိုယ် ဦးစားပေးတတ် ပိုချစ်တတ်လာပါတယ်။ ဒါကြောင့် တော်တော်များများက အသည်းကွဲပြီးချိန်မှာ ပိုလှလာကြတာပါ။

  • ကိုယ့်ကိုယ်ကိုယ် အားကိုးတတ်လာမယ်
  • အရင်က ချစ်ရသူက လုပ်ပေးလို့ တစ်ချိန်လုံး မှီတွယ်နေခဲ့ပေမယ့် အသည်းကွဲ ပြတ်စဲ ပြီးချိန်မှာတော့ အရာရာကို ကိုယ့်အားကိုယ်ကိုးရမှာ သဘာဝပါ။ ဒီတော့ ဘာဖြစ်လာလဲဆိုရင် ကိုယ့်ကိုယ်ကိုယ် အားကိုးတတ်လာမှာပါ။ အမှီအခိုကင်းခြင်းက အောင်မြင်စေဖို့ အလေ့အထကောင်း တစ်ခုပါပဲ။ ဒါက အသည်းကွဲတာကနေ ထွက်လာတဲ့ အမြတ်ပါနော်။

    • အချစ်စစ်ကို ရှာတွေ့စေမယ်

    တစ်ခါတလေမှာ ကိုယ်တိုင်က မှားယွင်းနေတာ ဖြစ်နိုင်သလို တစ်ဖက်က မှားယွင်းနေတာတွေကြောင့်လည်း စစ်မှန်ပွင့်လင်းပြီး အပေးအယူမျှတဲ့ ချစ်ခြင်းကို မရရှိတာမျိုး ရှိနိုင်ပါတယ်။ အချစ်ရေးတစ်ခုမှာ တစ်ယောက်က အမြဲ အနိုင်ယူမယ်။ ကျန်တစ်ယောက်က အမြဲ အလျှော့ပေးနေရမယ်ဆိုရင်တော့ စစ်မှန်ကောင်းမွန်တဲ့ အချစ်ရေးဖြစ်ဖို့က မလွယ်ပါဘူး။ ဒီလို အခြေအနေမှာ အသည်းကွဲသွားတာက ပိုမိုကောင်းမွန်ပြီး အပေးအယူမျှတဲ့ အချစ်ရေးကို ဖန်တီးနိုင်မယ့် အခွင့်အလမ်းကောင်း တစ်ရပ်ဆိုတာ မမေ့ပါနဲ့။

    • မျှော်လင့်ချက်တွေ ရှင်သန်စေမယ်

    အချို့သော အချစ်ရေးတွေမှာ အနာဂတ် မျှော်မှန်းချက်တွေ မရှိဘဲ မျှော်လင့်ချက်တွေ မဲ့နေတတ်ကြပါတယ်။ ဒီလို မျှော်လင့်ချက်မဲ့နေတာက ပြတ်စဲမှုနဲ့အတူ အဆုံးသတ်သွားမယ်ဆိုရင် ဒါက အဆိုးထဲက အကောင်းတစ်ခုပါပဲ။ လူတစ်ယောက် ပျော်ရွှင်အောင်မြင်ဖို့အတွက် မျှော်လင့်ချက်တွေက ဆက်လက်ရှင်သန်နေဖို့ လိုကို လိုအပ်ပါတယ်။

    ကဲ …… အသည်းကွဲလို့ စိတ်ညစ်နေမယ့် အစား အသည်းကွဲခြင်းကနေ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်လို့ ဝမ်းနည်းနေမယ့်အစား ကောင်းကွက် ရှာကြည့်ကြပါလို့ ပြောပါရစေ။ အချစ်ဟောင်းအတွက် ပူဆွေးနေမယ့်အစား ကိုယ့်ကိုယ်ကိုယ် ပိုချစ်ဖို့လည်း မမေ့နဲ့ဦးနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Hello Sayarwon Panel


    Aye Thi Mon မှ ရေးသားသည်။ · 17/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement