ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ glands လေးတွေကနေ ဟော်မုန်း အမျိုးမျိုးကို နေ့စဉ်နဲ့အမျှ ထုတ်နေကြပါတယ်။ အဲဒီဟော်မုန်းလေးတွေက သွေးကြောလေးတွေကနေတစ်ဆင့် ပျံ့နှံ့သွားပြီး ခန္ဓာကိုယ်တစ်ခုလုံးအတွက် အရေးပါတဲ့ လုပ်ငန်းတွေ လုပ်ဆောင်ပေးလျက်ရှိပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ အဲဒီဟော်မုန်း အမျိုးမျိုးထဲက Happy Hormone လို့ခေါ်နိုင်တဲ့ စိတ်ခံစားချက်ကို ကောင်းမွန်စေတဲ့ ဟော်မုန်းလေးတွေ အကြောင်းနဲ့ စိတ်ကိုပျော်ရွှင်စေတဲ့ ဟော်မုန်း လေးတွေထွက်အောင် ဘာတွေလုပ်ကြမယ်ဆိုတဲ့ အချက်လေးတွေကို မျှဝေပေးသွားပါမယ်။
စိတ်ခံစားချက်ကို ကောင်းမွန်စေသော ဟော်မုန်း လေးများ
၁။ Dopamine
Dopamine လို့ခေါ်တဲ့ ဟော်မုန်းလေးကလည်း feel good hormone လို့ တင်စားရလောက်အောင် စိတ်ကို ပျော်ရွှင်ကြည်နူးစေနိုင်တဲ့ ဟော်မုန်းလေးတစ်မျိုးဖြစ်ပါတယ်။
၂။ Serotonin
Serotonin က သင့်ရဲ့ စိတ်ခံစားချက်ကို ကောင်းစေနိုင်ရုံသာမက သင့်ရဲ့ တစ်နေ့တာ အတွက်အရေးကြီးတဲ့ လုပ်ငန်းစဉ်တွေ ဖြစ်တဲ့ အိပ်တာ၊ စားတာ၊ အစာခြေတာ စတဲ့ လုပ်ငန်းတွေကိုပါ ကောင်းမွန်အောင် ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် သင်ယူနိုင်စွမ်းနဲ့ မှတ်ဉာဏ်တွေကိုပါ တိုးတက်ကောင်းမွန်စေတဲ့ ဟော်မုန်းလေးဖြစ်ပါတယ်။
၃။ Oxytocin
Oxytocin ကိုတော့ များသောအားဖြင့် “love hormone” လို့လည်းခေါ်ကြပါတယ်။ Oxytocin ဟာ ကလေးမွေးတဲ့ အချိန်မှာ မရှိမဖြစ်လိုအပ်တဲ့ ဟော်မုန်းလေးဖြစ်တဲ့အပြင် မိခင်နဲ့ ကလေး သံယောဇဉ်ပိုဖြစ်လာအောင်လည်း ကူညီဆောင်ရွက်ပေးနိုင်ပါတယ်။ မိခင်တွေအတွက်တင်မကပါဘူး။ လူသားတွေအားလုံးအတွက် ချစ်မြတ်နိုးခြင်း၊ ယုံကြည်မှုရရှိခြင်း၊ နွေးထွေးခြင်း၊ တစ်ဦးနဲ့ တစ်ဦး သံယောဇဉ်ဖြစ်စေခြင်း စတဲ့ နူးညံ့ကောင်းမွန်တဲ့ ခံစားချက်တွေကို ဖြစ်စေနိုင်တဲ့ အစွမ်းထက်ဟော်မုန်းလေးပါ။
၄။ Endorphin
Endorphin လေးတွေကတော့ ခန္ဓာကိုယ်အတွက် နေထိုင်မကောင်းတာ၊ စိတ်မသက်မသာဖြစ်တာတွေအတွက် ဖြေလျော့ပေးနိုင်တဲ့ သဘာ၀ ဟော်မုန်းလေးပါ။
စိတ်ကိုပျော်ရွှင်စေတဲ့ ဟော်မုန်း လေးတွေထွက်အောင်ဒါလေးတွေလုပ်ကြမယ်
၁။ လေ့ကျင့်ခန်းလုပ်ပါ။
လေ့ကျင့်ခန်းလုပ်တာက ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ဖို့ အများကြီးအထောက်အကူပြုတယ်ဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါ။ အဲဒီ ကောင်းကျိုးအပြင် လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် endorphins, dopamine နဲ့ serotonin တွေလည်း ထွက်နိုင်ပါတယ်။ yoga ဆော့မယ်ဆိုရင်လည်း oxytocin ဟော်မုန်းလေးတွေ ထွက်နိုင်ပါတယ်။ ဒါ့ကြောင့် happy hormone လေးတွေများများထွက်ဖို့ အချိန်ပေးပြီး လေ့ကျင့်ခန်းကို ပုံမှန်လုပ်ကြဖို့ တိုက်တွန်းချင်ပါတယ်။
၂။ အပြင်ထွက်ပါ။
တစ်နေကုန် အိမ်ထဲမှာ (သို့) အလုပ်ခန်းထဲမှာချည်းပဲ အချိန်ကုန်မနေဘဲ တစ်နေ့ကို ၁၅မိနစ်၊ မိနစ်၂၀ လောက်အနည်းဆုံး အပြင်ထွက်ပြီး နေရောင်လေးခံ၊ သဘာဝအရသာလေးတွေ ခံစားသင့်ပါတယ်။ သဘာဝနေရောင်နဲ့ တစ်နေ့ကို အနည်းငယ်ထိတွေ့ပေးတာကလည်း endorphin နဲ့ serotonin ဟော်မုန်းတွေကို ထွက်စေပါတယ်။ နေလောင်ကာ sunscreen လိမ်းသွားဖို့တော့ မမေ့ကြပါနဲ့နော်။
၃။ သူငယ်ချင်းတွေ၊ ချစ်ရတဲ့ သူတွေနဲ့ အချိန်ကုန်ပါ၊ များများရယ်ပါ။
ကိုယ်ချစ်ရတဲ့သူတွေနဲ့ အတူတူရှိတဲ့အခါမှာလည်း happy hormone လေးတွေ ထွက်နိုင်ပါတယ်။ ကိုယ့်ကို ဂရုစိုက်တဲ့သူတွေနဲ့ အချိန်ကုန်ရတာဖြစ်တဲ့အတွက် စိတ်ဓာတ်ကျ၊ စိတ်အားငယ်မှုတွေကို သက်သာစေနိုင်ရုံသာမက စိတ်ခွန်အားလည်း ဖြစ်စေပါတယ်။ ဒါ့အပြင် ရယ်မောခြင်းဟာ လည်း စိတ်ခံစားချက်တွေကို ကောင်းမွန်စေတဲ့ အကောင်းဆုံး ဆေးတစ်ခွက်ပဲမို့ အလုပ်တွေဘဲ အချိန်တိုင်းလုပ်မနေဘဲ မကြာခဏ သူငယ်ချင်းတွေ၊ ချစ်ရတဲ့ သူတွေနဲ့ အချိန်ပေးပြီး ရယ်ရယ်မောမော နေသင့်ပါတယ်။
၄။ အရသာရှိတာတွေ များများစားပါ။
ဒါကတော့ အားလုံးသိပြီးသား နည်းလမ်းတစ်ခုလို့ထင်ပါတယ်။ ကိုယ်စားချင်တာလေးတွေ စားလိုက်ရရင် စိတ်ညစ်တာတွေပျောက်ပြီး အလိုလိုပျော်လာကြတဲ့ ခံစားချက်လေးကို အားလုံးခံစားဖူးကြမှာပါ။
၅။ ပွေ့ဖက်ပါ။
ချစ်ခင်ရတဲ့သူတွေကို ပွေ့ဖက်ခြင်းကလည်း oxytocin ဟော်မုန်းတွေထွက်စေတဲ့အတွက် စိတ်ညစ်အားငယ်နေတဲ့အချိန်မှာ ချစ်ရတဲ့ မိသားစု၊ သူငယ်ချင်း၊ ချစ်သူ စတဲ့ ချစ်ရတဲ့သူ တစ်ယောက်ယောက်ကို ပွေ့ဖက်ထားတာကလည်း စိတ်သက်သာရာရစေမှာပါ။
၆။ အိပ်ရေးဝအောင် အိပ်ပါ။
အိပ်ရေးဝအောင်အိပ်တာက စိတ်ခံစားချက်ကို ကောင်းမွန်စေတဲ့အပြင် ခန္ဓာကိုယ်ကျန်းမာရေးအတွက်လည်း အဖက်ဖက်က အထောက်အကူပြုနိုင်တာကြောင့် hello sayarwon ပရိသတ်ကြီးလည်း အိပ်ရေးမပျက်စေနဲ့နော်။
၇။ တရားထိုင်ပါ။
တရားထိုင်ခြင်းကလည်း dopamine နဲ့ endorphin ကိုထွက်စေတဲ့အပြင် အာရုံစူးစိုက်မှုကိုလည်း တိုးတက်ကောင်းမွန်စေပါတယ်။
၈။ အိမ်မွေးတိရိစ္ဆာန်လေးတွေကို ပွတ်သတ်ပေးပါ။
အထူးသဖြင့် ခွေးလေးတွေ မွေးထားတယ်ဆိုရင် ပွတ်သတ်ပေးတာက ခွေးလေးတွေအတွက်ရော၊ ပိုင်ရှင်ကိုပါ စိတ်ပျော်ရွှင်စေပါတယ်။
၉။ သီချင်းနားထောင်ပါ။
သီချင်းတွေကလည်း dopamine, serotonin စတဲ့ စိတ်ပျော်စေတဲ့ ဟော်မုန်းလေးတွေကို ထွက်လာအောင် လှုံ့ဆော်ပေးနိင်ပါတယ်။ ဒါ့အပြင် သီချင်းလေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင် လိုက်ဆိုမယ်၊ ကမယ် ဆိုရင် endorphin ဟော်မုန်းပါထွက်နိုင်တာကြောင့် သီချင်းလေးတွေနဲ့လည်းအလွယ်တကူ စိတ်ပျော်အောင် ဖန်တီးနိုင်ပါတယ်။
ဒီဆောင်းပါးလေးကို ဖတ်ပြီးတဲ့အခါ ဖော်ပြပါနည်းလမ်းလေးတွေကို အသုံးပြုပြီး ပျော်ရွှင်တဲ့ နေ့ရက်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေနော်။
ရေးသားသူ – Khine Phoo Ngon
[embed-health-tool-bmi]