backup og meta

ကဖိန်းဟာ စိတ်ကျခြင်းခံစားရသူတွေအတွက် အထောက်အကူဖြစ်သလား

ကဖိန်းဓာတ်ဟာ ကော်ဖီထဲမှာ အများဆုံးပါဝင်ပြီး ဗဟိုအာရုံကြောစနစ်ကို လှုံ့ဆော်ပေးပါတယ်။ ပျော်ရွှင်တက်ကြွခြင်းကို ဖြစ်ပေါ်စေပြီး စွမ်းအင်ပြည့်ဝသလို၊ နေထိုင်ကောင်းသလို ခံစားရစေပါတယ်။ အာရုံကြောကို တက်ကြွလန်းဆန်းစေလို့ စိတ်ဓာတ်ကျဆင်းချိန်မှာ သုံးစွဲဖို့ အသုံးဝင်ပါတယ်။

ကဖိန်းဟာ စိတ်ကျခြင်းခံစားရသူတွေအတွက် အထောက်အကူဖြစ်သလား

စိတ်ကျခြင်းဆိုတာ ကမ္ဘာတလွှားမှာ လူပေါင်းများစွာကို ဒုက္ခပေးနေတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာပဲ ဖြစ်ပါတယ်။ ဆိုးဆိုးရွားရွား ဝမ်းနည်းကြေကွဲခြင်းတွေ ကြုံကြိုက်ရတတ်ပြီး အတိတ်က ဝမ်းနည်းစရာတွေဟာ လက်ရှိကာလမှာ လွှမ်းမိုးနေတတ်ပါတယ်။

စိတ်ကျခြင်းကို ကုသဖို့ဆိုရင် စိတ်ရောဂါကုဆေးများနဲ့ ကုထုံးများ ပေါင်းစပ်ကုသရပါတယ်။ သုတေသီအချို့ရဲ့ အဆိုအရ ကဖိန်းဟာ စိတ်ကျသူများအတွက် အကျိုးကျေးဇူးဖြစ်စေတယ်လို့ ဆိုပါတယ်။

ကဖိန်းဟာ စိတ်ကျခြင်းပြဿနာအတွက် အကျိုးကျေးဇူးဖြစ်စေသလား

ကဖိန်းဓာတ်နဲ့ စိတ်ကျခြင်းအကြား ဆက်နွယ်မှုကိုလေ့လာခဲ့တဲ့ သုတေသနတခုမှာ ကဖိန်းသောက်သုံးခြင်းဟာ စိတ်ကျနိုင်ခြေကို လျော့ပါးစေတယ်လို့ ဆိုပါတယ်။ ဆယ်နှစ်ကြာလေ့လာခဲ့တဲ့ သုတေသနတခုမှာဆိုရင် ကဖိန်းသောက်ခြင်းဟာ မိမိကိုယ်ကို သတ်သေနိုင်ခြေကို လျော့နည်းစေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ကဖိန်းဟာ လူတယောက်ရဲ့ အိပ်စက်ခြင်းအပေါ် ဆိုးကျိုးသက်ရောက်စေပါတယ်။ အိပ်ရေးမဝချိန် ကြုံရတတ်တဲ့ စိတ်မကြည်ခြင်း၊ အလိုမကျခြင်းတွေကိုပါ ထည့်တွက်ဖို့ လိုပါတယ်။

ကဖိန်းမှာ ဘေးထွက်ဆိုးကျိုးတွေရှိသလား။

ကဖိန်းသုံးစွဲလွန်းရင် အောက်ပါဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်စေပါတယ်။

• ကတုန်ကယင်ဖြစ်ခြင်း၊ စိတ်ပူပန်ခြင်း

• ကောင်းကောင်းအိပ်မပျော်ခြင်း

ရေဓာတ်ခန်းခြောက်ခြင်း

• ခေါင်းကိုက်ခြင်း

• နှလုံးခုန်ုမြန်ခြင်း

သင့်ကိုယ်ခန္ဓာရဲ့ ကဖိန်းဓာတ်အပေါ် တုံ့ပြန်ခြင်းအပေါ်မှာ မူတည်ပြီး လက္ခဏာတွေ ကွာခြားနိုင်ပါတယ်။ ကဖိန်းကိုဖြတ်တောက်လိုက်ရင် စွဲတဲ့လက္ခဏာတွေ ပေါ်လာတတ်ပါတယ်။

စိတ်ကျရောဂါလက္ခဏာတွေက ဘာတွေလဲ

စိတ်ဓာတ်ကျဆင်းခြင်းဖြစ်လာပြီလို့ ခံစားရရင် ဆရာဝန်နဲ့ တိုင်ပင်ပြသသင့်ပါတယ်။ ဘယ်လိုကုသရမယ်ဆိုတာ အစီအစဉ်ဆွဲပေးပါလိမ့်မယ်။ စိတ်ကျခြင်းရဲ့ လက္ခဏာတွေကတော့

• ကြောက်ရွံ့မှုတခုခုကို အမြဲခံစားနေရခြင်း

• အမြဲတမ်းဝမ်းနည်းနေခြင်း

• ကျရှုံးနေပြီဟု ခံစားရခြင်း

• အာရုံမစိုက်နိုင်ခြင်း၊ လိုက်မလုပ်နိုင်ခြင်း

• အိပ်မပျော်ခြင်း

• မျှော်လင့်ချက်မဲ့သလို ခံစားနေရခြင်း

• ကိုယ်အလေးချိန်ရုတ်တရက်တက်ခြင်း/ကျခြင်း

• မိမိပျော်ရွှင်ဖူးသည့်အရာများကို စိတ်မဝင်စားတော့ခြင်း

• ပင်ပန်းနွမ်းနယ်ခြင်း

• အကြောင်းမယ်မယ်ရရမရှိဘဲ ကိုက်ခဲနာကျင်နေခြင်း

• သေခြင်းတရားကို ပုံမှန်တွေးတောလာခြင်း စတာတွေပဲ ဖြစ်ပါတယ်။

ကဖိန်းဟာ ဘာကြောင့် စိတ်ကျခြင်းဝေဒနာကို လျော့ပါးစေတယ်ယူဆကြသလဲ

ကော်ဖီမှာ chlorogenic acid၊ ferulic acid နဲ့ caffeic acid စတာတွေ ပါဝင်ပါတယ်။ အဆိုပါအက်ဆစ်တွေဟာ စိတ်ဓာတ်ကျနေသူများရဲ့ ဦးနှောက်ထဲက အာရုံကြောဆဲလ်တွေ ရောင်ရမ်းခြင်းကို ကျဆင်းစေပါတယ်။ ဒါကြောင့် စိတ်ကျချိန်မှာ ဖြစ်တတ်တဲ့ မအီမသာဖြစ်ခြင်း၊ ဖိစီးမှုများခြင်း စတာတွေကို သက်သာစေပါတယ်။

ကော်ဖီတင်မကဘဲ Green tea မှာလည်း ကဖိန်းပါဝင်တဲ့အတွက် စိတ်ကျသူများအတွက် အထောက်အကူ ဖြစ်စေပါတယ်။ ဒါ့အပြင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်တာကြောင့် ကော်ဖီရော green tea ပါ စိတ်ဓာတ်ကျဆင်းသူများ သောက်သုံးသင့်ပါတယ်။

နောက်ယူဆချက်တခုကတော့ ကဖိန်းဟာ ဦးနှောက်ကို အဓိကလှုံ့ဆော်ပေးတဲ့ ဓာတ်ပစ္စည်း ဒိုပါမင်းရဲ့ အာနိသင်ကို ပိုမိုထိရောက်စေပါတယ်။ ဆုံးဖြတ်ချက်ချခြင်း၊ စိတ်အားထက်သန်ခြင်း စတဲ့ စိတ်အခြေအနေတွေကို ဖြစ်ပေါ်စေလို့ စိတ်ကျဝေဒနာသမားများအတွက် အထောက်အကူပြုပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/depression/caffeine-and-depression Accessed Date 17 April 2020

https://www.psychologytoday.com/us/blog/the-superhuman-mind/201709/how-does-coffee-help-alleviate-depression Accessed Date 17 April 2020

ယခုပုံစံ

02/08/2022

Written by Dr. Thant Zin

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကဖိန်းဓာတ်လွန်ကဲခြင်း၏ အကျိုးအပြစ်များ

ကဖိန်းကိုဖြတ်တောက်လိုက်ရင် ဘာတွေဖြစ်လာနိုင်လဲ


Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy · မှ ရေးသားထားပါသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 02/08/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။