‘သမီးက ယောကျာ်းပဲလိုချင်တာ၊ ကိုယ်ဝန်တော့ မဆောင်ချင်ဘူး’ လို့ပြောရင် လှောင်ကြပေမယ့် ဒီအဖြစ်အပျက်က တကယ်ရှိပါတယ်။ ကိုယ်ဝန်ဆောင်ရတာ၊ ကလေးတစ်ယောက်ကို ပြုစုရတာက လွယ်တာမဟုတ်တဲ့အတွက် တချို့ကလည်း အိမ်ထောင်ပြုပေမယ့် ကလေးမယူကြတာတွေ ရှိပါတယ်။ ခုပြောမှာက ဒီလို လူမှုရေး အကြောင်းအရာတွေကြောင့် မဟုတ်ဘဲ ကိုယ်ဝန်ဆောင်ရမှာ ၊ ကလေးမွေးရမှာကို ကြောက်တဲ့ ပြဿနာဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်ရမှာ ကြောက်တဲ့ စိတ်ရောဂါ
ဆေးပညာမှာတော့ ဒါကို Tokophobia လို့ ခေါ်ပါတယ်။ ကိုယ်ဝန်ဆောင်ရမှာကို ကြောက်လွန်းတဲ့အတွက် ကလေးမမွေးချင်တာပါ။ အမျိုးသမီးတိုင်းက ကိုယ်ဝန်ဆောင်ရမှာကို အနည်းနဲ့ အများကြောက်တတ်ကျပေမယ့် သူတို့ကတော့ ထူးခြားပါတယ်။ ကြောက်စိတ်လွန်ကဲတာကြောင့် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေပါ ပေါ်လာပါတယ်။
ကိုယ်ဝန်ဆောင်ရမှာ ဘာလို့ ကြောက်တာလဲ။
ကြောက်တာက ၂မျိုး ရှိပါတယ်။
- Primary tokophobia ဆိုတာက ကလေးတစ်ခါမှ မမွေးဖူးတဲ့ အမျိုးသမီးတွေမှာ ဖြစ်တာများပါတယ်။ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာ စော်ကားခံရရင် ပိုဖြစ်နိုင်တယ်လို့ ပြောကြပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသမီးအစိတ်အပိုင်းတွေကို စမ်းသပ်ခံရတဲ့အခါ အရင်က အဖြစ်ဆိုးတွေကို ပြန်ပြီး သတိရတတ်လို့ပါတဲ့။
- နောက်တစ်ခုကတော့ Secondary tokophobiaပါ။ အရင်က ကိုယ်ဝန်ဆောင်ဖူး၊ ကလေးမွေးဖူးပေမယ့် မကောင်းတဲ့ အဖြစ်အပျက်တွေ ကြုံခဲ့ရလို့ပါ။ ဥပမာ မွေးရခက်တာ၊ မွေးတုန်းက အသက်အန္တရာယ်နဲ့ နီးဖူးတာ၊ ကလေးပျက်ဖူးတာမျိုးပါ။ ဒါပေမယ့် ပုံမှန်အတိုင်းပဲ မွေးသွားတဲ့ မိခင်တွေမှာလည်း တစ်ခါတလေ တွေ့ရပါတယ်။
ဒါတွေအပြင် တွေးပြီးကြောက်ရတာတွေလည်း ရှိပါတယ်။ ဥပမာ
- ကလေးက အသက်ပါပါ့မလား
- မွေးပေးမယ့် ဆရာဝန်တွေက စိတ်ချရပါ့မလား
- မွေးနေတုန်း ကိုယ်ဝန်ဆိပ်တက်ပြီး သေသွားရင်ရော
- ကလေးမွေးတာ အင်မတန် နာတယ်ဆို
- လူတွေ အများကြီးရှေ့မှာ ဒီတိုင်း မွေးရမှာလား
- အရင်တည်းက တစ်ခုခုဆို အလွန်အကျွံ ပူပန်တတ်တာ
- အသိမိတ်ဆွေတွေ၊ ဆိုရှယ်မီဒီယာတွေကနေ ကလေးမွေးရင်း တစ်ခုခုဖြစ်သွားတာကို ကြားဖူးတာ
- အမျိုးသမီး သဘာဝ ဟော်မုန်း အပြောင်းအလဲကြောင့် စိုးရိမ်စိတ်တွေ များနေတာ
- မပြည့်မစုံဘဲနဲ့ ကိုယ်ဝန်ဆောင်ရတာ (ဥပမာ ငွေကြေး အဆင်မပြေတာ၊ မိသားစုနဲ့ ခင်ပွန်းက ဂရုမစိုက်တာ)
- ကလေးမွေးတဲ့အကြောင်းကို ရေရေရာရာ မသိတာ စတာတွေကြောင့် တွေးတွေးပြီး ကြောက်နေတတ်ပါတယ်။
ကိုယ်ဝန်ဆောင်ရမှာ ကြောက်ခြင်းရဲ့ နောက်ဆက်တွဲ
ဒီလို ကြောက်စိတ်ရဲ့ နောက်ဆက်တွဲအနေနဲ့ အမျိုးသမီးတွေက ကိုယ်ဝန်မရအောင် လိင်ဆက်ဆံတာကို အပြီးရှောင်လိုက်ပါတယ်။ အိမ်ထောင်ရှိပြီးသားဆိုရင်လည်း ကိုယ်ဝန်မရအောင် နည်းပေါင်းစုံနဲ့ တားကြပါတယ်။ မတော်တဆ ကိုယ်ဝန်ရသွားရင်လည်း တတ်နိုင်သမျှ မနာအောင် ခွဲမွေးဖို့ ကြိုးစားကြပါတယ်။
ဒီထိက ပြဿနာ မရှိသေးပါဘူး။ ပိုဆိုးတာက မတော်တဆများ ကိုယ်ဝန်ရသွားရင် ကလေးမွေးရမှာ ကြောက်တဲ့အတွက် ကိုယ်ဝန်ဖျက်ချတာတွေ လုပ်တတ်ပါတယ်။ လူမှုရေး ပြဿနာအနေနဲ့ ကိုယ်ဝန်ဆောင်ရမှာကို ငြင်းဆန်တဲ့အတွက် အမျိုးသားနဲ့ ပြဿနာဖြစ်တာမျိုးလည်း ရှိတတ်ပါတယ်။
ကိုယ်ဝန်ဆောင်ရမှာကြောက်တာကို ကုသလို့ ရနိုင်သလား။
ဒါက စိတ်ပြဿနာဖြစ်တဲ့အတွက် စိတ်ရောဂါအထူးကုဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးလို့ရပါတယ်။ အထူးသဖြင့် ကိုယ်က လူမှုရေးအကြောင်းပြချက်ကြောင့် မယူတာ မဟုတ်ဘဲ ကိုယ်ဝန်ဆောင်ရမှာကို ကြောက်လို့ မယူဖြစ်တာမျိုး ဆိုရင်ပေါ့။
ဒါ့ပြင် ကိုယ်ဝန်ဆောင်မယ့် မိခင်ဘက်ကလည်း အောက်ကအချက်တွေ ပြင်ဆင်ထားဖို့ လိုပါတယ်။
- ကိုယ့်ခံစားချက်တွေကို ပြောပြပါ။
တချို့အကြောင်းရာလေးတွေကို တွေးပြီး ကြောက်တာက ပုံမှန်ပါပဲ။ ဒါကို သက်ဆိုင်ရာ ဆရာဝန်တွေ၊ အမျိုးသား၊ မိတ်ဆွေ၊ မိဘတွေကို ပြောပြပါ။ တချို့ကိစ္စတွေကို ဆရာဝန်က ရှင်းပြတဲ့အခါ ထင်သလောက် ကြောက်ဖို့ မကောင်းတာကို သိလာပါလိမ့်မယ်။ မိဘတွေ၊ ဆွေမျိုးတွေရဲ့ ကိုယ်ဝန်ဆောင် ကလေးမွေးတဲ့ ဇာတ်လမ်းတွေကို နားထောင်ကြည့်ပါဦး။
- ကြောက်နေတာတွေကို ဖြေရှင်းပါ။
ကိုယ်ဝန်ဆောင်မယ်ဆို တချို့က မွေးတဲ့အချိန် နာမှာကြောက်တယ်။ တချို့က ကလေးကိုယ်လက်အင်္ဂါ မစုံမှာကို ကြောက်တယ်။ နာမှာ ကြောက်ရင် မနာအောင် ဘယ်လို မွေးကြမလဲ။ ကလေးမှာ ချို့ယွင်းချက်တွေ မပါအောင် ဘယ်လိုကာကွယ်ကြမလဲဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။
- ကြောက်စရာကောင်းတဲ့ ဇာတ်လမ်းတွေကို နားမထောင်ပါနဲ့။
ဘယ်သူကတော့ မွေးနေတုန်းကြီး ဆုံးသွားတာ၊ ဘယ်သူ့ကလေးကတော့ မမွေးနိုင်လို့ ညှပ်ဆွဲပြီး မွေးလိုက်ရတယ် စတဲ့ ကြောက်စရာကောင်းတာတွေကို နားမထောင်ပါနဲ့။ နဂိုက ကြောက်စိတ်ဖြစ်နေရင် ပိုပြီး ဆိုးတတ်ပါတယ်။ ကိုယ်ဝန်ဆောင်တိုင်းက ခက်ခက်ခဲခဲ မွေးရတာ မဟုတ်ပါဘူး။ လျှောလျှောလျူလျူနဲ့ ကျန်းမာတဲ့ ကလေးလေး မွေးသွားတဲ့ ကိုယ်ဝန်ဆောင်တွေ အများကြီးရှိပါတယ်။
- ခင်ပွန်းသည်က နှစ်သိမ့်အားပေးပါ။
မိသားစုချင်းဆိုရင်တောင် ခင်ပွန်းသည်ရဲ့ အားပေးမှုက အရေးကြီးပါတယ်။ Tokophobia ဝေဒနာ ခံစားရတဲ့ အမျိုးသမီးတွေက ကိုယ်ဝန်ဆောင်ရမှာလည်း ကြောက်၊ ခင်ပွန်းသည် ငြိုငြင်မှာလည်း စိုးရိမ်နဲ့ စိတ်ဖိစီးနေတတ်ပါတယ်။ ဒါကြောင့် ခင်ပွန်းသည်ရဲ့ အားပေးနှစ်သိမ့်မှုက အရေးကြီးပါတယ်။ ကိုယ်ဝန်ဆောင်ခြင်း မဆောင်ခြင်းကိစ္စမှာ အမျိုးသမီးရဲ့ သဘောထားကို အလေးထားဖို့လည်း အရေးကြီးပါတယ်။
[embed-health-tool-bmi]