backup og meta

ပန်းကလေးတို့ အမြဲသန့်ရှင်း လန်းဆန်းစေဖို့


Yun Sandi Nan Mon မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပန်းကလေးတို့ အမြဲသန့်ရှင်း လန်းဆန်းစေဖို့

    ပျိုမေ တို့ရဲ့ ကျန်းမာရေးမှာ အရေးကြီးတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုကို ဂရုစိုက်ပေးဖို့ မေ့မေ့လျော့လျော့ ဖြစ်တတ်ကြပါတယ်။ အမျိုးသမီးကျန်းမာရေး နဲ့ ပတ်သက်လို့ မစိုးရိမ်ရစေဖို့ မိန်းမကိုယ် သန့်ရှင်းမှု၊ တစ်ကိုယ်ရည်သန့်ရှင်းမှုတို့ကို ဂရုစိုက်သင့်ပါတယ်။

    မိန်းမကိုယ် ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အကြောင်းရင်းတွေကိုလည်း ပျိုမေတို့ သိကိုသိထားသင့်ပါတယ် –

    (၁) ယားယံစေတဲ့ ဓာတ်ပစ္စည်းတွေ

    မိန်းမကိုယ် ကို ဓါတုပစ္စည်းတွေနဲ့ထိတွေ့မိတဲ့အခါ ယားယံခြင်းကိုဖြစ်စေပါတယ်။ အဲဒီပစ္စည်းတွေက မိန်းမကိုယ်အပါအဝင် ခန္ဓါကိုယ်ရဲ့နေရာအတော်များများကို နီမြန်း၊ယားယံစေတဲ့ ဓါတ်မတည့်တုံ့ပြန်မှုတွေဖြစ်လာစေနိုင်ပါတယ်။Parabens ၊Methylchloroisothiazolinone ၊ Benzethonium Chloride တို့လို ဓါတုပစ္စည်းတွေကြောင့်အရေပြားကိုထိခိုက်စေနိုင်ပါတယ်။

    (၂) ဆီးချို

    ပေါင်ခြံတဝိုက်ယားယံတာနဲ့ လောင်တာလိုမျိုး မှိုပိုးဝင်တဲ့လက္ခဏာတွေက အမျိုးအစား ၂ ဆီးချိုရောဂါ ရဲ့လက္ခဏာတွေဖြစ်ပါတယ်။ ဆီးချိုရှိတဲ့သူတွေမှာ သွေးတွင်းသကြားဓာတ်က များနေတာကြောင့် မှိုပိုးတွေပေါက်ဖွားလွယ်တဲ့အနေအထားကို ဖန်တီးပေးလိုက်သလိုဖြစ်စေတဲ့အပြင် ခန္ဓာကိုယ်ရဲ့ရောဂါကာကွယ်နိုင်စွမ်းကိုပါ လျော့နည်းစေပါတယ်။

    (၃) မှိုပိုးဝင်ခြင်း

    မိန်းကလေး တော်တော်များများမှာခံစားရတတ်တဲ့ပြဿနာပါ။ တစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းတာရယ်၊ အတွင်းခံကျပ်ကျပ်တွေ ဝတ်တာရယ်ကြောင့် မိန်းမကိုယ်မှာ မှိုပိုးဝင်တာများပါတယ်။နောက်တစ်ချက်က ပဋိဇီဝဆေးတွေသောက်ပြီးနောက်ပိုင်း ခန္ဓာကိုယ်ထဲကကောင်းတဲ့ဘက်တီးရီးယားတွေရော၊ မကောင်းတဲ့ ဘက်တီးရီးယားတွေရောရှင်းပစ်လိုက်တာကြောင့်ရောဂါပိုးကာကွယ်ပေးမယ့် အကျိုးပြုဘက်တီးရီးယားလေးတွေ မလုံလောက်တော့တာမျိုးဖြစ်စေနိုင်ပါတယ်။ မှိုပိုးဝင်တဲ့လက္ခဏာတွေကတော့ ယားယံတာ၊ လောင်တာ၊ ကပ်စေးတဲ့ အချွဲအဖြူဆင်းတာတွေ ပါဝင်ပါတယ်။

    (၄) မိန်းမကိုယ် ပိုးဝင်ရောင်ရမ်းခြင်း

    မိန်းမကိုယ်မှာရှိတဲ့ သဘာဝဘက်တီးရီးယားပမာဏကိုပုံမှန်မထိန်းညှိနိုင်တဲ့အခါ မိန်းမကိုယ် ရောင်ရမ်းခြင်း(BV)ဖြစ်လာနိုင်ပါတယ်။ သူက အမြဲတော့ လက္ခဏာပြလေ့မရှိပေမယ့် အနံ့နံသောအဖြူဆင်းခြင်း၊ ယားယံခြင်း၊အနံ့ဆိုးထွက်ခြင်းတို့ဖြစ်လေ့ရှိပါတယ်။ အဖြူဆင်းရင် အရောင်ညစ်ညစ် ဒါမှမဟုတ် အကြည်ရောင်လည်းဖြစ်နိုင်ပါတယ်။

    (၄) အတွင်းခံကျပ်ကျပ်ဝတ်ခြင်း

    အတွင်းခံကျပ်ကျပ်ဝတ်ထားတော့ တစ်နေ့တာသွားလာလှုပ်ရှားတဲ့အခါချွေးတွေနဲ့ပိတ်လှောင် စိုစွတ်နေတဲ့အရေပြားမှာ ဘက်တီးရီးယားတွေမွေးမြူထားသလိုပါပဲ။ အတွင်းခံရဲ့ပိတ်စအသားကလည်းချွေးစုပ်ပြီးနေရသက်သာတဲ့အမျိုးအစားဖြစ်သင့်ပါတယ်။

    (၅) လိင်မှတဆင့် ကူးစက်တဲ့ရောဂါများ

    အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းကြောင့် ဒီရောဂါတွေကိုရရှိနိုင်ပြီး မိန်းမကိုယ်ကို ယားယံစေနိုင်ပါတယ်။

    • ကလာမိုင်ဒီးယား (chlamydia)
    • လိင်အင်္ဂါကြွက်နို့
    • ဆီးပူညောင်းကျရောဂါ
    • လိင်အင်္ဂါရေယုန်
    • trichomoniasis မှိုရောဂါ

    ဒီရောဂါတွေရှိနေရင် ပုံမှန်မဟုတ်တဲ့ဖြစ်ပေါ်ကြီးထွားမှုတွေ၊ အဝါရောင်၊အစိမ်းရောင် အရည်၊ အချွဲတွေမိန်းမကိုယ်ကနေဆင်းတာ၊ ဆီးသွားရင်နာကျင်တာ စတဲ့ လက္ခဏာတွေလည်းဖြစ်နိုင်ပါတယ်။

    (၆) သွေးဆုံးခြင်း

    သွေးဆုံးချိန်ရောက်နေတဲ့ ဒါမှမဟုတ် သွေးဆုံးပြီး အမျိုးသမီးတွေမှာ မိန်းမကိုယ် ယားယံခြင်းခံစားရနိုင်ခြေ ပိုများပါတယ်။ သွေးဆုံးချိန်အတွင်းမှာ အက်စထရိုဂျင်ဟော်မုန်းပမာဏလျော့နည်းသွားတာကြောင့် မိန်းမကိုယ်ခြောက်သွေ့ခြင်းဖြစ်လာနိုင်ပါတယ်။ မိန်းမကိုယ်အတွင်းနံရံက အကျိအချွဲလေးတွေ ပါးသွားတာကြောင့် ခြောက်သွေ့လွန်ပြီး ယားတာ၊ စပ်တာတွေဖြစ်လာနိုင်တဲ့အတွက် ကုသမှုခံယူသင့်ပါတယ်။

    (၇) စိတ်ဖိစီးမှု

    ခန္ဓာကိုယ်ပင်ပန်းမှုနဲ့ စိတ်ပင်ပန်းမှုတွေက မိန်းမကိုယ်ယားယံခြင်းကိုဖြစ်စေနိုင်ပေမယ့် သိပ်တော့အဖြစ်မများပါဘူး။ စိတ်ဖိစီးမှုကြောင့် ကိုယ်ခံအားကို အားနည်းစေပြီး ယားယံမှုတွေဖြစ်စေနိုင်တဲ့ ရောဂါပိုးဝင်ခြင်းတွေ ပိုအဖြစ်များစေနိုင်ပါတယ်။

    (၈) ကင်ဆာ

    ဖြစ်ခဲတဲ့အခြေအနေဆိုပေမယ့် မိန်းမကိုယ် ယားယံခြင်းက အမျိုးသမီးအင်္ဂါကင်ဆာရဲ့လက္ခဏာလည်းဖြစ်နိုင်ပါတယ်။ မိန်းမကိုယ်အတွင်း၊ အပြင်နှုတ်ခမ်းသားတွေ၊ မလိင်စေ့နဲ့ မိန်းမကိုယ်အဝ တို့ပါဝင်တဲ့vulva အစိတ်အပိုင်းမှာ ကင်ဆာဖြစ်တာပါ။ ဒီကင်ဆာက လက္ခဏာပြလေ့မရှိဘဲ လက္ခဏာပေါ်လာခဲ့ရင်လည်း အဲဒီအစိတ်အပိုင်းတွေမှာ ယားယံခြင်း၊ ပုံမှန်မဟုတ်တဲ့သွေးဆင်းခြင်းနဲ့ နာကျင်ခြင်းစတာတွေဖြစ်စေနိုင်ပါတယ်။Vulvar ကင်ဆာကို အစောပိုင်းအဆင့်မှာ သိရှိခဲ့ရင် ကုသပျောက်ကင်းနိုင်ပါတယ်။

    ဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေကို သိရပြီဆိုတော့ မိန်းမကိုယ်ယားယံတာကို ဘယ်လိုကာကွယ်မလဲ၊ ဘယ်လိုသက်သာအောင်လုပ်မလဲဆိုတာ ဆက်ကြည့်ရအောင်။

    ယားယံခြင်းတွေ မဖြစ်စေဖို့

    ဆေးကုသမှုက ဖြစ်ရတဲ့အကြောင်းရင်းကိုမူတည်ပြီးသောက်ဆေး၊လိမ်းဆေး တစ်မျိုးမျိုး ဒါမှမဟုတ် နှစ်မျိုးလုံးဖြစ်နိုင်ပါတယ်။ ဆရာဝန်နဲ့ဆေးကိုချည်း အားမကိုးဘဲ ကိုယ်တိုင်ဂရုစိုက်လို့ရတဲ့အချက်တွေကိုတော့ သိထားဖို့လိုပါလိမ့်မယ်။

    • ပေါင်ခြံနဲ့ မိန်းမကိုယ်တဝိုက်ကို သန့်ရှင်း၊ခြောက်သွေ့အောင်ထားပါ။
    • နေ့ဘက်မှာ အသားအေးတဲ့၊ အရမ်းမကျပ်တဲ့အတွင်းခံကိုဝတ်ပါ၊ ညအိပ်ချိန်မှာ အတွင်းခံမဝတ်တာကောင်းပါတယ်။
    • မိန်းမကိုယ်ကို ဆပ်ပြာတွေနဲ့ မဆေးကြောပါနဲ့။
    • အဲဒီအစား ဆပ်ပြာမပါ၊ ဓာတုပစ္စည်းမပါ၊ အရောင်တုမပါ၊ အမွှေးနံ့မပြင်းတဲ့ အမျိုးသမီးသန့်စင်ဆေးရည်တွေနဲ့သန့်စင်ပေးပါ။
    • ယားယံခြင်းကို ခံစားနေရရင် ရေနွေးနွေးလေးနဲ့ချိုးပါ။( သိပ်မပူပါစေနဲ့)
    • မိန်းမကိုယ်နားတဝိုက်မှာ ရေမွှေးတွေ၊ပေါင်ဒါတွေနဲ့ အမွှေးနံ့ပါတဲ့ တစ်ကိုယ်ရေသုံးပစ္စည်းတွေ သိပ်မသုံးပါနဲ့။
    • လစဉ်သုံးပဲဖြစ်ဖြစ်၊ နေ့စဉ်သုံးပဲဖြစ်ဖြစ် padတွေကို ပုံမှန်လဲပေးပါ။ အကြာကြီးဝတ်ထားရင် ရောဂါပိုးဝင်နိုင်ပါတယ်။
    • အပေါ့အလေးသွားတဲ့အခါ ရေသုံးရင် အရှေ့ကနေ အနောက်ကိုပဲ သန့်စင်ပါ။
    • လစဉ်သုံးပစ္စည်း၊ အိမ်သာသုံးစက္ကူစတာတွေကို အမွှေးနံ့ပြင်းတဲ့အမျိုးအစားတွေ မသုံးပါနဲ့။
    • အတွင်းခံသန့်ရှင်းမှုကို ဂရုစိုက်ပါ။
    • မိန်းမကိုယ်မှာ ယားယံလာခဲ့ရင်လည်း မကုတ်လိုက်ပါနဲ့။ ပိုဆိုးစေနိုင်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement