စိတ်ညစ်ညူးရခြင်းသည် ဘဝတွင်ဖြစ်လေ့ဖြစ်ထရှိသောလက္ခဏာတစ်ခုပင်ဖြစ်သည်။ လူရယ်လို့ဖြစ်လာလျှင် ခံစားချက်များနှင့်ပတ်သက်၍ အားနည်းချက်များရှိစမြဲပင်ဖြစ်သည်။ အလုပ်တွင်မအောင်မြင်၍ သို့မဟုတ် ချစ်သူရည်းစားနှင့် အဆင်မပြေဖြစ်၍ စိတ်ဓါတ်ကျဆင်းခြင်းသည် သင့်မှာစိတ်ကျရောဂါ ဖြစ်ပွားနေပြီဟု မဆိုလိုပါ။ သို့သော် သင့်ဘဝအား အနှောင့်အယှက်ပေးလာသည်အထိ လွန်ကဲသောစိုးရိမ်ကြောင့်ကြမှုနှင့် ဝမ်းနည်းစိတ်ထိခိုက်ရခြင်းများ ခံစားနေရပြီဆိုလျှင်တော့ ဆေးပညာရှင်များထံတွင် အကူအညီတောင်းခံသင့်ပြီဖြစ်သည်။
စိတ်ကျရောဂါခံစားရသူများထံတွင် တွေ့ရလေ့ရှိသည့် လက္ခဏာများ
စိတ်ကျန်းမာရေးတက္ကသိုလ်မှ စိတ်ကျရောဂါခံစားရသူများ၏ လက္ခဏာများကိုအောက်ပါကဲ့သို့ ဖော်ပြထားသည်။
- အာရုံစူးစိုက်၍မရခြင်း
- သတိမေ့လျော့တတ်ခြင်း
- ဆုံးဖြတ်ရခက်ခဲခြင်း
- မိမိကိုယ်ကိုအပြစ်တင်ခြင်း
- မိမိကိုယ်ကိုစိတ်ပျက်ခြင်း
- ကူကယ်ရာမဲ့ ခံစားရခြင်း
- အဆိုးမြင်ခြင်း
- အိပ်ချိန်ပုံမှန်မဟုတ်ခြင်း (အလွန်အကျွံအိပ်စက်ခြင်းသို့မဟုတ် အိပ်မပျော်ခြင်း)
- ဂနာမငြိမ်ဖြစ်ခြင်း
- မည်သည့်အရာကိုမျှ စိတ်ဝင်စားမှုမရှိခြင်း (လိင်ဆက်ဆံခြင်းအပါအဝင်)
- အစားအသောက်ပုံစံပြောင်းလဲလာခြင်း (အစာစားချင်စိတ်တိုးလာခြင်းသို့မဟုတ် လျော့ကျသွားခြင်း)
- ဆေးဝါးဖြင့်မသက်သာသည့် ခန္ဓါကိုယ်ပိုင်းဆိုင်ရာနာကျင်ခြင်း
- အထီးကျန်သည်ဟုခံစားရခြင်း
- မိမိကိုယ်ကိုသတ်သေမည့်အတွေးများတွေးခြင်း၊ သတ်သေရန်ကြိုးစားအားထုတ်ခြင်း
စိတ်ကျခြင်းကြောင့် မိမိကိုယ်ကိုသတ်သေလိုသည့် လက္ခဏာများ
စိတ်ကျခြင်းသည် မိမိကိုယ်ကိုသတ်သေခြင်း၏ အဓိကအကြောင်းအရင်းဖြစ်သည်။ မိမိကိုယ်ကိုသတ်သေချင်စိတ်ပေါ်လာလျှင် လေးလေးနက်နက် တိုင်ပင်ဆွေးနွေးသင့်သည်။ စိတ်ကျခြင်းကြောင့် မိမိကိုယ်ကိုသတ်သေခြင်း၏ နှိုးဆော်ချက်လက္ခဏာများမှာ
- ပျော်ရွှင်နေရာမှ ရုတ်တရက်ဝမ်းနည်းသွားခြင်း
- သေခြင်းတရားအကြောင်းမပြတ်ပြောဆိုနေခြင်း
- သေဆုံးရန်ရာခိုင်နှုန်းများသောအရာများကိုစမ်းသပ်ခြင်း
- မည်သည့်အရာကိုမှ စိတ်ဝင်စား၍မရခြင်း
- မျှော်လင့်ချက်မဲ့ကြောင်းပြောဆိုခြင်း
- မပြီးဆုံးသေးသောကိစ္စများကိုအဆုံးသတ်ခြင်း၊ သေတမ်းစာရေးခြင်း
- ချစ်ခင်ရသူများထံဆက်သွယ်ခြင်း
- မိမိကိုယ်ကိုသတ်သေမည့်အကြောင်းပြောဆိုခြင်း
ရောဂါလက္ခဏာများအားမည်သို့ရှာဖွေဖော်ထုတ်မည်နည်း
ရောဂါလက္ခဏာများအားရှာဖွေဖော်ထုတ်နိုင်ရန်အတွက်သင့်ဆရာဝန်သည် သင့်ရောဂါရာဇဝင်နှင့်ပတ်သက်သောအကြောင်းအားလုံး၊ ကျန်းမာရေးစောင့်ကြည့်စစ်ဆေးများအားလုံးကိုလိုအပ်သည်။ အဘယ့်ကြောင့်ဆိုသော် စိတ်ကျခြင်းလက္ခဏာများဖြစ်စေသောရောဂါအကြောင်းရင်းများစွာရှိသောကြောင့်ဖြစ်သည်။ သင့်ဆရာဝန်အားသင်ရောဂါလက္ခဏာများအားစတင်ခံစားရချိန်၊ ကြာမြင့်ချိန်၊ ပြင်းထန်မှုအစရှိသည်တို့အားပြောပြရန်လိုအပ်သည်။ မိသားစုရောဂါရာဇဝင်သည်လည်းအရေးပါသည်ဖြစ်သည်။ မိသားစုထဲတွင် စိတ်ကျရောဂါရာဇဝင်ရှိသူများ (သို့) မူးယစ်ဆေးအလွဲသုံးသူများတွင် စိတ်ကျရောဂါပို၍အဖြစ်များသည်။
ရောဂါလက္ခဏာများအားမည်သို့ကုသမည်နည်း
အကယ်၍သင့်ရောဂါလက္ခဏာများကအခြားရောဂါတစ်ခုခုမှအရင်းခံလာလျှင် ထိုရောဂါအားရင်ဆိုင်ကုသခြင်းဖြင့် စိတ်ကျရောဂါအားကာကွယ်နိုင်သည်။ သို့သော် အခြားကြောင်းအရင်းကြောင့် မဟုတ်ဘူးဆိုရင်တော့ သင့်ဆရာဝန်မှ သင့်အားအကောင်းဆုံးကုသမှု ခံယူနိုင်ရန် ကျွမ်းကျင်သူစိတ်ရောဂါအထူးကုဆရာဝန်တစ်ဦးဦးထံသို့ လွှဲပြောင်းပေးလိမ့်မည်ဖြစ်သည်။ စိတ်ကုထုံးဖြင့်ကုသခြင်း(သို့)ဆေးဝါးသောက်သုံးခြင်း(သို့)နှစ်မျိုးလုံးဖြင့်လည်းကုသနိုင်သည်။
မကုသဘဲထားပါကစိတ်ကျရောဂါသည် အချိန်ကြာမြင့်လာသည်နှင့်အမျှ ပို၍ဆိုးဝါးလာနိုင်ပြီးမိမိကိုယ်ကိုသတ်သေခြင်းအထိ ဖြစ်ပွားနိုင်သည်။ စောစီးစွာကုသမှုခံယူနိုင်ရန်အတွက် စိတ်ကျရောဂါလက္ခဏာများကိုသတိပြုနိုင်ရန် အရေးကြီးသည်။ စည်းစနစ်ကျသောဆေးဝါးများနှင့် ရောဂါကုထုံးများဖြင့် ကုသပါကပျော်ရွှင်သောဘဝအတွက် ယုံကြည်မှုနှင့် တက်ကြွမှုတို့ကို ပြန်လည်ရရှိနိုင်မည်ဖြစ်သည်။
[embed-health-tool-bmi]