backup og meta

မကောင်းမှန်း သိလျက်နဲ့ စွဲလမ်း နေရတဲ့အကြောင်းရင်း

မကောင်းမှန်း သိလျက်နဲ့ စွဲလမ်း နေရတဲ့အကြောင်းရင်း

တစ်ခုခုကို စွဲလမ်း တတ်တဲ့ သူတွေက မကောင်းမှန်း သိပေမယ့်လည်း ဖြတ်ဖို့ ရပ်ဖို့ ခက်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီစွဲလမ်းမှုရဲ့ နောက်ကွယ်မှာ သူတို့ကို မရပ်နိုင်လောက်အောင် ဆွဲဆောင်နိုင်လောက်တဲ့ အရာတစ်ခုခု ရှိနေလို့ပါ။ ဒါကြောင့် ဆက်လုပ်ရင် ကိုယ့်အတွက် မကောင်းဘူးဆိုတာ သိပေမယ့် ရပ်တန့်မရဘဲ စွဲလမ်းနေတာပါ။ စွဲလမ်းစိတ်တွေထဲမှာ ရုပ်ဝတ္ထုတစ်ခုခု (ဥပမာ အရက်)ကို စွဲလမ်းတာရှိသလို အပြုအမူတစ်ခုခု (ဥပမာ လောင်းကစား)ကို စွဲလမ်းတာမျိုးလည်း ရှိပါတယ်။

စွဲလမ်း မှုတွေ ဘယ်လိုဖြစ်လာရသလဲ။

လေ့လာချက်တွေအရ စွဲလမ်းမှုတွေ အားလုံးမှာ တူညီတဲ့ ဖြစ်စဉ်တွေကို တွေ့ရပါတယ်။ ဦးနှောက်ထဲမှာ ရှိတဲ့ ဒိုပါမင်းလို့ ခေါ်တဲ့ ဓာတုပစ္စည်းနဲ့အတူ ဆုလာဘ်ရတာ၊ ထပ်လုပ်ချင်အောင် တိုက်တွန်းတာ စတဲ့ ဦးနှောက်အစိတ်အပိုင်းတွေပါ ပါဝင်ပတ်သက်နေပါတယ်။ ဒီလိုနဲ့ စွဲလမ်းစေတဲ့ ကိစ္စတစ်ခုကို စိတ်အားတက်ကြွလာပြီး ဦးနှောက်ရဲ့ အရှေ့ပိုင်းမှာ ဒါနဲ့ ပတ်သက်ပြီး ထပ်ခါထပ်ခါ လုပ်ချင်အောင် လှုံ့ဆော်လာပါတယ်။

ကိုယ့်ရဲ့ စိတ်အာရုံ ဒီရုပ်ဝတ္ထု ဒါမှမဟုတ် အပြုအမူမှာပဲ နစ်မြုပ်လာပါတော့တယ်။ ထူးခြားတာက စိတ်စွဲလမ်းမှုကို ကုသလိုက်တယ်။ ဖြတ်လိုက်တယ်ဆိုရင်တော့ ဒီဦးနှောက်ပြောင်းလဲမှုတွေက ပြန်ပြီး ကောင်းလာတာကို တွေ့ရပါတယ်။

စိတ် စွဲလမ်း မှုရဲ့ လက္ခဏာများ

ရုပ်ဝတ္ထုတစ်ခုခု ဒါမှမဟုတ် အပြုအမူတစ်ခုခုကို စွဲလမ်းတဲ့အခါ ‘မလုပ်ရ မနေနိုင်‘ ဆိုတဲ့ လက္ခဏာ ပေါ်လာပါတယ်။ ဆေးပညာအရ တစ်ခုခုကို စွဲလမ်းတယ်လို့ ပြောဖို့အတွက် အောက်ကအချက်တွေထဲက အနည်းဆုံး ၂ချက်ရှိရပါမယ်။

  • လိုတာထက်ပိုပြီး ရုပ်ဝတ္ထုတစ်ခု ဒါမှမဟုတ် အပြုအမူတစ်ခုကို အချိန်ကြာကြာ ဒါမှမဟုတ် ပမာဏများများ၊ အကြိမ်ရေများများ လုပ်ထားတာ
  • ဖြတ်ဖို့ ကြိုးစားပေမယ့် မအောင်မြင်တာ
  • ဒီစွဲလမ်းနေတဲ့ အလုပ်ကို လုပ်ဖို့ အချိန်အတော်ပေးရတာ
  • ဒီရုပ်ဝတ္ထု ဒါမှမဟုတ် အပြုအမူကို ဆက်လုပ်ဖို့ ပြင်းပြတဲ့ စိတ်ဆန္ဒရှိနေတာ
  • ဒါတွေကို လုပ်ဖို့ အလုပ်တွေ၊ ကျောင်းတွေ ထိခိုက်တာ
  • ဒီစွဲလမ်းမှုကြောင့် လူမှုရေး ပြဿနာတွေ ကြုံရပေမယ့် ဆက်ပြီး လုပ်ချင်နေတာ
  • ပုံမှန်လုပ်နေကျ အလုပ်တွေ၊ အနားယူတာတွေ၊ လူမှုရေးကိစ္စတွေ ပျက်ကွက်လာတာ
  • ကိုယ့်ကို အန္တရာယ်ဖြစ်စေတဲ့ အချိန်မှာတောင် ဆက်လုပ်မိနေတာ
  • ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နိုင်တယ်ဆိုတာ သိလျက်နဲ့ ဆက်လုပ်နေမိတာ
  • ယဉ်ပါးလာတာ (ဆိုလိုတာက အရက်စွဲတဲ့သူဆိုရင် မသောက်ရရင် ယင်းထတာ၊ မူးဖို့၊ အာသာပြေဖို့ သောက်နေကျ ပမာဏနဲ့ မတိုးတော့တာ)
  • ရုတ်တရက် ရပ်လိုက်ရင် အစိမ်းဖြတ်တဲ့ လက္ခဏာတွေ ပေါ်လာတာ ဒါမှမဟုတ် အစားထိုးဖို့ နောက်တစ်ခုကို ပြောင်းသုံးနေရတာ (ဥပမာ ဆေးလိပ်ဖြတ်ဖို့ vapeကို ပြောင်းသောက်နေရတာမျိုးပါ)

ဘယ်လောက်တောင် ပြင်းပြင်းထန်ထန် စွဲလမ်းနေလဲဆိုတာကတော့ ဘယ်နှချက်လောက် ကိုက်ညီနေလဲနဲ့ ဆုံးဖြတ်နိုင်ပါတယ်။ ၂-၃ချက်လောက်ပဲဆိုရင် သိပ်မဆိုးသေးပါဘူး။ ၄-၅ချက်လောက်ဆိုရင် အသင့်အတင့် စွဲလမ်းတဲ့ အဆင့်ပါ။ ၆ချက်နဲ့ အထက်ဆိုရင်တော့ တော်တော်ဆိုးတဲ့ အခြေအနေလို့ ပြောလို့ရပါတယ်။

စွဲလမ်းမှုတွေ ဖြစ်စေတဲ့ အကြောင်းရင်း

လေ့လာချက်တွေအရတော့ လူတစ်ယောက်က ဘာကို စွဲလမ်းသွားမယ်ဆိုတာကို ခန့်မှန်းလို့ မရနိုင်ပါဘူးတဲ့။ နောက်ပြီး စွဲလမ်းမှုဆိုတာက ဒါလုပ်လို့ ဒါဖြစ်တယ်လို့ တစ်ချက်တည်းနဲ့ ပြောဖို့ ခက်ပါတယ်။ လူတစ်ယောက်ကို တစ်ခုခုမှာ စွဲလမ်းသွားအောင် တွန်းအားပေးနေတဲ့ အချက်တွေ အများကြီး ရှိပါတယ်။ လူနဲ့လည်း ဆိုင်သလို တစ်ဖက်က ရုပ်ဝတ္ထု၊ အပြုအမူရဲ့ ဆွဲဆောင်မှုနဲ့လည်း ဆိုင်ပါတယ်။

ခြုံပြောရရင် လူတစ်ယောက်ရဲ့ စွဲလမ်းမှုတွေကို အောက်က အချက်တွေက လွှမ်းမိုးထားတာကို တွေ့ရပါတယ်။

 ဇီဝဗေဒအချက်

  • မျိုးဗီဇ- စွဲလမ်းမှုတွေရဲ့ တစ်ဝက်လောက်က မျိုးဗီဇကြောင့်လို့ ပြောကြပါတယ်။ ပထမတစ်ချက်က ဦးနှောက်ထဲက ဒိုပါမင်းကို မျိုးဗီဇတွေက လွှမ်းမိုးထားတာ၊ နောက်တစ်ချက်က ခန္ဓာကိုယ်ရဲ့ ဟော်မုန်းတွေက စိတ်ဖိစီးမှုတွေကို တုံ့ပြန်တဲ့ ပုံစံကြောင့်ပါတဲ့။
  • ဇီဝကမ္မ- ဥပမာ အရက်စွဲတဲ့သူတွေမှာ အသည်းအင်ဇိုင်းပမာဏက စွဲလမ်းမှုအတွက် အရေးပါတယ်လို့ ဆိုကြပါတယ်။
  • ကျား/မ- အမျိုးသားတွေက အမျိုးသမီးတွေထက် စွဲလမ်းမှု ပြဿနာတွေ ဖြစ်လွယ်တယ်လို့ ဆိုပါတယ်။ ဥပမာ အရက်စွဲတဲ့ပြဿနာမှာဆိုရင် အမျိုးသမီးတွေက ခန္ဓာကိုယ်ဖွဲ့စည်းးပုံအရ နည်းနည်းသောက်တာနဲ့ မူးတဲ့သူတွေ ဖြစ်တာကြောင့် စွဲဖို့ ခက်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ အချက်

  • ကိုယ်ရည်ကိုယ်သွေး- စိတ်မထိန်းနိုင်ဘဲ မြန်မြန်ဆန်ဆန် လုပ်တတ်တာ၊ တစ်ခုခုကို စူးစမ်းချင်တာက ဆေးစွဲတာ၊ လောင်းကစားစွဲတာနဲ့ ဆက်စပ်နေပါတယ်။ စိတ်မထိန်းနိုင်တာကြောင့် ဖြတ်လည်း ခဏ၊ ပြန်ပြန်သုံးမိတတ်ပါတယ်။
  • စိတ်ထိခိုက်ဒဏ်ရာ– ငယ်ငယ်လေးနဲ့ စိတ်ဒဏ်ရာတွေ ရနေခဲ့ရင် ဒါတွေကို မေ့ပျောက်စေဖို့ မူးယစ်ဆေးတွေနဲ့ ဖြေရှင်းတတ်ကြပါတယ်။
  • စိတ်ရောဂါ- စိတ်ကျရောဂါ၊ စိတ်ရှုပ်ထွေးတဲ့ ပြဿနာ၊ အာရုံ မစူးစိုက်နိုင်တာ၊ စိတ်ဒဏ်ရာရဖူးတာ စတာတွေကလည်း စွဲလမ်းမှုကို ဖြစ်စေတတ်ပါတယ်။ နည်းမှန်လမ်းမှန်နဲ့ မဖြေရှင်းတတ်တဲ့ အခါကျတော့ မူးယစ်ဆေးနဲ့ ရှင်းတဲ့အဆင့် ရောက်သွားပါတယ်။

ပတ်ဝန်းကျင် အခြေအနေ

  • မိသားစု ပြဿနာ- ပျော်ရွှင်စရာ ကောင်းပြီး အချင်းချင်း ဂရုစိုက်တတ်တဲ့ မိသားစုက ကလေးတွေက မူးယစ်ဆေးအပါအဝင် တခြားစွဲလမ်းမှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါနဲ့ ပြောင်းပြန် မိဘ ဒါမှမဟုတ် မောင်နှမတွေထဲမှာ မကောင်းတဲ့ စွဲလမ်းမှု တစ်ခုခုရှိနေပြီဆိုရင်တော့ အလွယ်တကူ ကူးစက်သွားနိုင်ပါတယ်။
  • ပစ္စည်းများ အလွယ်ရမှု- အရက်၊ ဆေးလိပ် စတာတွေကို လွယ်လွယ်နဲ့ ဝယ်လို့ရနေတယ်ဆိုရင် စွဲလမ်းဖို့လည်း လွယ်ပါတယ်။ ခဏခဏလည်း သုံးဖို့ အခွင့်အရေးပေးသလို ဖြစ်သွားနိုင်ပါတယ်။
  • အပေါင်းအသင်း- အထူးသဖြင့် အရွယ်လေးရောက်လာပြီဆိုရင် မိသားစုထက် သူငယ်ချင်းကို ပိုပြီး ခင်တွယ်တတ်တာကြောင့် သူတို့လုပ်တာ အကုန်လိုက်လုပ်နိုင်ပါတယ်။
  • အလုပ်အကိုင်- အလုပ်ထဲမှာ ဖိစီးမှုတွေ များတဲ့အခါ ဒါကို ဖြေဖျောက်ဖို့ အရက်၊ မူးယစ်ဆေးနဲ့ ဖြေရှင်းတတ်ကြပါတယ်။

စွဲလမ်းမှုတွေကို ဘယ်လိုကုသကြမလဲ။

စွဲလမ်းမှုတွေက ကိုယ့်ကို ထိခိုက်လာပြီဆိုရင် သေချာပေါက်ကုသရတော့မှာပါ။ ကောင်းတာက စွဲလမ်းမှုတွေက ကုသလို့ရပါတယ်။ ဥပမာ ဆေးစွဲတာဆိုရင် ကုသလို့ရပြီး လူကောင်းတစ်ယောက်လို ပြန်ဖြစ်သွားနိုင်ပါတယ်။ တစ်ခုရှိတာက အချိန်ပေးရတဲ့အတွက် စိတ်ရှည်ရှည်နဲ့ ကြိုးစားဖို့တော့ လိုပါတယ်။ ပြန်မသုံးဖြစ်အောင်လည်း ကာကွယ်ဖို့ လိုပါတယ်။

ကုသနည်းတွေကတော့ အမျိုးမျိုးရှိပါတယ်။ တစ်မျိုးတည်းနဲ့ ကုသတာ မဟုတ်ဘဲ အားလုံး စုပေါင်းပြီး ကုသရတဲ့ ပုံစံမျိုးပါ။ ဥပမာ အရက်စွဲတဲ့သူဆိုရင်

  • အရက်ကြောင့် လက်ရှိမှာ ခံစားနေရတဲ့ ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းတာ
  • လိုအပ်တဲ့ ဆေးဝါးတွေ ပေးတာ
  • နှစ်သိမ့်ဆွေးနွေးတာ
  • Cognitive Behavior Therapy (CBT) လို့ခေါ်တဲ့ စိတ်ကုထုံး ခံယူတာ
  • ကိုယ်နဲ့ ဘဝတူ လူတွေနဲ့ အတွေ့အကြုံဖလှယ်တာ
  • မိသားစုရဲ့ ထောက်ပံ့ကူညီမှု
  • စိတ်အပြောင်းအလဲဖြစ်အောင် တခြားအလုပ်လေးတွေ သင်ပေးတာ စတာတွေ ပါဝင်ပါတယ်။

စွဲလမ်းမှုတွေကို ကုသတဲ့အခါမှာ တစ်ကြိမ်တည်းနဲ့ ပျောက်သွားမှာ မဟုတ်ပါဘူး။ ခဏခဏခေါ်ကြည့်ပြီး အချိန်အတော်ကြာ ကုသရမှာပါ။ ဒါပေမယ့် ဒီကြားထဲမှာ တိုးတက်မှုတွေ ဖြစ်လာပြီး ပျောက်ကင်းသွားတာကို တွေ့ရမှာပါ။

စကားလက်ဆောင်

စွဲလမ်းမှုတွေကို မကောင်းမှန်းသိလျက်နဲ့ မလုပ်ရ မနေနိုင်လို့ ဆက်ပြီး လုပ်မိနေတာ၊ ပြီးရင် နောင်တတွေ ရနေတာက သိပ်ကို ဆိုးတဲ့ ခံစားချက်ပါ။ ဒီစွဲလမ်းမှုတွေကို ဖြတ်တောက်ဖို့ဆိုတာ သင့်ရဲ့ ကြိုးစားအားထုတ်မှု လိုပါတယ်။ ဖြတ်မယ်လို့ ဆုံးဖြတ်ပြီး သေချာကုသမှု ခံယူလိုက်ရင် ဒီမကောင်းတဲ့ အကျင့်တွေကို ဖယ်ထုတ်နိုင်မှာပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.psychologytoday.com/intl/basics/addiction

https://www.verywellmind.com/psychological-process-of-addiction-22261

https://www.psychiatry.org/patients-families/addiction/what-is-addiction

ယခုပုံစံ

03/01/2024

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ့်မှာရှိမှန်းမသိ၊ ရှိနေနိုင်တဲ့ စွဲလမ်းမှုများ

လောင်းကစားစွဲလမ်းခြင်းဟာ ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာပါ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 03/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement