backup og meta

ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ခြင်းအကြောင်း လေ့လာကြည့်ရအောင်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ခြင်းအကြောင်း လေ့လာကြည့်ရအောင်။

    ယနေ့ခေတ်မှာ ဆယ်ကျော်သက်တွေက အသက်အရွယ်အားဖြင့် ရင့်ကျက်မှုမရှိသေးဘဲ ကိုယ်ဝန်ဆောင်နေကြတာကို တွေ့မြင်နိုင်ပါတယ်။ အများစုကတော့ အစီအစဉ်မရှိဘဲ သူ့အလိုလို ရသွားကြတာပါ။ အစီအစဉ်အတကျ ကလေးယူကြတယ်ဆိုရင်တောင် အသက်ဟာ ငယ်ရွယ်သေးတဲ့အတွက် အန္တရာယ်တွေ ရှိနေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ခြင်းအကြောင်း လေ့လာကြည့်ရအောင်။

    ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ခြင်းအကြောင်း လေ့လာကြည့်ရအောင်။

    ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ခြင်းအကြောင်း  လေ့လာကြည့်ရအောင်။ ဆယ်ကျော်သက်အရွယ် ကိုယ်ဝန်ဆောင်တွေ ရှိနေရခြင်းရဲ့ အကြောင်းပြချက်တွေကတော့

    • လိင်အသိပညာနဲ့ မျိုးပွားမှုဆိုင်ရာ ကျန်းမာရေး ဗဟုသုတများ မရှိခြင်း၊
    • ငယ်ရွယ်သူ ဆယ်ကျော်သက်တွေထံ အသိပညာ အလုံအလောက် မပေးနိုင်ခြင်း၊
    • မိသားစု (သို့မဟုတ်) ပတ်ဝန်းကျင်က လက်ထပ်ဖို့ ဖိအားပေးခြင်း၊
    • လိင်အကြမ်းဖက် ခံရခြင်း၊
    • အိမ်ထောင်ပြုရန် အတင်းအဓမ္မ စေခိုင်းခံရခြင်းနဲ့
    • ကျောင်းမနေခဲ့ရခြင်းကြောင့် အသိပညာမစုံလင်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။

     အခြားအကြောင်းအရင်းတွေထဲမှာတော့

  • အမျိုးသမီးငယ်လေးများထံသို့ သားဆက်ခြားနည်းလမ်းများ၊ ဆေးများ မရောက်ရှိခြင်း၊
  • ဆင်းရဲ မွဲတေခြင်းနဲ့
  • ဘေးဒုက္ခအန္တရာယ်တစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်။
  • ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့

    (၁) ပညာရေးဆုံးခန်းတိုင်မှု မရှိတော့ခြင်း။

    ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်တွေရဲ့ ၇၀ ရာခိုင်နှုန်းခန့်က ကျောင်းထွက် (သို့) ထုတ်ခြင်းကို ခံရနေပါတယ်။ သူတို့ထဲက ထက်ဝက်ခန့်သာ အသက်မွေးဝမ်းကြောင်းဆိုင်ရာ အလုပ်တွေရှိကြပါတယ်။

    အကြောင်းအရင်းကတော့

    • ရုပ်ပိုင်း၊ စိတ်ပိုင်းနဲ့ လူမှုရေးပိုင်းဆိုင်ရာ ပြဿနာများ၊
    • ကိုယ်ဝန်ဆောင်စဉ် လက္ခဏာများခံစားရခြင်း၊
    • ပြောင်းလဲလာတဲ့ ဝမ်းဗိုက်အရွယ်အစားနဲ့
    • ပတ်ဝန်းကျင်ရဲ့ ပြစ်တင်ဝေဖန်မှုတွေကြောင့် ကျောင်းထွက်လာကြရခြင်း ဖြစ်ပါတယ်။

    (၂) ကျန်းမာရေးပြဿနာများ ကြုံတွေ့ရခြင်း။

    အသက်ငယ်ရွယ်နုနယ်စဉ်မှာ ကိုယ်ဝန်ဆောင်ထားရခြင်းကြောင့် ကျန်းမာရေးပြဿနာတွေ ပိုခံစားရတတ်ပါတယ်။

    မရင့်ကျက်သေးတဲ့ အသက်အရွယ်အရ ကိုယ်ဝန်ဆောင်နေရတာကို ရှက်ရွံ့နေတတ်တာမို့ ကိုယ်ဝန်ကိုလည်း ပုံမှန်မအပ်ကြပါဘူး။ ဒီပြဿနာတွေကို ရှောင်ရှားဖို့ဆိုရင်တော့ ဆရာဝန်နဲ့ ပုံမှန်သွားပြပြီး မှန်ကန်တဲ့ နေထိုင်စားသောက်ပုံမျိုး ရှိဖို့ အထူးလိုအပ်ပါတယ်။ အရက်နဲ့ ဆေးလိပ်ကိုလည်း ရှောင်ရှားသင့်ပါတယ်။

    (၃) စီးပွားရေးယုတ်လျော့ခြင်း။

    ပညာရေးဆုံးခန်းမတိုင်ခဲ့ခြင်းကြောင့် အသက်မွေးဝမ်းကြောင်း အလုပ်တစ်ခုကို မရှာဖွေနိုင်တော့ပါဘူး။ အလုပ်ကောင်းကောင်းမရှိတဲ့အခါ ဘဝကို ကောင်းမွန်စွာ မရပ်တည်နိုင်တော့လို့ စီးပွားရေးကျပ်တည်းလာပါတယ်။ ဆယ်ကျော်သက်အရွယ် ဖခင်တွေဟာလည်း ထိုနည်းလည်းကောင်းပါပဲ။

    (၄) အိမ်ထောင်ရေးပြဿနာများ။

    ဆယ်ကျော်သက် လင်မယားနှစ်ယောက်ဟာ အိမ်ထောင်ရေးကို စီးပွားရေးအရရော၊ လူမှုရေးအရပါ ကောင်းမွန်စွာ မထိန်းသိမ်းတတ်ကြပါဘူး။ ကလေးတွေကိုလည်း ကောင်းကောင်း မပျိုးထောင်နိုင်ကြပါဘူး။ အိမ်ထောင်ဖက်နှစ်ဦးလုံးဟာ မိမိနဲ့ သက်တူရွယ်တူ လူပျို၊လူလွတ်တွေကိုပဲ အားကျနေတတ်ကြပါတယ်။

    (၅) စိတ်ရောဂါ

    အမေရိကန်နိုင်ငံ စိတ်ပညာရှင်အဖွဲ့အစည်းတွေရဲ့ လေ့လာစမ်းသပ်ချက်များ အရ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်သူတွေဟာ စိတ်ကျရောဂါကို ခံစားနေရ တတ်ပါတယ်။ မိမိကိုယ်ကို အပြစ်ရှိတယ်လို့ခံစားနေရပြီး စိတ်ပေါက်ကွဲလွယ်ပါတယ်။ မွေးဖွားလာမယ့် ကလေးအပေါ်ကိုလည်း မနွေးထွေးခြင်း၊ လျစ်လျူရှုထားခြင်းနဲ့ နှိပ်စက် ရိုက်နှက်ခြင်းတွေ ပြုလုပ်တတ်ကြပါတယ်။

    (၆) ကလေးရဲ့ အနာဂတ်ဝေဝါးခြင်း။

    ဆယ်ကျော်သက်မိဘတွေဟာ မိမိကိုယ်တိုင် ပညာရေး ဆုံးခန်းမတိုင်တာကြောင့် မိမိကလေးကိုလည်း ကျောင်းထုတ်ပစ်တာမျိုး၊ ကောင်းမွန်စွာ လူလားမြောက်အောင် ပျိုးထောင်မပေးနိုင်တာမျိုးတွေ ရှိတတ်ပါတယ်။ သုတေသနတစ်ခုအရ ဆယ်ကျော်သက်အမေက မွေးလာတဲ့ သမီးမိန်းကလေးဟာ ကြီးပြင်းလာတဲ့အခါမှာ ဆယ်ကျော်သက်အရွယ်မှာတင် စောစီးစွာ ကိုယ်ဝန်ဆောင်တတ်ကြပြီး  သားယောကျ်ားလေးဆိုရင်တော့ ပြစ်မှုတွေ ကျူးလွန်တတ်ကြတယ်လို့ ဆိုထားပါတယ်။

    ဆယ်ကျော်သက်လူငယ်တွေ ကိုယ်ဝန်ဆောင်မိခဲ့တယ် ဆိုရင်တော့ အသုံးဝင်မယ့် နည်းလမ်းလေးတွေကို ပြောပြချင်ပါတယ်။

    ၁။ ဒီလို အချိန်မှာ အဓိဟာ ငွေပါ။ ကလေးမွေးဖို့၊ ကိုယ်ဝန်အပ်ဖို့၊ စားဝတ်နေရေးနဲ့ ကလေးရဲ့ အသုံးအဆောင်တွေအတွက် ငွေစုရပါမယ်။ ပိုက်ဆံစစုပါ။ အရင်ကလို ကလေးမဟုတ်တော့တဲ့အတွက် ရင့်ကျက်သင့်ပါပြီ။ ရနိုင်သမျှ ဝင်ငွေလမ်းကြောင်းတွေကနေ ပိုက်ဆံကို ရတတ်သမျှ စုဆောင်းပါ။

    ၂။ ကိုယ်ဝန်ရှိပြီဆိုတာ သိတာနဲ့ ကလေးအတွက် အန္တရာယ်ဖြစ်စေမယ့်အရာတွေကို ရှောင်ရှားပါ။

    ၃။ ကိုယ်ဝန်နဲ့ ပတ်သက်ပြီး မိမိကိုယ်ကိုရော ကလေးကိုပါ အပြစ်တင်စိတ် မထားပါနဲ့။

    ၄။ မိမိ မိသားစုဝင်၊ လက်တွဲဖော်နဲ့ တိုင်ပင်ပြီး ရှေ့ဆက်ရမယ့် ခရီးကို လက်တွေ့ကျကျတိုင်ပင်ပါ။

    ၅။ အတတ်ပညာတစ်ခုခုကို အခွင့်အရေးရရင် ရသလို လေ့လာဆည်းပူးပါ။ အသက်မွေးဝမ်းကြောင်း ပညာတစ်ခု ဖြစ်လာနိုင်လို့ပါ။

    ၆။ ကိုယ်ဝန်ပုံမှန် အပ်ဖို့ကတော့ အရေးအကြီးဆုံးပါပဲနော်။

    ရေးသားသူ-ဒေါက်တာမှူးခင်

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement