လူတွေက ကိုယ့်စိတ်အခြေအနေ ဘယ်လိုဖြစ်နေလဲဆိုတာ ခွဲခြားနိုင်ကြလား။
ပျော်ရင် ပျော်တယ်၊ ဝမ်းနည်းရင် ဝမ်းနည်းတယ်၊ ဒီလိုမျိုး အပေါ်ယံ ခံစားမှုမျိုးကိုတော့ လူတိုင်းခွဲခြားတတ်မှာပါ။ ဒါပေမယ့် စိတ်ကျန်းမာရေးပြဿနာဆိုတာ အဲဒီလောက် ခွဲခြားရ မလွဲပါဘူး။ ဥပမာ – ရိုးရိုး စိတ်ညစ်တာကို စိတ်ဓာတ်ကျတယ်လို့ ထင်ရင် ထင်လိမ့်မယ်။ စိတ်ခံစားချက် အပြောင်းအလဲမြန်တာကို စိတ်အတက်အကျမြန်ရောဂါလို့လည်း ထင်တဲ့သူတွေ ရှိပါတယ်။ နောက်ဆုံး ကိုယ့်ကိုယ်ကိုယ် ဘာခံစားလို့ခံစားနေရမှန်းမသိဘဲ အရာရာပျောက်ဆုံးနေသလို ခံစားနေတဲ့သူတွေလည်း အများကြီးရှိပါတယ်။
စိတ်ကျန်းမာရေးပြဿနာ ကြုံတွေ့နေရသူတွေဟာ သူတို့ခံစားနေရတာတွေကို ဘာလို့ရင်မဖွင့်ကြတာလဲ။
လူငယ်တွေရော လူကြီးတွေမှာပါ ဒီလိုအမူအကျင့်တွေ ရှိတာကို ပြင်ပလောကမှာလည်း ခဏခဏ မြင်ရကြားရပါတယ်။ ကိုယ်ဒီလိုခံစားနေရတာတွေကို သူများပြောလိုက်ရင် ကိုယ့်ကိုများ အထင်သေးသွားမလား၊ ကွယ်ရာမှာ ကိုယ့်မကောင်းကြောင်းတွေကို ပြန်ပြောပြီး ဟားတိုက်ရယ်မောနေကြမလား၊ ကိုယ့်ကို အားပေးနှစ်သိမ့်တာမျိုး မလုပ်ဘဲ ဝေဖန်ကဲ့ရဲ့ကြမလား၊ အထင်သေးကြမလား၊ ကိုယ့်မိသားစုကရော ကိုယ်ဘာတွေခံစားနေရလဲ သိပြီးသွားရင် ဝမ်းနည်းကြမလားဆိုပြီး အတွေးပေါင်းစုံ ဝင်လာတာနဲ့ ပြောမယ့်အရာတွေ အကုန်မျိုသိပ်လိုက်ပြီး ကိုယ့်ဘာသာ တစ်ယောက်တည်းပဲ ငြိမ်ငြိမ်နေလိုက်ကြတော့တာပါပဲ။
ဒီလိုမျိုး မျိုသိပ်လိုက်တဲ့အခါ ခံစားချက်တွေက ပျောက်သွားတာမျိုးမဟုတ်ဘဲ သဲနဲ့ဖုံးလိုက်သလို ဖြစ်သွားတဲ့အတွက် နောက်ထပ် စိတ်ညစ်စရာတွေ ဝင်လာတဲ့အခါ အရင်ခံစားနေရတာတွေရော နောက်ထပ်ခံစားရတာပါ ပေါင်းသွားပြီး လူက ပြင်းထန်တဲ့ စိတ်ဖိစီးမှုတွေ၊ စိတ်ဓာတ်ကျရောဂါတွေ ဖြစ်လာကာ မိမိကိုယ်ကို သေကြောင်းကြံစည်တဲ့အထိ ပြုမူတတ်ကြပါတယ်။ ဒီလိုမျိုးဖြစ်ရပ်တွေကို ရှောင်ရှားဖို့အတွက် ဘေးလူတွေအနေနဲ့ ကိုယ်ချစ်တဲ့သူတွေ ဘယ်လိုပုံမှန်မဟုတ်တဲ့ အပြုအမူတွေ လုပ်နေတတ်လဲ၊ စကားမျိုးတွေ ပြောနေတတ်လဲဆိုတာ အမြဲစောင့်ကြည့်နေဖို့ လိုအပ်ပါတယ်။
ဘယ်လိုလူမျိုးကတော့ စိတ်ရောဂါမဖြစ်နိုင်ဘူးဆိုပြီး သတ်မှတ်လို့ရလား။
နာမည်ကြီး အဆိုတော်တွေ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်သွားတယ် ဆိုတဲ့ သတင်းတွေတက်လာရင် သူတို့အကြောင်း ဘာမှမသိကြတဲ့ ဘေးလူတွေက “ရုပ်ကလေး ချောနေလျက်နဲ့ ဘာလို့သတ်သေသွားရတာလဲ၊ ဝင်ငွေကလည်း ကောင်းနေတာပဲ၊ အဆိုတော်ဆိုတာ ငါတို့ဖြစ်ချင်တာတောင် ဖြစ်လို့မရဘူး၊ ကိုယ့်ဘဝကိုယ် တန်ဖိုးမထားတတ်လိုက်တာ၊ အဖန်ငါးရာ့ငါးကမ္ဘာကို မကြောက်ကြဘူးနော်၊ သူတို့ထက် အဖြစ်ဆိုးတဲ့သူတွေ လောကမှာအများကြီးမရှိတာတောင် မသတ်သေကြဘူး” အစရှိသဖြင့် ကျိုးကြောင်းဆီလျော်မှုမရှိ၊ ကာယကံရှင်နဲ့လည်း မသက်ဆိုင်တဲ့အရာတွေကို အများဆုံး ပြောတတ်ကြပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။