ဘဝမှာ နေပျော်ဖို့ဆိုရင်တော့ အရေးအကြီးဆုံးက ကိုယ့်ကိုယ်ကိုယ် သေချာလေး နားလည်ဖို့ပါ။ လူတော်တော်များများ ယူဆထားကြတာက တစ်ကိုယ်တည်းနေမယ်ဆိုရင် အထီးကျန်ပြီး ပျင်းစရာကောင်းမယ် ပျော်စရာလည်း မရှိဘူးလို့ပေါ့။ တကယ်ကတော့ တစ်ကိုယ်တည်းလည်း ပျော်ပျော်နေလို့ ရပါတယ် ဆိုတာကို အသိပေးချင်ပါတယ်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကိုတော့ ဆောင်းပါးလေးထဲမှာ ပြောပြပေးချင် ပါတယ်။
တစ်ယောက်တည်းနေမှ အထီးကျန်တယ်လို့ ခံစားရတာလား!
တစ်ယောက်တည်းလည်း ဘဝမှာ ပျော်ပျော်နေလို့ရပါတယ်။ တကယ်က ဘဝမှာ အနေပျော်ဖို့ဆိုရင် အရေးအကြီးဆုံးက ကိုယ့်ကိုယ်ကိုယ် သေချာလေး နားလည်ဖို့ပါ။ တစ်ခါတလေမှာ ဘေးနားမှာ ချစ်သူ လက်တွဲဖော်တွေ ရှိပေမယ့်လည်း အထီးကျန်နေကြသူတွေ အများကြီးပါ။ ဒါကြောင့် တစ်ကိုယ်တည်းနေမှ အထီးကျန်တာ စိတ်ပင်ပန်းတာ မဟုတ်ပါဘူး။
စိတ်သဘောထား မတိုက်ဆိုင်တဲ့ သူတွေနဲ့ အတူနေရတာ၊ ဝါသနာ မပါတာကို လုပ်ရတာတွေကလည်း အထီးကျန်တာကို ဖြစ်စေနိုင်ပါတယ်။ တကယ်ကတော့ အထီးကျန်တယ်ဆိုတာက တစ်ကိုယ်တည်း အချိန်တွေကို ဖြုန်းနေရတာကို ဆိုလိုတာ မဟုတ်ပါဘူး။ အနီးဝန်းကျင်က အရာတွေအပေါ်မှာ စိတ်ဝင်စားမှု မရှိတော့ခြင်းကပဲ အထီးကျန်မှုကို ဖြစ်စေနိုင်တာပါ။
တစ်ခါတလေမှာ တစ်ယောက်တည်းနေတာကလည်း ပျော်ရွှင်မှုကို ခံစားရစေနိုင်ပါတယ်။ ဒါပေမယ့် တစ်ခု ရှိတာက တစ်ယောက်တည်းနေရချိန်မှာ အကောင်းမြင်တတ်ဖို့တော့ လိုပါမယ်။ တစ်ယောက်တည်း ကိုယ့်ကိုယ်ကိုယ် သုံးသပ်တတ်ဖို့လည်း လိုပါမယ်။ ဒီလို လုပ်ဆောင်တာက အထီးကျန်မှု ကင်းပြီး ပျော်ရွှင်တဲ့ ဘဝကို ဖန်တီးနိုင်မှာပါ။
ဘယ်သူတွေက အထီးကျန်တယ်လို့ ခံစားရနိုင်လဲ
အခုလို လူတွေက အထီးကျန်တာကို ခံစားရနိုင်ပါတယ်။ - ပေါင်းသင်းဆက်ဆံရေး မကောင်းသူတွေ
- လက်တွဲဖော်အပေါ် မှီခိုလွန်းသူတွေ
- အရင့်အရင်က ဆက်ဆံရေးတွေမှာ ကံမကောင်းခဲ့တဲ့သူတွေ
- သူတို့လိုချင်တာ လိုအပ်တာအပေါ်မှာပဲ အာရုံစိုက်နေသူတွေပါ။
တစ်ကိုယ်တည်းလည်း ပျော်ပျော်နေလို့ ရပါတယ်
တစ်ကိုယ်တည်းလည်း ပျော်ပျော်နေလို့ ရပါတယ် ။ ဘယ်လိုနေရမလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။
ဝါသနာ အသစ်ရှာပါ
တစ်ကိုယ်တည်း အထီးကျန်တယ်လို့ ခံစားရတဲ့ ခံစားချက်ကို ပျောက်စေပြီး တစ်ယောက်တည်း ပျော်ပျော်နေဖို့ဆိုရင်တော့ မသိသေးတဲ့ ပညာရပ် အသစ်ကို သင်ယူတာဖြစ်ဖြစ်၊ ဝါသနာပါရာ အသစ် တစ်ခုခုကို ဖြစ်ဖြစ် သင်ယူတာမျိုး လုပ်ဆောင်ပေးပါ။
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တာ၊ ကြင်နာတာ၊ ဦးစားပေးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေပြီး အထီးကျန်မှု ကင်းစေမှာပါ။ ဒါကြောင့် ကိုယ်တိုင်ရဲ့ ကျန်းမာရေးကိုဖြစ်ဖြစ်၊ အလှအပကိုဖြစ်ဖြစ် ဂရုစိုက်ပေးပါ။ ကိုယ်တိုင် စိတ်ပျော်စေမယ့် အလေ့အထလေးတွေ ဖြစ်တဲ့ သီချင်းဆိုတာ၊ စာဖတ်တာမျိုးတွေ လုပ်ပြီး ကိုယ့်စိတ်ကိုယ် ပျော်အောင် ထားပေးပါ။
ဆိုရှယ်မီဒီယာကနေ ရုန်းထွက်ပါ
ဆိုရှယ်မီဒီယာက ကောင်းတဲ့အရာတွေကို ပေးသလို မကောင်းတဲ့အရာတွေ ခံစားချက်တွေကိုလည်း သယ်ဆောင်လာပါတယ်။ ဒါကြောင့် တစ်ယောက်တည်း ပျော်ချင်တယ်။ အထီးကျန်မှု ကင်းဝေးစေချင်တယ် ဆိုရင်တော့ ဆိုရှယ်မီဒီယာကနေ ခဏလောက်ဖြစ်ဖြစ် ရုန်းထွက်လိုက်ပါ။
တက်တက်ကြွကြွနေပါ
နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့တာကို စိတ်ရောကိုယ်ပါ လန်းဆန်းစေမယ့် ကိုယ်လက်လေ့ကျင့်ခန်းလေးကို နေ့စဉ် ၁၅ မိနစ် ကနေ နာရီဝက်လောက် လုပ်ပေးပါ။
အပြင်ထွက်ပါ
လူတစ်ယောက်က ပြင်ပ ပတ်ဝန်းကျင်နဲ့ ထိတွေ့မှု နည်းလာလေလေ စိတ်ဓာတ်ကျလာလေလေပါ။ ဒီလို စိတ်ဓာတ်ကျမှုက အထီးကျန်တာကို ခံစားရစေနိုင်ပါတယ်။ ဒါကြောင့် တစ်ပတ်ကို မိနစ် ၁၂၀ လောက် အပြင်ထွက်တာ သူငယ်ချင်းတွေနဲ့ တွေ့တာမျိုး လုပ်ပေးပါ။
ကျေးဇူးတင်တတ်ပါစေ
ကျေးဇူးတင်တတ်တာက ကိုယ်တိုင်ကိုရော ကျေးဇူးတင်ခံရသူကိုပါ ပျော်ရွှင်စေနိုင်ပါတယ်။ ဒါကြောင့် ပျော်ရွှင်ပြီး အထီးကျန်မှု ကင်းစေဖို့အတွက် အကူအညီ တစ်ခုခု ရတိုင်းမှာ ကျေးဇူးတင်တယ်လို့ ပြောဖို့ မမေ့ပါနဲ့။
တစ်ကိုယ်တည်း အထီးမကျန်စေဖို့အတွက် အခုပြောတဲ့ အလေ့အထလေးတွေကို လုပ်ဆောင်ပေးပါ။
# အမှာစကား
ကိုယ်တိုင်ကို ဂရုစိုက်တာ၊ စိတ်ပျော်စေမယ့် အလေ့အကျင့်ကောင်းလေးတွေကို လုပ်ဆောင်ပေးတာက ကိုယ်တိုင် ပျော်ရွှင်စေဖို့ ထောက်ကူပေးနိုင်ပြီး အထီးကျန်မှု ကင်းစေဖို့ ထောက်ကူပေးနိုင်မှာပါ။ ဒါကြောင့် စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ လိုအပ်တာလေးတွေကို ဂရုစိုက် လုပ်ဆောင်ပြီး တစ်ကိုယ်တည်း ပျော်ပျော်နေနိုင်ဖို့ ကိုယ်တိုင် ဖန်တီးလိုက်တော့နော်။
[embed-health-tool-bmi]