backup og meta

ငယ်ငယ်ရွယ်ရွယ်နဲ့ သွား မကျိုးချင်ရင် ဒါတွေရှောင်ပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ငယ်ငယ်ရွယ်ရွယ်နဲ့ သွား မကျိုးချင်ရင် ဒါတွေရှောင်ပါ

    သွား လေးတွေ လှပချင်တာတော့ လူတိုင်းပါပဲ။ သွားကျန်းမာချင်၊ သွားလှချင်ရင် သွားမှန်မှန်တိုက်ရုံနဲ့ မလုံလောက်ပါဘူး။ သွားထိခိုက်ပျက်စီးစေမယ့် အမူအကျင့်တွေကို ရှောင်သင့်ပါတယ်။ သွားတွေကို ထိခိုက်စေတဲ့ အရာ ကိုယ် ဘာတွေ လုပ်မိနေလဲ ဆက်ပြီး ဖတ်ကြည့်ပါနော်။

    တချို့က စိတ်လှုပ်ရှားနေတဲ့အချိန် လက်သည်းကိုက်တတ်တယ်ဆိုပေမယ့် တချို့ကျတော့ လက်သည်းညှပ်နဲ့ ညှပ်ရမှာ ပျင်းလို့ သွားနဲ့ကိုက်ပြီး တိပစ်ကြတာပါ။ လက်သည်း ကိုက်ခြင်းက လက်သည်းတိုသွားဖို့ အလွယ်ဆုံးနည်းလမ်း ဖြစ်နိုင်ပေမယ့် တကယ်တမ်း သင်မသိတာက သွားကို ထိခိုက်စေတယ် ဆိုတဲ့ အချက်ပါပဲ။ လက်သည်း ကိုက်တာက တကိုယ်ရည်သန့်ရှင်းမှုအတွက် မကောင်းတဲ့ အပြင် သွားအပေါ်ယံကြွေလွှာ ကိုပါ ထိခိုက်စေနိုင်ပါတယ်။

    လက်သည်း မကိုက်မိအောင် သတိထားဖို့ အတွက် လက်သည်း အတုတပ်ခြင်း၊ အရသာခါးတဲ့ လက်သည်းဆိုးဆေး ဆိုးခြင်း စတဲ့နည်းလမ်းတွေနဲ့ ကာကွယ်လို့ရပါတယ်။

    (၂) အရာရာ သွား နဲ့ ကိုက်ဖွင့်ခြင်း

    အာလူးကြော် စားမယ် ဆိုပါစို့ ။ မီးဖိုခန်းထဲ ဝင်ပြီး ကတ်ကြေး သွားယူရမှာထက် အာလူးကြော်ထုပ်ကို သွားနဲ့ ကိုက်ဖွင့်လိုက်တာက ပိုလွယ်ပါတယ်။ ဒါပေမယ့် သင်မသိသေးတာက ဒီလို ကိုက်ဖွင့်လိုက်တဲ့ အချိန်မှာ သွား ကို အလွှာကွာစေပြီး ကျိုးပဲ့စေနိုင်တယ် ဆိုတာပါပဲ။ ပုလင်းအေဖုံးတွေကို ကိုက်ဖွင့်ရင် ပိုဆိုးပါတယ်။ ဒီတော့ နည်းနည်းလေး အားထုတ်ပြီး ကတ်ကြေး သို့မဟုတ် ကိရိယာတစ်ခုခု သုံးမလား ၊ တစ်သက်တာ အတွက် အရေးကြီးတဲ့ သွားကို အပျက်စီးခံမလား ဆိုတာ သင့်အပေါ် မူတည်ပါတယ်။

    (၃) ရေခဲတုံး ဝါးစားခြင်း

    ရေခဲတုံးတွေက အေးစိမ့်ပြီး မာကျောပါတယ် ။ ရေခဲတုံး ဝါးစားခြင်း က သွား ကို ကျိုးအက်မှု ဖြစ်စေနိုင်ပြီး အကာအကွယ် ဖြစ်တဲ့ ကြွေလွှာကို ထိခိုက် ပျက်စီးစေပါတယ်။ ချက်ချင်း မဟုတ်ရင်တောင်မှ နောက်ပိုင်းမှာ ကြွေလွှာနဲ့ ပတ်သက်တဲ့ ပြဿနာတွေ ပိုဖြစ်လာနိုင်ပါတယ်။

    ဒီအကျင့်ကို ဖျောက်ဖို့အတွက်တော့ ရေခဲတုံး စားမယ့် အစား ရေခဲရေပဲ သောက်ဖို့ ရွေးချယ်နိုင်ပါတယ် ။ ရေခဲတုံး ကိုက်တတ်တဲ့ အကျင့် ကို ဖျောက်ဖို့ ခက်မယ် ဆိုရင်တော့ အအေးသောက်တဲ့အခါ ရေခဲတုံး မထည့်ဖို့ ဆိုင်ကို ပြောပါ။

    (၄) သွားတိုက် ကြမ်းခြင်း

    သွားပိုးစားခြင်း နဲ့ ခံတွင်းနံ့ ဆိုးခြင်း တို့အတွက် တစ်နေ့ နှစ်ကြိမ် သွားတိုက်ဖို့ အရေးကြီးပါတယ် ။ ဒါပေမယ့် တိုက်ပုံတိုက်နည်း မှန်ကန်မှ ဖြစ်မှာပါ။ သွား ဆိုတာ တိုက်လေ ဖြူလေပဲ လို့ ထင်နေရင် မှားပါတယ်။ သွား အရမ်းတိုက်လွန်းရင် ကြွေလွှာတွေ ပျက်စီးပြီး သွားဖုံးထိခိုက်ပြီး သွားကို ထိခိုက်လွယ်စေပါတယ်။

    သွားတိုက်တဲ့အခါ သွားပွတ်တံ ပျော့ပျော့ နဲ့ စက်ဝိုင်းပုံသဏ္ဍာန် ညင်သာစွာ တစ်နေ့နှစ်ကြိမ် တိုက်ပါ။

    (၅) ခဲတံ၊ ဘောပင် တွေကို ကိုက်ခြင်း

    ကျောင်းနေအရွယ်တုန်းက ပျင်းလာရင် အတော်များများက ခဲတံ သို့မဟုတ် ဘောပင်အဖုံးကို ကိုက်တတ်တဲ့ အကျင့် ရှိကြပါတယ်။ ဒီအကျင့်က အသက်ကြီးလာတာတောင် မပျောက်ဘဲ ဆက်လုပ်နေကြတုန်းပါပဲ။ ဒီလိုကိုက်နေတာမျိုးက သွားတွေကို အနေအထားပျက်ယွင်း စေနိုင်ပြီး အသေးစား ထိခိုက်ပွန်းပဲ့မှု တွေလည်း ဖြစ်စေနိုင်ပါတယ်။

    ဒါ့ကြောင့် သင့်ကလေးက ဒါမှမဟုတ် တစ်ယောက်ယောက်က စားစရာမဟုတ်ဘဲ ခဲတံကိုက်နေတာ တွေ့ရင် ချက်ချင်း တားပါ။ စိတ်ပူပန်မှု၊ ဖိစီးမှု ကြောင့် ဒီအကျင့်ကို လုပ်မိတာ ဆိုရင် နောက်မလုပ်မိစေဖို့ စိတ်ဖိစီးမှု ဖြစ်စေတဲ့ အကြောင်းကိစ္စတွေကို အရင်ဖြေရှင်းပါ။

    (၆) အံကြိတ်ခြင်း ၊ သွားကြိတ်ခြင်း

    လူတချို့က ဒေါသထွက်လာတဲ့အခါ အံကြိတ်တတ်ကြပြီး တချို့ကတော့ လေးလံတဲ့ အရာဝတ္ထုတွေကို မ တဲ့အခါ အံကြိတ်တတ်ပါတယ်။ အံကြိတ်တဲ့အခါ သွားကို ဖိအားဖြစ်စေပြီး ကြာလာရင် ကျိုးအက်မှု ဖြစ်လာနိုင်စေတဲ့ ပွန်းပဲ့တာတွေ ဖြစ်စေတဲ့အတွက် ဒီအကျင့်ကို ဖျောက်သင့်ပါတယ်။ စိတ်ဖိစီးမှုကြောင့် အိပ်နေချိန်မှာ သွားမကြိတ်ဖို့တော့ သွားတွေ ကြားမှာ mouth guard တစ်ခုခု ကြားခံ ထားရှိပေးရင်ကောင်းပါတယ်။

    (၇) တစ်နေ့တာ လိုအပ်တဲ့ရေကို အလုံအလောက် မသောက်ခြင်း

    တစ်နေ့တာလုံးမှာ ရေအလုံအလောက် မသောက်ဘူး ဆိုရင် ခန္ဓာကိုယ်က ရေဓာတ် ခန်းခြောက်လာနိုင်ပါတယ်။ ရေဓာတ် ခန်းခြောက်ပြီ ဆိုရင် ခံတွင်းမှာ တံတွေး အထွက်နည်းစေပြီး အာခေါင်ခြောက် စေနိုင်ပါတယ်။ တံတွေးက အစားအစာ နဲ့ သောက်စရာတွေ ထဲက အက်စစ်တွေကို ပျော်ဝင်စေဖို့ လုပ်ဆောင်ပေးတာကြောင့် အရေးပါတဲ့အရာတစ်ခု ဖြစ်ပါတယ်။ ဒါ့ကြောင့် ရေသောက်နည်းရင် တံတွေးနည်းမယ်၊ တံတွေးနည်းရင် သွားပိုးစားဖို့ အလားအလာ ပိုများမယ်။

    ဒီတော့ သွားကို ထိခိုက်မှု နည်းစေဖို့ တစ်နေ့ကို အနည်းဆုံး ရေ ၈ခွက်သောက်ဖို့ မမေ့ပါနဲ့။

    (၈) အက်စစ်ဓာတ် များလွန်းတဲ့ အစားအစာတွေ စားခြင်း (ဥပမာ – ရှောက်ချိုသီး)

    ငယ်ငယ်တုန်း ကတော့ လိမ္မော်သီး ၊ ရှောက်ချိုသီး စားရင် သွားနဲ့အခွံခွာတတ်ကြပါတယ်။ မိဘ တွေ ကတော့ သွား ပျက်စီးလိမ့်မယ် မလုပ်ရဘူး လို့ တားကြပါတယ်။

    မှန်ပါတယ် ။ အက်စစ်ဓာတ် များတဲ့ အစားအစာတွေ စားလွန်းရင် သွားကြွေလွှာ ပျက်စီးစေပါတယ်။ ကြွေလွှာ ပျက်စီးရင် သွား ပိုးစားစေတယ်၊ သွားကျဉ်ခြင်း နဲ့ တခြားပြဿနာတွေ ဖြစ်စေနိုင်ပါတယ် ။ နောက်တစ်ချက်က အက်စစ်ဓာတ် များတဲ့ အစားအစာတွေ စားပြီး အနည်းဆုံး နာရီဝက်လောက် ကြာတဲ့အထိ သွားမတိုက်ဖို့ သတိထားပါ။

    (၉) ပါးစပ် နဲ့ အစား မပြတ်ခြင်း

    တစ်နေ့တာမှာ သရေစာမုန့်တွေ အဆက်မပြတ် စားနေတာထက် ထမင်းသုံးနပ် အဝစားလိုက်တာက ကျန်းမာရေးအတွက် ပိုကောင်းပါတယ်။ မုန့်တွေ လျော့စားပြီး ကျန်းမာရေးနဲ့ ညီတဲ့ အစာအာဟာရကို ရွေးချယ်ဖို့ ကြိုးစားကြည့်ပါ။ အချိုရည် တွေကို တတ်နိုင်သလောက်လျှော့သောက်ပါ။ ခံတွင်းထဲက အစားအသောက် အကြွင်းအကျန်တွေ ဆီကနေ မကောင်းတဲ့ ဘက်တီးရီးယား တွေ ဖြစ်လာစေနိုင်ပါတယ်

    (၁၀) ဆိုဒါ ၊ အားဖြည့်အချိုရည် နဲ့ အရက် ၊ ဘီယာ သောက်သုံးခြင်း

    ဆိုဒါ နဲ့ အားဖြည့်အချိုရည် တွေမှာ ပါတဲ့ အက်စစ်ဓာတ် ဖြစ်စေတဲ့ pH level နဲ့ သကြားပါဝင်မှု မြင့်မားခြင်း တွေကြောင့် ကြွေလွှာ ပျက်စီးခြင်း၊ သွားပိုးစားခြင်း ၊ သွားကျဉ်ခြင်း ၊ နဲ့ တခြား ခံတွင်းပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။

    ဒါ့အပြင် အရက် ၊ ဘီယာတွေ ကလည်း ကြွှေလွှာ ပျက်စီးစေပြီး တံတွေးထွက်ရှိမှု လျော့နည်းစေတာကြောင့် မကြာခဏ အာခေါင်ခြောက်စေပါတယ်။ ခံတွင်းခြောက်သွေ့မှုဟာ သွားပိုးစားနိုင်တဲ့ အန္တရာယ် ပိုများပြီး အနံ့ဆိုးနဲ့ ဘက်တီးရီးယား ဖြစ်ပေါ်နိုင်ခြေ များပါတယ်။

    (၁၁) သွားကြားထိုးတံ တလွဲအသုံးပြုခြင်း

    သွားကြားထိုးတံ တွေကို သွားကြားက အညစ်အကြေးတွေကို ဖယ်ရှားဖို့ အတွက်ပဲ အသုံးပြုကြတာ ဖြစ်ပါတယ်။ သွားပေါ်မှာ ရှိနေတဲ့ သွားချေးတွေ ၊ ကွမ်းချိုး တွေကို ခွာချဖို့ သုံးမယ် ဆိုရင် သွားကြွေလွှာတွေ ထိခိုက်ပြီး သွားမှာ ပွန်းပဲ့စေနိုင်ပါတယ်။

    သွားပဲ့ထားတဲ့ နေရာတွေ ကြားကို သွားကြားထိုးတံ နဲ့ ထိုးကလော်တာမျိုး ကလည်း ပြဿနာရှိပါတယ်။ ခဏခဏ လုပ်ရင် သွားတွေကို ယိုင်စေပြီး သွားကျဲစေနိုင်ပါတယ်။ ဒါ့ကြောင့် သွားကြားထိုးတံကို အသုံးပြုတဲ့နေရာ မှန်ကန်ဖို့ ဂရုစိုက်ပါ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement