backup og meta

ရင်သားထိပ်ခေါင်းတွေ ဘာကြောင့် မည်းရတာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 23/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရင်သားထိပ်ခေါင်းတွေ ဘာကြောင့် မည်းရတာလဲ

    အမျိုးသမီး တစ်ယောက်ရဲ့ ရင်သားတွေဟာ အပျိုဖော်ဝင်ခြင်းနဲ့ သန္ဓေဆောင်ခြင်းတို့လို သဘာဝ ဖြစ်စဉ်တွေကြောင့် ပြောင်းလဲတတ်ပါတယ်။ ရင်သား ထိပ်ခေါင်းတွေကတော့အရောင် မပြောင်းတတ်ကြပေမဲ့ ရင်သားထိပ်ခေါင်းတစ်ဝိုက်က areola လို့ခေါ်တဲ့ စက်ဝိုင်းပုံစံ အရေပြားဧရိယာလေးကတော့ အရောင်ပြောင်းနိုင်ပါတယ်။ အာရှသူတွေအတွက် ရင်သားထိပ်ခေါင်းတွေက ညိုတတ်ပေမဲ့ တချို့အချိန်တွေမှာ အရောင်ပိုရင့်တတ်ပါတယ်။

    ပုံမှန်အားဖြင့် Areola အရောင်ပြောင်းတာက အန္တရာယ် မရှိပေမဲ့ တစ်ခါတစ်ရံမှာတော့ ကျန်းမာရေး အန္တရာယ်ရှိနေနိုင်တဲ့ အတွက် ဆေးဝါးကုသမှု ခံယူဖို့ လိုအပ်ပါတယ်။ ရင်သားထိပ်ခေါင်းတွေ ဘာကြောင့် မည်းရတာလဲ ဆိုတာကို ဗဟုသုတ အနေနဲ့ ပြောပြပေးချင်ပါတယ်။

    ရင်သားထိပ်ခေါင်းတွေ ဘာကြောင့် မည်းရတာလဲ

    • သောက်သုံးရတဲ့ သန္ဓေတားဆေးများ၊
    • အပျိုဖော်ဝင်ခြင်း၊
    • သန္ဓေဆောင်ရခြင်း၊
    • ရင်သားထိပ်ခေါင်းများမှ အမွေးများကြောင့်၊
    • ဓမ္မတာ လာခြင်းကြောင့်၊
    • နို့ချို့တိုက်ကျွေးရခြင်း၊
    • ကင်ဆာရောဂါ စတဲ့ အကြောင်းရင်းတွေကြောင့် ဖြစ်ပါတယ်။

    နောက်လာမယ့်စာပိုဒ်တွေမှာတော့ ဒီလို ရင်သားထိပ်ခေါင်းမည်းစေတဲ့ အကြောင်းရင်းတွေအကြောင်းကို အသေးစိတ် တစ်ချက်ခြင်း ဖော်ပြသွားမှာ ဖြစ်ပါတယ်။

    ၁။ သောက်သုံးရတဲ့ သန္ဓေတားဆေးများ။

    သောက်သုံးရတဲ့ သန္ဓေတားဆေးတွေဟာ ဟော်မုန်းပြောင်းလဲမှုကို ဖြစ်စေနိုင်ပြီး ရင်သားထိပ်ခေါင်း ဧရိယာတစ်ဝိုက်ကို ပိုပြီး မည်းလာစေနိုင်ပါတယ်။ သန္ဓေတားဆေးတွေမှာ လူလုပ် အီစထရိုဂျင် (estrogen) နဲ့ ပရိုဂျက်စတီရုန်း (progesterone) ဟော်မုန်းတွေ ပါဝင်ပါတယ်။

    ဒီလို ဟော်မုန်းတွေပါဝင်တာကြောင့် သန္ဓေတားဆေးတွေကို သောက်သုံးတဲ့အခါ ရင်သားထိပ်ခေါင်း ဧရိယာ တစ်ဝိုက် မည်းသွားတာမျိုး ဖြစ်တတ်ပါတယ်။ဒါပေမဲ့ သင်သန္ဓေတားဆေးသောက်သုံးတာကို ရပ်လိုက်တာနဲ့ တစ်ပြိုင်နက် ပျောက်ကင်းသွားတတ်ပါတယ်။

    ၂။ အပျိုဖော်ဝင်ခြင်း။

    အပျိုဖော်ဝင်ချိန် မျိုးဥအိမ်က ဟော်မုန်းတွေစတင်ထုတ်လုပ်တာနဲ့ အမျိုးသမီး တစ်ယောက်ရဲ့ အီစထရိုဂျင် ပမာဏက မြင့်တက်လာပါတော့တယ်။ ဒီလို အီစထရိုဂျင် မြင့်မားလာမှုက ရင်သားတွေကို ပိုပြီး ဖွံဖြိုးလာစေပါတယ်။ ရင်သားကြီးလာတာနဲ့ အမျှ ရင်သားထိပ်ခေါင်း ဧရိယာတစ်ဝိုက်က အရေပြားတွေက ပိုမည်းလာတတ်ပါတယ်။

    ၃။ သန္ဓေဆောင်ရခြင်း။

    သန္ဓေဆောင်ချိန် သန္ဓေသား ဖွံဖြိုးလာတာနဲ့ အမျှ ရင်သားတွေကလည်း ရင်သွေးကို နို့ချို့ တိုက်ကျွေးဖို့ အတွက် ဖွံဖြိုးလာပါတယ်။ အဲ့ဒီအချိန် မွေးဖွားလာမယ့် ကလေးကို နိုချို့ တိုက်ကျွေးဖို့ အတွက် ခန္ဓာကိုယ်ကလည်း အီစထရိုဂျင်နဲ့ ပရိုဂျက်စတီရုန်း ဟော်မုန်းတွေကို ပိုပြီး ထုတ်လုပ်လာပါတော့တယ်။ ဒီလို ဟော်မုန်း ထုတ်လုပ်ပုံ ပြောင်းလဲသွားတာနဲ့အမျှ ရင်သားတွေကလည်း ပြောင်းလဲလာမှာပါ။

    ဒါကြောင့် သတိထားမိမယ်ဆိုရင် ရင်သားတစ်ဝိုက်က ပိုပြီးတင်းလာတာ၊ ကြီးလာတာကို တွေ့ရမှာပါ။ ဒါ့အပြင် ရင်သားထိပ်ခေါင်းဧရိယာတစ်ဝိုက်ကလည်း ပိုပြီး မည်းလာမှာ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန် ရင်သားထိပ်ခေါင်း ဧရိယာတစ်ဝိုက်မည်းလာတယ်ဆိုတာ ခဏသာ ဖြစ်ပါတယ်။ ကလေးမွေးဖွားအပြီး ၊ နို့ချို့တိုက်ကျွေးချိန်အပြီးမှာတော့ ရင်သားထိပ်ခေါင်းတွေက အရင်အရောင်ပြန်ဖြစ်သွားမှာပါ။

    ၄။ နို့ချိုတိုက်ကျွေးခြင်း။

    ကလေးငယ်လေးတွေက နို့စို့တဲ့နေရာကို အလွယ်တကူမှတ်မိစေဖို့ ရင်သားထိပ်ခေါင်းတွေက ပိုပြီး မည်းလာရတာပါ။ အပေါ်မှာ ဖော်ပြထားသလိုပဲ နို့ချို တိုက်ကျွေးခြင်းက ရင်သားထိပ်ခေါင်းတစ်ဝိုက် အရောင်မည်းခြင်းတို့လို့ ရင်သားပြောင်းလဲမှုများစွာ ဖြစ်စေနိုင်ပါတယ်။ ဒါ့ပြင် နို့ချိုတိုက်ကျွေးချိန်မှာ နို့ရည်တွေ ပိုပြီး ထွက်ရှိလာစေဖို့အတွက် ဟော်မုန်းတွေ မြင့်တက်လာမှာဖြစ်ပြီး ရင်သားထိပ်ခေါင်းနားတစ်ဝိုက် ပိုပြီးမည်းလာမှာ ဖြစ်ပါတယ်။ နို့ချို့တိုက်ကျွေးချိန်ပြီးတာနဲ့ ရင်သားထိပ်ခေါင်းတွေဟာ သူ့ရဲ့ နဂိုအရောင်ပြန်ပြောင်းသွားမှာ ဖြစ်ပါတယ်။

    ၅။ ရင်သားထိပ်ခေါင်းတစ်ဝိုက်မှာ အမွေးများပေါက်ခြင်း။

    ရင်သားထိပ်ခေါင်းတစ်ဝိုက် အမွေးတွေပေါက်တယ်ဆိုတာ ပုံမှန်ဖြစ်စဉ် တစ်ရပ်တော့ မဟုတ်ပါဘူး။ ဒီအမွေးလေးတွေက ခန္ဓာကိုယ်က တခြားအမွေးတွေထက် ပိုပြီး မည်းနက်ပါတယ်။

    ဒီလို အမွေးလေးတွေက ရင်သားထိပ်ခေါင်းတစ်ဝိုက် နီးကပ်စွာပေါက်တဲ့အခါ ရင်သားထိပ်ခေါင်းကို ပိုပြီးမည်းလာစေမှာ ဖြစ်ပါတယ်။

    ၆။ ဓမ္မတာ လာခြင်း။

    ဓမ္မတာလာခြင်းဟာ အမျိုးသမီးတွေရဲ့ ပုံမှန် ဖြစ်ပျက်နေတဲ့ အရာတစ်ခုလည်းဖြစ်ပါတယ်။ ဒီစက်ဝိုင်းအတွင်းမှာ မျိုးဥအိမ်တွေက သန္ဓေအောင်စေရန်အတွက် မျိုးဥကို ထုတ်လုပ်ကြပါတယ်။ ဓမ္မတာ စက်ဝန်းပြောင်းလဲခြင်းဟာ ဟော်မုန်းတွေကြောင့် ဖြစ်ရတာကြောင့် ရင်သားတွေပါ ပြောင်းလဲမှုတွေ စတင်ဖြစ်လာတော့မှာပါ။ ဟော်မုန်းပမာဏ အနိမ့်အမြင့် ဖြစ်တာနဲ့ ရင်သားတွေဟာ နာကျင်ပြီး တင်းလာနိုင်ပါတယ်။ ဒီလိုမျိုးပဲ ဓမ္မတာ စက်ဝိုင်းအတွင်းရောက်တာနဲ့ ရင်သားထိပ်ခေါင်းတွေ ပိုပြီး မည်းလာတာကိုတွေ့ရမှာ ဖြစ်ပါတယ်။

    ၇။ ကင်ဆာ။

    ပဲဂျက် ရောဂါ (Paget’s Disease) ဆိုတာ ရင်သားထိပ်ခေါင်းမှာ ဖြစ်တတ်တဲ့ ရှားပါးကင်ဆာရောဂါတစ်မျိုးပါ။ ဒီကင်ဆာမျိုးဟာ ပထမပိုင်းမှာ နို့သယ်ပြွန်တွေမှာ စတင်ဖြစ်ပွားပြီး နောက်ပိုင်းမှာ ရင်သားထိပ်ခေါင်း မျက်နှာပြင်နဲ့ areola လို့ခေါ်တဲ့ ရင်သားထိပ်ခေါင်းတစ်ဝိုက်က အရေပြားထံ ကူးစက်သွားပါတယ်။

    ဒီရောဂါ ဖြစ်နေပြီဆိုရင် ရင်သားထိပ်ခေါင်းနဲ့ areola တို့ဟာ အနီရောင်ပြောင်းလာပြီး အရေခွံတွေကွာကျလာကာ ယားယံလာမှာ ဖြစ်ပါတယ်။ ပဲဂျက် ရောဂါ (Paget’s Disease) ရောဂါ ဖြစ်ပွားတဲ့ လူ ၉၀ ရာခိုင်နှုန်းမှာ ရင်သားကင်ဆာပါ ရှိတတ်ကြပေမဲ့ ပဲဂျက် ရောဂါ (Paget’s Disease) တွေကတော့ ရင်သားကင်ဆာ ဖြစ်ပွားစေနိုင်တဲ့ အကြောင်းရင်းတွေထဲမှာ ၅ ရာခိုင်နှုန်း ခန့်သာရှိပါတယ်။

    ပဲဂျက် ရောဂါ (Paget’s Disease) ရှိနေတဲ့ လူတွေ ၉၀ ရာခိုင်နှုန်းလောက်မှာ ရင်သားကင်ဆာပါ ရှိနေတတ်တာမို့ ရောဂါ လက္ခဏာတွေကို အရင်ဆုံး သိဖို့ က အရမ်း အရေးကြီးပါတယ်။ လက်ရှိအချိန်ထိ ဘာကြောင့် ပဲဂျက် ရောဂါ (Paget’s Disease) ဖြစ်ပွားရသလဲဆိုတဲ့ အကြောင်းရင်းကို မသိကြသေးပေမဲ့ ဖြစ်နိုင်ခြေ နှစ်ခုထဲ က ပထမတစ်ခုကတော့ ကင်ဆာဆဲလ်တွေဟာ ရင်သားအတွင်းက နို့သယ်ပြွန်တွေထဲမှာ စတင်ကြီးထွားလာပြီးနောက်မှာ ရင်သားထိပ်ခေါင်း အထိ ကြီးထွားလာတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ ဒီဖြစ်နိုင်ချေကတော့ ပဲဂျက် ရောဂါ (Paget’s Disease) ဖြစ်နေတဲ့ လူတွေမှာ ရင်သားကင်ဆာ ပါရှိနေတယ်ဆိုတဲ့ ဖြစ်ရပ်ကို အတည်ပြုပေးနိုင်ပါတယ်။

    နောက်ယူဆချက်ကတော့ ရင်သားထိပ်ခေါင်းက ဆဲလ်တွေမှာ ကင်ဆာဆဲလ်သက်သက် ရင်သားမှာ ပဲဂျက် ရောဂါ (Paget’s Disease) နဲ့မဆိုင်ဘဲ ရင်သားကင်ဆာ သပ်သပ်ထပ်ဖြစ်နေတဲ့ ဖြစ်ရပ်ပါ။

    ရင်သားထိပ်ခေါင်းမှာ ဖြစ်တဲ့ ပဲဂျက် ရောဂါ (Paget’s Disease) ဟာ အမျိုးသမီးတွေမှာသာ ပိုအတွေ့ရများပေမဲ့ တခြားရင်သားကင်ဆာတွေလိုမျိုးပဲ အမျိုးသားတွေမှာလည်း ဖြစ်ပွားနိုင်ပါတယ်။ National Cancer Institute ရဲ့ လေ့လာချက်တွေအရ အမျိုးသမီးတွေမှာ ပျှမ်းမျှ အသက် ၆၂ နှစ်ဆိုရင် ပဲဂျက် ရောဂါ (Paget’s Disease) ဖြစ်ပွားတတ်ပြီး အမျိုးသားတွေမှာကတော့ ပျှမ်းမျှ ၆၉ နှစ်မှာ ဖြစ်ပွားတတ်ပါတယ်။ ပဲဂျက်ရောဂါရဲ့ ကနဦး လက္ခဏာတွေကတော့ ရင်သားထိပ်ခေါင်းမည်းလာခြင်းနဲ့အတူ-

    • ရင်သားထိပ်ခေါင်းပြားလာခြင်း၊
    • ရင်သားထိပ်ခေါင်းမှ အဝါရောင်နဲ့ သွေးပါတဲ့ အရည်များ ထွက်လာခြင်း၊
    • ရင်သားထိပ်ခေါင်းမှ ကြွပ်ဆပ်မာကျောသောအရေပြားများကွာကျခြင်း၊
    • ရင်သားထိပ်ခေါင်းတွင် ယားယံခြင်းတို့ကိုပါ ပူးတွဲခံစားကြရတတ်ကြပါတယ်။

    ဒီကင်ဆာမျိုးကို အပျိုဖော်ဝင်ပြီးတဲ့ အချိန်ကစလို့ စတင်ဖြစ်ပွားတတ်ကြပေမဲ့ လူငယ်တွေထက် လူကြီးတွေမှာ ပိုအဖြစ်များပါတယ်။ အကယ်၍ ဒီလိုဝေဒနာတွေနဲ့ အတူ ရင်သားပါ မည်းလာမယ်ဆိုရင် ဆရာဝန်ထံ အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားတွေ့ရမလဲ။

    ခန္ဓာကိုယ် ဖွံ့ဖြိုးလာပြီး အသက်ကြီးလာတာနဲ့ အမျှ ရင်သားနဲ့ ရင်သားထိပ်ခေါင်းတွေက သဘာဝအတိုင်း လိုက်လံပြောင်းလဲလာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သဘာဝ ဖြစ်စဉ်တွေဖြစ်တဲ့ ဓမ္မတာ လာခြင်း၊ ကိုယ်ဝန်ဆောင်ခြင်းနဲ့ နို့ချို့တိုက်ကျွေးခြင်းတို့ကလည်း ရင်သားကိုပိုပြီး မည်းလာစေမှာ ဖြစ်ပါတယ်။ ဒီလို ဖြစ်စဉ်တွေကြောင့် ရင်သားထိပ်ခေါင်း မည်းလာတာဆိုရင် စိုးရိမ်စရာ မရှိပေမဲ့ အောက်ပါ အချက်တွေပါ တွဲပြီး ဖြစ်ပေါ်လာရင်တော့ ဆရာဝန်ထံ သွားရောက်ပြသသင့်ပါတယ်။

    • အရေပြား အရေခွံတွေ ကွာကျခြင်း၊
    • ရင်သားထိပ်ခေါင်း တစ်ဖက်တည်းကသာ အရောင်ပြောင်းလာခြင်း၊
    • ယားယံခြင်း၊
    • ရင်သားတစ်ဝိုက် နီလာခြင်း၊
    • အဖုအကျိတ် တို့ ဖြစ်လာပြီဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။

    နိဂုံးချုပ်။

    နိဂုံးချုပ် အနေနဲ့ ပြောရမယ်ဆိုရင် ရင်သားအရောင်ဟာ သဘာဝ ဖြစ်စဉ်များအလိုက် လိုက်လံပြောင်းလဲတတ်ပါတယ်။ ဒီကြောင့် ရင်သား အရောင်ပြောင်းလဲတာက ဘာမှစိုးရိမ်စရာ မရှိဘဲ ပုံမှန် ဖြစ်စဉ်တွေဖြစ်တဲ့ ခန္ဓာကိုယ်ပြောင်းလဲမှုတွေ ပြီးသွားတာနဲ့ အရောင် ပြန်ဖျော့သွားမှာ ဖြစ်ပါတယ်။ တစ်ခုတည်းသော စိုးရိမ်စရာတစ်ခုကတော့ ရင်သားထိပ်ခေါင်း မည်းလာတာနဲ့ အတူ တခြား ပုံမှန်မဟုတ်တဲ့ ဖြစ်စဉ်တွေပါ ဖြစ်လာတဲ့ ဖြစ်စဉ်ဖြစ်ပြီး ဒီလိုဆိုရင်တော့ ဆရာဝန်နဲ့သွားရောက်ပြသကုသသင့်ပါတယ်။

    ရေးသားသူ− Arkar Hein

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 23/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement