backup og meta

ကိုယ်အလေးချိန် လျင်မြန်စွာ မြင့်တက်လာရင် ဘာတွေသတိထားသင့်သလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Aye Thi Mon မှ ရေးသားသည်။ · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်အလေးချိန် လျင်မြန်စွာ မြင့်တက်လာရင် ဘာတွေသတိထားသင့်သလဲ

    လူအများစုဟာ ကိုယ်အလေးချိန်အတက်အကျမျိုးစုံကို ကြုံဖူးကြပေမယ့် အကြောင်းအရင်း မယ်မယ်ရရ မရှိဘဲ ကိုယ်အလေးချိန် ရုတ်တရက် မြင့်တက်လာတာမျိုးတွေ ပိုမိုမြင်တွေ့ရပါတယ်။ တစ်ခါတစ်ရံမှာ နောက်ခံကျန်းမာရေး အခြေအနေများကြောင့် ဖြစ်နေတတ်ပါတယ်။

    ကိုယ်အလေးချိန်မြင့်တက်ခြင်းဟာ ကျန်းမာရေးပြသနာကြောင့်မဟုတ်ရင် အောက်ပါအခြေအနေတွေကြောင့် ဖြစ်တတ်ပါတယ်။

    • အစားပိုစားခြင်း
    • ဓမ္မတာစက်ဝန်း
    • သွေးဆုံးခါနီး (သို့) သွေးဆုံးခြင်း
    • အသက်ကြီးလာသည်နှင့်အမျှ ဇီဝဖြစ်ပျက်မှုနှေးကွေးလာခြင်း
    • လှုပ်ရှားမှုနည်းလာခြင်း
    • စိတ်ဖိစီးခြင်း၊ စိတ်ကျခြင်း၊ စိတ်ပူပန်ခြင်း
    • အိပ်ရေးပျက်ခြင်း

    အထက်ပါအကြောင်းအရာတွေကြောင့် မဟုတ်ဘဲ ကိုယ်အလေးချိန်ရုတ်တရက်မြင့်တက်လာမယ် ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ ရုတ်တရက် ကိုယ်အလေးချိန်မြင့်တက်ရခြင်းရဲ့ အကြောင်းအရင်းတွေ ဖြစ်ပါတယ်။

    ရုတ်တရက် ကိုယ်အလေးချိန် တက်လာရတဲ့ အကြောင်းရင်းများ

    ၁။ ဆေးဝါးများသုံးစွဲနေခြင်း

    ဆေးဝါးအချို့ဟာ ကိုယ်အလေးချိန်ကို လျင်မြန်စွာ မြင့်တက်လာစေတတ်ပါတယ်။ အထူးသဖြင့် အတက်ကျဆေး၊ ဆီးချိုဆေး၊ သွေးကျဆေး၊ စိတ်ကျကုသဆေးနဲ့ စိတ်ကျန်းမာရေးဆေးဝါးများဟာ ကိုယ်အလေးချိန် တိုးစေတတ်ပါတယ်။ ဒါပေမယ့် ဆေးဝါးများကို ဆရာဝန်နဲ့ မတိုင်ပင်ဘဲ ရပ်တန့်ခြင်း မပြုရပါဘူး။

    ၂။ အိပ်မပျော်ခြင်း

    သုတေသနတွေအရ အိပ်ရေးပျက်ခြင်းဟာ ကိုယ်အလေးချိန် မြင့်တက်စေကြောင်း သိရပါတယ်။ အိပ်စက်မှုပုံစံ ပြောင်းလဲခြင်းဟာ စားသောက်မှုပုံစံနဲ့ စိတ်အနေအထားကိုပါ ပြောင်းလဲစေနိုင်ပြီး အလွန်အကျွံ စားသောက်လာစေနိုင်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့သုတေသနအရ အိပ်ရေးပျက်သူများဟာ စွမ်းအင်လိုအပ်ချက်အတွက် ကာဘိုဟိုက်ဒရိတ်ကို ပိုမိုစားသုံးလာကြတယ်လို့ ဆိုပါတယ်။ အဲ့ဒီအချက်ကြောင့် ကိုယ်အလေးချိန် တက်လာနိုင်ပါတယ်။

    ၃။ သားဥအိမ်အရည်အိတ်တည်ခြင်း

    သားဥအိမ်အရည်အိတ်တည်သော ရောဂါလက္ခဏာစု (polycystic ovary syndrome) ခံစားရသူ အမျိုးသမီးများဟာ သက်လတ်ပိုင်းအရွယ်မှာ ကိုယ်အလေးချိန်မြင့်တက်လာကြပါတယ်။ ဒီရောဂါမှာ ကျားဟော်မုန်းကို ပိုထုတ်လုပ်လာတဲ့အတွက် ဖြစ်ပါတယ်။

    ၄။ နှလုံးပျက်စီးခြင်း

    ကိုယ်အလေးချိန်တက်လာခြင်း၊ ကိုယ်ခန္ဓာနေရာအချို့ ရောင်ရမ်းလာခြင်း စတာတွေဟာ နှလုံးကောင်းကောင်း အလုပ်မလုပ်တော့ဘဲ အရည်များစုဝေးလာခြင်းကြောင့် ဖြစ်ပါတယ်။ အမေရိကန်နှလုံး အဖွဲ့ကြီးရဲ့ အဆိုအရ ၂၄ နာရီအတွင်း ၂-၃ ပေါင် (သို့) တစ်ပတ်အတွင်း ၅ပေါင်ခန့် တက်ခြင်းဟာ နှလုံးကောင်းစွာ အလုပ်မလုပ်ခြင်းရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။

    နှလုံးကောင်းကောင်း အလုပ်မလုပ်ခြင်းရဲ့ အခြားလက္ခဏာတွေကတော့ အဆုတ်အတွင်း အရည်စုခြင်း၊ မကြာခဏ ချောင်းဆိုးခြင်း၊ နားနေချိန်မှာပင် မောပန်းခြင်း၊ မူးဝေခြင်း၊ အစားပျက်ခြင်း၊ အိပ်စက်ရန် လဲလျောင်းရန် ခက်ခဲခြင်း စတာတွေပဲ ဖြစ်ပါတယ်။ အဆိုပါလက္ခဏာ တစ်ခုခုကြုံတွေ့ရပြီး ကိုယ်အလေးချိန်လည်း တက်လာမယ်ဆိုရင် ဆေးဝါးကုသမှုခံယူရန် လိုအပ်ပါတယ်။

    ၅။ ကျောက်ကပ်ရောဂါ

    ကျောက်ကပ်ပျက်စီးခြင်း၊ ကျောက်ကပ်ရောင်ခြင်း စတဲ့ ကျောက်ကပ်ရောဂါတွေကြောင့် ကိုယ်အလေးချိန်ရုတ်တရက်မြင့်တက်ခြင်း၊ ကိုယ်ခန္ဓာအစိတ်အပိုင်းများ ရောင်ရမ်းခြင်း စတာတွေ ဖြစ်လာတတ်ပါတယ်။ ကျောက်ကပ်ကောင်းစွာ အလုပ်မလုပ်တဲ့အချိန်မှာ ကိုယ်ခန္ဓာထဲက စွန့်ပစ်ပစ္စည်းများနဲ့ အရည်များကို ကောင်းစွာ မစွန့်ထုတ်နိုငတော့ဘဲ အရည်များစုဝေးပြီး ကိုယ်အလေးချိန်လည်း မြင့်တက်လာတတ်ပါတယ်။

    ကျောက်ကပ်ပျက်စီးခြင်းရဲ့ အခြားလက္ခဏာတွေကတော့ ပင်ပန်းနွမ်းနယ်ခြင်း၊ ဆီးကောင်းစွာ မသွားခြင်း၊ ဆီးတွင်အမြှုပ်ပါခြင်း၊ ယားယံခြင်း၊ အစားအသောက်ပျက်ခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ အဆစ်များကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ အာရုံစူးစိုက်ရန် ခက်ခဲခြင်း စတာတွေ ဖြစ်ပါတယ်။

    ၆။ သိုင်းရွိုက်ရောဂါ

    သိုင်းရွိုက်အလုပ်လုပ်မှု ကျဆင်းတဲ့ ပြသနာဟာ ဇီဝဖြစ်ပျက်မှုကို နှေးကွေးစေနိုင်တာကြောင့် ကိုယ်အလေးချိန်တက်လာနိုင်ပါတယ်။ ကိုယ်ခန္ဓာမှာလည်း အရည်များ စုဝေးလာစေပါတယ်။ သိုင်းရွိုက်အလုပ်လုပ်မှု ကျဆင်းတဲ့ ရောဂါရဲ့ တခြားလက္ခဏာတွေကတော့ ဆက်တိုက်မောပန်းနေခြင်း၊ ခန္ဓာကိုယ်အေးခြင်း၊ အရေပြားနှင့် ဆံသားခြောက်သွေ့ခြင်း၊ လက်သည်းများ ကြွပ်ဆတ်ခြင်း၊ အဆစ်အမြစ်များ တောင့်တင်းပြီး ကြွက်သားများ နာကျင်ခြင်း၊ ဝမ်းချုပ်ခြင်း စတာတွေ ဖြစ်ပါတယ်။

    ၇။ ကူးရှင်းရောဂါလက္ခဏာစု (Cushing Syndrome)

    ကူးရှင်းရောဂါလက္ခဏာစုဟာ ကိုယ်ခန္ဓာကနေ ကော်တီစောဟော်မုန်း ပမာဏများများကို အချိန်ကြာကြာ ထုတ်လွှတ်ခြင်းကြောင့် ဖြစ်ပွားပါတယ်။ ကော်တီဆောဟာ စိတ်ဖိစီးမှုကို တုံ့ပြန်ရာကနေထွက်လာတဲ့ ဟော်မုန်းတွေ ဖြစ်ပါတယ်။ ကူးရှင်းရောဂါလက္ခဏာစုကြောင့် ကိုယ်အလေးချိန်တိုးလာတတ်ပါတယ်။ အထူးသဖြင့် ဝမ်းဗိုက်၊ လည်ပင်း၊ မျက်နှာ၊ လက်ပြင် စတဲ့နေရာတွေမှာ ဖြစ်ပါတယ်။ လက်နဲ့ ခြေထောက်တွေတော့ သေးနေတတ်ပါတယ်။

    ဘယ်အချိန်မှာ ဆရာဝန်ပြသင့်သလဲ

    ကိုယ်အလေးချိန် တက်ခြင်း ကျခြင်းဟာ အကြောင်းအရင်းမျိုးစုံကြောင့် ဖြစ်နိုင်ပါတယ်။ အသက်အရွယ်ကြီးလာခြင်း၊ နေထိုင်မှုပုံစံပြောင်းလဲခြင်း စတာတွေကြောင့် ကိုယ်အလေးချိန် သိသိသာသာ တိုးလတတ်ပါတယ်။

    ဒါပေမယ့် အကြောင်းအရင်း မယ်မယ်ရရမရှိဘဲ ကိုယ်အလေးချိန်ရုတ်ချည်းတက်လာရင်၊ တခြား ရောဂါလက္ခဏာတချို့လည်း ရှိနေရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Aye Thi Mon မှ ရေးသားသည်။ · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement