backup og meta

နှုတ်ခမ်း၊ သွားဖုံး ညိုမည်းပြာ ဆေးလိပ်သောက်တဲ့ခါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နှုတ်ခမ်း၊ သွားဖုံး ညိုမည်းပြာ ဆေးလိပ်သောက်တဲ့ခါ

    ဆေးလိပ်သောက် သူရဲ့ နှုတ်ခမ်းဟာ ဒေါင်လိုက် အရေးအကြောင်းတွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။ ဒါ့အပြင် နှုတ်ခမ်းနဲ့ သွားဖုံးဟာလည်း ဆေးလိပ်သောက်တဲ့ခါ ပုံမှန်ထက် အရောင်ရင့်ကာ ညိုမည်းနေတတ်ပါတယ်။

    ဒါကတော့ နှစ်ကာလကြာရှည်စွာ စီးကရက်၊ ဆေးရွက်ကြီးစတဲ့ ထုတ်ကုန်တွေကို သောက်သုံးရာက ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ အကျိုးဆက်ပဲ ဖြစ်ပါတယ်။ နှုတ်ခမ်းညိုမည်းတာ ပျောက်ချင်ရင်တော့ ဆေးလိပ်ဖြတ် လိုက်တာဟာ အကောင်းဆုံးပါပဲ။ အကူအညီ ဖြစ်စေမယ့် နည်လမ်း အချို့ရှိပေမယ့် ဆေးလိပ်ဖြတ် လိုက်တာကတော့ သိသာတဲ့ ရလဒ်ကို ပေးနိုင်ပါတယ်။

    နှုတ်ခမ်း၊ သွားဖုံး ညိုမည်းပြာ ဆေးလိပ်သောက်တဲ့ခါ

    ဆေးလိပ်သောက်တဲ့ခါ ဆေးလိပ်ဟာ သွားနဲ့ ခံတွင်းရောဂါတွေ ဖြစ်စေရုံသာမက ခံတွင်းကင်ဆာ အမျိုးအစားပေါင်း များစွာကိုလည်း ဖြစ်ပွားစေပါတယ်။

    ဒီလို ကျန်းမာရေး အခြေအနေတွေတင် မကပါဘူး။ သင့်ရုပ်ရည်ကိုလည်း ထိခိုက်စေနိုင်ပါ တယ်။ နှုတ်ခမ်း၊ သွားဖုံး ညိုမည်းခြင်းသာမက နှုတ်ခမ်းတစ်ဝိုက်က အသားအရေကိုလည်း လျော့တိလျော့ရဲ ဖြစ်စေကာ အရေးအကြောင်းထင်စေပါတယ်။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်စေနိုင်ပါတယ်။

    အကြောင်းကတော့ နီကိုတင်းဒြပ်ပေါင်း ပါဝင်တဲ့အတွက်အကြောင့်ပါပဲ။ နီကိုတင်းဟာ သွေးကြောတွေကို ကျဉ်းမြောင်းရှုံ့တွစေကာ သွေးလည်ပတ်မှုကိုလည်း နှေးကွေးလျော့ကျစေပါတယ်။ ဒီအခါမှာ အရေပြားဟာ လုံလောက်တဲ့ သွေးမရရှိတော့ဘဲ အောက်ဆီဂျင် ပြတ်လပ်သွားပါတယ်။ သွေးက သယ်ဆောင်လာတဲ့ အာဟာရတွေ မရရှိတော့တဲ့အခါ အသားအရေဟာ မကျန်းမမာ ဖြစ်လာပါတော့တယ်။

    သွေးလည်ပတ်မှု နှောင့်နှေးပြီး ဆေးကတ္တရာနဲ့ နီကိုတင်းရဲ့  ထိတွေ့မှုကြောင့် နှုတ်ခမ်းပေါ် နဲ့  သွားဖုံးမှာ အမည်းရောင်ခြယ်ပစ္စည်း (Melanin)တွေ ပုံလာပါတယ်။ Melanin ဟာ နှုတ်ခမ်းကို ညိုမည်းစေပြီး အရောင်အသွေးမမှန်စေတော့ပါဘူး။ ခရမ်းရောင်၊ အညိုရောင်၊ အမည်းရောင်နဲ့ အစက်အပြောက် တွေ ဖြစ်စေလာပါတယ်။

    ဆေးလိပ်သောက်ခြင်းဟာ နှုတ်ခမ်းကိုသာမက အသားအရေကိုလည်း ပျက်စီးစေပါတယ်။ စီးကရက်တစ်လိပ်မှာ ဓာတုပစ္စည်းအမျိုးပေါင်း (၄၀၀၀)ကျော် ပါဝင်ပါတယ်။ ‘ကော်လဂျင်’ နဲ့ ‘အလက်စတင်’ ပရိုတင်းတွေဟာ အသားအရေ တင်းရင်းလှပနု ပျိုစေဖို့ တာဝန်ယူပေးပါတယ်။ ဓာတုပစ္စည်းတွေဟာ အသားအရေအတွက် အလွန်ကောင်းတဲ့ ‘ကော်လဂျင်”နဲ့ ‘အလက်စတင်’ပရိုတင်းတွေကို ပျက်စီးစေပါတယ်။ ဒါတွေမရှိတော့တဲ့အခါ အသားအရေလျော့ရဲပြီး အရေးအကြောင်းထင်ကာ အိုမင်းလာစေပါတယ်။

    နှုတ်ခမ်းကနေ အကြိမ်များစွာ ဆေးလိပ်ရှိုက်ဖွာခြင်းနဲ့ စီးကရက်ဖွာခြင်းကနေ ထွက်ရှိလာတဲ့ အပူတွေဟာလည်း ပျက်စီးစေခြင်း အကြောင်းတစ်မျိုးပါပဲ။

    ဆေးလိပ်သောက်သုံးသူ တစ်ယောက်ရဲ့ နှုတ်ခမ်း ညိုမည်းခြင်းဟာ ဘာတွေပေါ်မူတည်နိုင်သေးလဲ။

    Smoker’s Lips ဖြစ်ဖို့ လပေါင်းများစွာကနေ နှစ်ပေါင်းများစွာထိ ကြာနိုင်ပါတယ်။ တဖြည်းဖြည်းနဲ့ ဖြစ်လာမှာပါ။ အချိန်ကတော့ အခြေအနေအမျိုးမျိုးအပေါ် မူတည်နိုင်ပါတယ်။ ဘယ်လိုအခြေအနေတွေလဲဆိုတော့

  • တစ်နေ့ကို ဘယ်လောက်သောက်သလဲ။ ဘယ်နှစ်လိပ်သောက်သလဲ
  • သင့်ရဲ့အသက်အရွယ်
  • ဆေးလိပ်သောက်တဲ့ သက်တမ်း ဘယ်လောက်ကြာနေပြီလဲ
  • သင့်ရဲ့အသားအရေအခြေအနေ အမျိုးအစားနဲ့
  • အခြားနေထိုင်မှု ပုံစံ စတာတွေအပေါ် မူတည်ပါတယ်။
  • သင့်ရဲ့နှုတ်ခမ်းဟာ အရေးအကြောင်း သိပ်မများသေးဘူး။ အရောင်သိပ်မရင့်သေးဘူး ဆိုရင်တော့ အိမ်မှာတင်လုပ်နိုင်တဲ့ ကုသမှုအသေးစားလေးတွေနဲ့တင် အဆင်ပြေနိုင်ပါတယ်။ အိမ်တွင်းကုထုံးလေးတွေက သင့်အသားအရေကို ပြန်လည်ကျန်းမာစေပြီး သင့်ကိုပြန်ကြည့်ကောင်းလာ စေမှာပါ။

    ဒီလိုမဟုတ်ဘဲ အရေးအကြောင်းတွေ အရမ်းများပြီး အသားအရေတွေ လျော့ရဲတာလည်း အရမ်းဆိုးနေမယ်။ ညိုမည်းပြီး အရောင်တအားရင့်နေမယ်ဆိုရင်တော့ ပြန်လည်ကြည့်ကောင်း နုပျိုလာဖို့ ဆေးကုသမှုကုထုံးတွေ လိုအပ်ပါပြီ။

    အချုပ်အားဖြင့် ပြောရရင်တော့ ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်နိုင်စေရုံသာမက သင့်ရဲ့ရုပ်ရည်ကြည့်ကောင်းမှုအတွက်ပါ အနှောက်အယှက် အဖျက်အဆီး ဖြစ်လာစေနိုင်တာကြောင့် အမြန်ဆုံး စောစီးစွာဖြတ်နိုင်လေလေ အကောင်းဆုံးအခြေအနေ အကျိုးဆက်တွေ ခံစားရလေလေ ဖြစ်မှာအသေအချာပါပဲဆိုတာ ရေးသားတင်ပြလိုက်ရပါတယ်။

    ရေးသားသူ-ဒေါက်တာမှူးခင်

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement