backup og meta

ရယ်သောသူ အသက်ရှည်ရတဲ့ အကြောင်းရင်း (၆) ခု


Yun Sandi Nan Mon မှ ရေးသားသည်။ · 03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရယ်သောသူ အသက်ရှည်ရတဲ့ အကြောင်းရင်း (၆) ခု

    ရယ်သောသူအသက်ရှည်၏ ဆိုတဲ့ ဆိုရိုးစကားက ဘဝရဲ့အတွေ့အကြုံမှန်သမျှကို ပျော်ပျော်ပဲရင်ဆိုင်နေထိုင်သွားတတ်ဖို့ကို ဆိုလိုချင်တာပါ။ မရပ်မနားရယ်နေဖို့လည်းမဟုတ်သလို လူတကာနဲ့ ဟီးဟီးဟားဟားလုပ်နေဖို့ကိုပြောတာမဟုတ်ပါဘူး။ ရယ်လွန်းလို့မေးရိုးလွဲသွားတာ၊ ပါးစပ်စိမရလို့ဆေးရုံတင်လိုက်ရတာတွေလည်းရှိတယ်နော့။

    တကယ်တမ်းတွေးကြည့်ရင်လည်း ဒီစကားကဖြစ်နိုင်မဖြစ်နိုင် ကိုယ်တိုင်သိနိုင်တာပဲလေ။ စိတ်တအားမွန်းကြပ်တဲ့အခါ ဟာသရုပ်ရှင်တွေကြည့်လိုက်ရင် ဒါမှမဟုတ် အပေါင်းအသင်းတွေနဲ့ဆုံလိုက်ရင် ရယ်ရင်းမောရင်း နည်းနည်းတော့ပေါ့ပါးသွားတယ်မလား။ ဒီလိုမရယ်နိုင်တာတောင်ကြာပြီ လို့ ပြောတတ်ကြသေးတယ်။ ရယ်လိုက်ရတာ စိတ်ညစ်တာတောင်ဘယ်ပျောက်သွားလဲမသိဘူး တို့ဘာတို့။

    ပျော်ပျော်နေတာ၊ စိတ်ညစ်စရာတွေ ပင်ပန်းဒုက္ခတွေကိုတောင် ရယ်စရာအဖြစ်ပြောင်းလဲကျော်လွှားလိုက်တာတွေက အားဆေးသောက်တာ၊ဆေးခန်းပြတာတွေထက် စရိတ်ပိုသက်သာတယ်မလား။ ရယ်မောခြင်းက ကျန်းမာရေးအတွက် ဘယ်လိုအကျိုးပြုနေလဲ ကြည့်ရအောင်။

    (၁) သွေးကြောတွေရဲ့လုပ်ဆောင်ချက်ပိုကောင်းစေတယ်

    ရယ်လိုက်ရင်သွေးကြောအတွင်းနံရံတစ်ရှူးတွေကို ပိုကျယ်စေပြီးသွေးလည်ပတ်မှုပိုကောင်းစေပါတယ်။ ဒါ့ကြောင့်ပဲ နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်ခြေကိုပိုနည်းစေပါတယ်။

    (၂) စိတ်ကျန်းမာရေးအတွက်ကောင်းတယ်

    ရယ်မောခြင်းနဲ့ ဟာသတွေက စိတ်ပျော်ရွှင်မှုကိုလက်ခံတုံ့ပြန်လာအောင် ဦးနှောက်ကိုကူညီပေးတဲ့ dopamine ဟော်မုန်း၊ စိတ်ကိုမြှင့်တင်ပေးတဲ့serotoninဟော်မုန်း၊ နာကျင်မှုနဲ့စိတ်ဖိစီးမှုကိုထိန်းညှိပေးတဲ့endorphinsဟော်မုန်း တို့ကို ဦးနှောက်ကထုတ်ပေးပါတယ်။

    (၃) လူချစ်လူခင်ပေါတယ်

    ပျော်ပျော်နေတတ်တဲ့သူကို လူတိုင်းချစ်ခင်ပါတယ်။ အကောင်းမြင်တတ်လာမှပျော်ျေပျာ်နေနိုင်တာမို့ပျော်ပျော်နေတတ်သူနားမှာနေချင်ကြတာပေါ့။ စိတ်ညစ်စရာတွေကိုတောင် အရွှန်းလေးဖောက်ပြီး အားပေးတတ်တဲ့သူဆိုတာ မိတ်ဆွေအပေါင်းအသင်းတွေကြားမှာ မရှိမဖြစ်ပါပဲ။ ကိုယ်တင်မကဘဲ ကိုယ့်ပတ်ဝန်းကျင်ကသူတွေကိုပါ အပျော်တွေဖြန့်ဝေပေးနိုင်ပါလိမ့်မယ်။

    (၄) စိတ်ဖိစီးမှုနဲ့ ပူပန်မှုတွေလျော့စေတယ်

    စိတ်ပင်ပန်းနေတဲ့အချိန် အားရပါးရ ရယ်လိုက်တဲ့အခါပြဿနာတွေကို ခဏမေ့သွားပြီးဖြေရှင်းနိုင်စွမ်းဘက်မှာ လမ်းပွင့်သွားစေပါတယ်။ စိတ်ညစ်စရာတွေကို ရယ်စရာအဖြစ်ပြောင်းလဲလိုက်တဲ့အခါ ကျန်းမာရေးကို မထိခိုက်စေတော့ဘဲ မကောင်းတဲ့အတွေးတွေကိုဖယ်ရှားနိုင်ပါလိမ့်မယ်။ စိတ်ညစ်လာရင် တူတူရယ်လိုက်ကြပါ။

    (၅) ကိုယ်ခံအားကောင်းစေတယ်

    ဖိစီးမှုများတဲ့ဘဝအတွေ့အကြုံတွေက ကိုယ်ခံအားစနစ်ကို ထိခိုက်စေပြီးရောဂါတွေဝင်နိုင်ခြေပိုများစေပါတယ်။ပျော်ပျော်နေတတ်ခြင်းက စိတ်ဖိစီးမှုကြောင့် ကိုယ်ခံအားနည်းလာတာမျိုးမဖြစ်အောင် ကာကွယ်ပေးတယ်။

    (၆) အသက်ရှူလမ်းကြောင်းစနစ်အတွက်ကောင်းတယ်

    ရယ်မောလိုက်တဲ့အခါ ရုတ်တရက် နှလုံးခုန်မြန်စေတယ်၊အသက်ရှူနှုန်းမြန်စေတယ်၊အောက်ဆီဂျင်ရရှိမှုတိုးစေတယ်။ အားရပါးရရယ်မောလိုက်တဲ့အခါ အဆုတ်ထဲကလေအကျန်တွေကို ဖယ်ထုတ်လိုက်ပြီးအောက်ဆီဂျင်အပြည့်နဲ့လတ်ဆတ်တဲ့လေကိုရှူသွင်းမိပါလိမ့်မယ်။ ရှင်းရှင်းပြောရရင် အသက်ကိုပိုရှိုက်ရှူမိမယ်၊ ပန်းနာရင်ကျပ်လို အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ရောဂါတွေကို သက်သာစေပါတယ်။

    ဒါ့ကြောင့် –

    ပြုံးပါ –ဘယ်အရာမဆို အပြုံးလေးနဲ့ ရင်ဆိုင်ပါ။ အားတင်းပြုံးနေရတာထက် စိတ်ကိုလွတ်လပ်ခွင့်ပေးပြီး အပြုံးစစ်နဲ့ပြုံးကြည့်ပါ။

    လွတ်လပ်စွာရှင်သန်ပါ – ဘယ်အရာကိုမဆို အရမ်းကြီးမခံစားပါနဲ့။တွေ့ကြုံရသမျှကို အကောင်းဘက်ကတွေးမြင်ပြီးပေါ့ပေါ့ပါးပါးကျော်လွှားနိုင်အောင် ကျင့်ယူပါ။

    ပျော်ပျော်နေပါ – စိတ်ကိုပျော်ပျော်နေတတ်အောင်ထားပါ။ ဒါမှမဟုတ်ပျော်ပျော်နေတတ်တဲ့သူတွေနဲ့ပေါင်းပါ။ အကောင်းမြင်တတ်တဲ့ပေါ့ပါးသူတွေနဲ့ ရင်းနှီးတဲ့အခါ ကိုယ့်ရဲ့ပြဿနာတွေကိုပါ ဖိစီးမှုနည်းအောင်ဖြေလျှော့ပေးနိုင်ပါတယ်။ ဟာသကားကြည့်တာ၊ စာအုပ်ဖတ်တာလိုမျိုး အပြုအမူအသေးအဖွဲလေးတွေကနေ ကိုယ့်စိတ်ကို အပန်းပြေစေမယ့်အရာတွေ ရှာဖွေပါ။နေရတဲ့ခဏတာမှာပျော်ပျော်နေရအောင်လေ။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement