backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Pinworms (တုပ်ကောင် (သန်ကောင်))


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 13/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Pinworms (တုပ်ကောင် (သန်ကောင်)) ကဘာလဲ။

တုပ်ကောင်(သန်ကောင်)ကူးစက်ခံရခြင်းဟာ လူ့အစာအိမ်အူလမ်းကြောင်းမှာ အဖြစ်အများဆုံး သန်ကောင်ကူးစက်ရောဂါပဲ ဖြစ်ပါတယ်။ တုပ်ကောင်(သန်ကောင်)တွေဟာ အလွန်သေးငယ်တဲ့ သတ္တဝါလေးတွေ ဖြစ်ပြီး အဖြူရောင်ရှိကာ လက်မဝက်လောက်တောင် အလျားမရှိပါဘူး။enterobiasis သို့မဟုတ် oxyuriasis လို့ခေါ်တဲ့ တုပ်ကောင်(သန်ကောင်)ကူးစက်ခံရခြင်း ဟာ အမေရိကန်ပြည်ထောင်စုမှာတော့ အဖြစ်အများဆုံး သန်ကောင်ကူးစက်ရောဂါဖြစ်ပါတယ်။ တုပ်ကောင်(သန်ကောင်)တွေဟာ အလွယ်တကူ ပျံ့နှံ့ကူးစက်နိုင်ပြီး အသက်ငါးနှစ်ကနေ ဆယ်နှစ်အရွယ်ကလေးတွေမှာ အများဆုံး ဖြစ်ပွားတတ်သလို သန့်ရှင်းရေးအားနည်းပြီး လူထူထပ်တဲ့နေရာတွေမှာ နေထိုင်သူတွေ သို့မဟုတ် ရှေ့မှာဖော်ပြခဲ့သူတွေနဲ့ နီးနီးစပ်စပ် ထိတွေ့နေရသူတွေမှာ အဖြစ်များပါတယ်။ တုပ်ကောင်(သန်ကောင်)ကူးစက်ခံရခြင်းကို ဆေးဝါးတွေနဲ့ ထိရောက်စွာ ကုသနိုင်ပေမယ့် နောက်တခါထပ်ဖြစ်လာတာမျိုးတွေလည်း ရှိပါတယ်။ ဒါပေမယ့် ပြင်းထန်တဲ့ နောက်ဆက်တွဲပြဿနာတွေကို ခံစားရခြင်း၊ကာလတာရှည်ဝေဒနာခံစားရခြင်းတွေကတော့ အင်မတန်ရှားပါးပါတယ်။

Pinworms (တုပ်ကောင် (သန်ကောင်)) က ဘယ်လောက်အဖြစ်များသလဲ

တုပ်ကောင် (သန်ကောင်) ကူးစက်ခံရခြင်းဟာ ကမ္ဘာအနှံ့မှာ အတော်လေးဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါဖြစ်ပြီး ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ အများဆုံးဖြစ်ပွားတဲ့ သန်ကောင်ကူးစက်ရောဂါ ဖြစ်ပါတယ်။ ဒါပေမယ့် ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်

လက္ခဏာများ

Pinworms (တုပ်ကောင် (သန်ကောင်)) ရဲ့လက္ခဏာတွေကဘာတွေလဲ

တုပ်ကောင်(သန်ကောင်)ကူးစက်ခံရခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

  • စအိုဝ သို့မဟုတ် ယောနိတဝိုက် ယားယံခြင်း။
  • အိပ်မပျော်ခြင်း၊ကသိကအောင့်ဖြစ်ခြင်း၊ဂဏှာမငြိမ်ဖြစ်ခြင်း။
  • တုပ်ကောင်(သန်ကောင်)ကူးစက်ခံရခြင်းဟာ တခါတရံမှာ ဘာရောဂါလက္ခဏာမှ မပြတတ်ပါဘူး။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Pinworms (တုပ်ကောင် (သန်ကောင်)) ကိုဘာတွေကဖြစ်စေသလဲ

တုပ်ကောင်(သန်ကောင်)ဟာ အင်မတန် ကူးစက်လွယ်ပါတယ်။ တုပ်ကောင်(သန်ကောင်)ကူးစက်ခံနေရသူဆီက တုပ်ကောင်ဥတွေ အစားအစာထဲရောက်ရှိ၊တခါ အဆိုပါဥတွေကို နောက်တယောက်က (မရည်ရွယ်ဘဲ)စားမိလိုက်၊ရှူမိလိုက်မယ်ဆိုရင် ဒီလူပါ တုပ်ကောင်(သန်ကောင်)ကူးစက်ခံရပါပြီ။ အဏုကြည့်မှန်ပြောင်းနဲ့ကြည့်မှ မြင်ရလောက်အောင် အလွန်သေးငယ်တဲ့ တုပ်ကောင်ဥလေးတွေကို စားသုံးလိုက်ခြင်းအားဖြင့် ကူးစက်မှုသံသရာ စတင်ပါတော့တယ်။

ဥလေးတွေ သင့်ခန္ဓါကိုယ်ထဲရောက်လာတဲ့အခါ အကောင်ပေါက်ပြီး ကြီးပြင်းအရွယ်ရောက်လာသည်အထိ သင့်အူလမ်းကြောင်းထဲမှာ နေထိုင်ပါတယ်။ အရွယ်ရောက်လာတဲ့ တုပ်ကောင်အမဟာ အူမကြီးဆီ ရွေ့လျားပြီး စအိုမှတဆင့် ခန္ဓါကိုယ်ပြင်ပသို့ ထွက်ခွာကာ စအိုဝတဝိုက်က အရေပြားအတွန့်အခေါက်လေးတွေကြားမှာ ဥ ဥချပါတော့တယ်။ ဒီလို ဥလေးတွေ ရှိနေခြင်းကြောင့် စအိုဝယားယံတဲ့ ဝေဒနာကို ခံစားရတာမို့ သင့်ကို စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။

တကယ်လို့ ယားယံတဲ့နေရာကို ကုတ်မိလိုက်မယ်ဆိုရင် တုပ်ကောင်(သန်ကောင်)ဥတွေဟာ လက်ချောင်းတွေဆီသို့ ကူးပြောင်းရောက်ရှိသွားမှာပဲ ဖြစ်ပြီး အဆိုပါဥတွေဟာ သင့်လက်ပေါ်မှာ နာရီပေါင်းများစွာ ရှင်သန်နေထိုင်နိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ တုပ်ကောင်ကူးစက်ခံနေရသူဟာ အိပ်ယာခင်း၊အဝတ်အစား၊အိမ်သာကြွေခွက်၊ကစားစရာအရုပ် ဒါမှမဟုတ် အခြားသော အိမ်သုံးပစ္စည်းတွေက ထိတွေ့လိုက်မယ်ဆိုရင်တော့ တုပ်ကောင်ဥတွေဟာ သူ့လက်ပေါ်ကနေ အဆိုပါ အရာဝတ္ထုပေါ်ကို ကူးပြောင်းရောက်ရှိသွားမှာပါ။ တုပ်ကောင်ဥတွေဟာ သူတို့ကပ်တွယ်နေတဲ့ လက်ချောင်းတွေကတဆင့် အစားအစာ သို့မဟုတ် အရည်တွေဆီကို တိုက်ရိုက်ကူးပြောင်းရောက်ရှိသွားနိုင်ပါတယ်။ အိပ်ယာခင်းတွေ၊တဘက်တွေ ဒါမှမဟုတ် အဝတ်အစားတွေကို ခါယမ်းလိုက်တဲ့အခါ အဆိုပါ အရာဝတ္ထုတွေပေါ်မှ ကပ်တွယ်နေတဲ့ ဥတွေကို လေထဲကတဆင့် ရှူမိပြီး ကူးစက်သွားတာမျိုးဟာလည်း ဖြစ်ခဲပေမယ့် မဖြစ်ဖူးလို့ မဆိုနိုင်ပါဘူး။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Pinworms (တုပ်ကောင် (သန်ကောင်)) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

တုပ်ကောင်(သန်ကောင်)ကူးစက်မှု ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

နေ့ကလေးထိန်းကျောင်း သို့မဟုတ် မူကြိုတက်နေတဲ့ ကလေးများ။

တုပ်ကောင်ကူးစက်ထားတဲ့ ကလေး သို့မဟုတ် အရွယ်ရောက်ပြီးသူတွေကို ပြုစုနေ၊ကိုင်တွယ်ထိတွေ့နေရသူများ။

ထောင်၊ဆေးရုံကဲ့သို့သော လူဦးရေထူထပ်တဲ့ နေရာတွေမှာ နေထိုင်ရသူများ။

အစာမစားခင် လက်ဆေးလေ့မရှိသော ကလေးငယ်များ သို့မဟုတ် အရွယ်ရောက်ပြီးသူများ။

လက်မစုပ်ကျင့်ရှိသော ကလေးများ။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Pinworms (တုပ်ကောင် (သန်ကောင်)) ကို ဘယ်လိုအတည်ပြုပါသလဲ

တကယ်လို့ သင့်မှာ တုပ်ကောင်(သန်ကောင်)ကူးစက်ခံရနေရပြီလို့ ဆရာဝန်က ယူဆရင် လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေကို ပြုလုပ်မှာဖြစ်ပြီး တိပ်ကပ်ပြီး စမ်းသပ်တဲ့ နည်းလမ်းကတော့ တုပ်ကောင်ဟုတ်မဟုတ် သိရှိနိုင်ဖို့ အသေချာဆုံးနဲ့ စိတ်အချရဆုံး နည်းလမ်း ဖြစ်ပါတယ်။ တိပ်ပြားအပိုင်းလေးတခုကို ယူကာ စအိုဝတဝိုက်ရှိ အရေပြားမှာ ကပ်ထားပြီး စမ်းသပ်ရမှာ ဖြစ်ပါတယ်။ တုပ်ကောင်တွေဟာ လူအိပ်စက်ချိန်မှာ စအိုဝကနေတဆင့် အပြင်ကို ထွက်လာလေ့ရှိတာမို့ တိပ်ကပ်ပြီး စမ်းသပ်ခြင်းကို မနက်အိပ်ယာထချိန်မှာ ပြုလုပ်သင့်ပါတယ်။ တကယ်လို့ တုပ်ကောင်ဥတွေ ရှိနေမယ်ဆိုရင် တိပ်မှာ လာကပ်နေတာကို တွေ့ရမှာပါ။ အဆိုပါ တိပ်ကို ခွာပြီး သင့်ဆရာဝန်ဆီကို ယူသွားရမှာဖြစ်ကာ ဆရာဝန်အနေနဲ့ တိပ်ကို အဏုကြည့်မှန်ပြောင်း အသုံးပြုစစ်ဆေးကြည့်ရှုမှာ ဖြစ်ပါတယ်။ ဒါမှသာ တုပ်ကောင်ဥတွေ ရှိမရှိ သိရှိနိုင်မှာ ဖြစ်ပါတယ်။ မနက်ခင်း နိစ္စဓူဝလုပ်ငန်းတွေဖြစ်တဲ့ ရေချိုးခြင်း၊အိမ်သာတက်ခြင်း စတာတွေဟာ တုပ်ကောင်ဥတွေကို သင့်အရေပြားပေါ်က ဖယ်ရှားပေးနိုင်တာမို့ မနက်အိပ်ယာနိုးနိုးချင်းမှာ ဒီစစ်ဆေးမှုကို ပြုလုပ်တာ အကောင်းဆုံးပါပဲ။ တုပ်ကောင်ဥတွေကို ရှာဖွေတွေ့ရှိနိုင်ချေ များစေဖို့အတွက် တိပ်ကပ်စစ်ဆေးခြင်းကို အနည်းဆုံး သုံးရက်တိတိဆက်တိုက်(မနက်ခင်းတွေမှာပေါ့) ပြုလုပ်ရမယ်လို့ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနချုပ်(စီဒီစီ)က အကြံပြုထားပါတယ်။

Pinworms (တုပ်ကောင် (သန်ကောင်)) ကို ဘယ်လိုကုသပါသလဲ

ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူရရှိနိုင်တဲ့ pyrantel pamoate (Reese’s Pinworms Medication, Pin-X)ကို သုံးစွဲဖို့ သင့်ဆရာဝန်က ညွှန်ကြားနိုင်သလို သင့်တအိမ်သားလုံး ကူးစက်ခံရခြင်း/နောက်တကြိမ်ထပ်ဖြစ်ခြင်းတို့မှ ကာကွယ်ဖို့အတွက် သင့်တော်တဲ့ ဆေးတွေကိုလည်း ဆရာဝန်က လမ်းညွှန်ပါလိမ့်မယ်။ တုပ်ကောင်(သန်ကောင်)ကူးစက်ခံရခြင်းကို ကုသဖို့အတွက် အများဆုံး အသုံးပြုတဲ့ ဆေးတွေကတော့

– Mebendazole

– Albendazole (Albenza) စတဲ့ ဆေးတွေပဲ ဖြစ်ပါတယ်။ ဆေးသုံးစွဲနေစဉ်ကာလမှာ (မပြင်းထန်တဲ့) အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။ တုပ်ကောင်(သန်ကောင်)တွေ လုံးဝကင်းရှင်းသွားဖို့အတွက် သင့်အနေနဲ့ အနည်းဆုံး ဆေးနှစ်ကြိမ် သောက်ဖို့ လိုပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက တုပ်ကောင်(သန်ကောင်)ကူးစက်ခြင်းကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် တုပ်ကောင်(သန်ကောင်)ကူးစက်ခြင်းကို ကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

  • မနက်ခင်း၌ ဆေးကြောသန့်စင်ပါ။

တုပ်ကောင်တွေဟာ ညဖက်မှာ ဥ ဥချလေ့ရှိတဲ့အတွက် မနက်အိပ်ယာထချိန်မှာ သင့်စအိုနားတဝိုက်ကို ဆေးကြောသန့်စင်ပေးခြင်းအားဖြင့် သင့်ခန္ဓါကိုယ်ပေါ်မှာ ရှိတဲ့ တုပ်ကောင်ဥတွေကိုရဲ့ အရေအတွက်ကို လျှော့ချပေးနိုင်ပါတယ်။ ရေဇလုံထဲမှာ စိမ်ချိုးတာမျိုး မဟုတ်ဘဲ ရေပန်းနဲ့ချိုးခြင်း၊ရေခွက်ဖြင့် ခပ်ချိုးခြင်း စတဲ့ ပုံစံတွေနဲ့ ရေချိုးမယ်ဆိုရင်တော့ ချိုးရေမှတဆင့် ပြန်လည်ကူးစက်ခြင်းကို ရှောင်ရှားစေနိုင်မှာ ဖြစ်ထွန်းတယ်။

  • အတွင်းခံဘောင်းဘီ၊အိပ်ယာခင်းစတာတွေကို နေ့စဉ်လဲလှယ်ပါ။

ဒီလိုလုပ်ပေးခြင်းအားဖြင့် တုပ်ကောင်ဥတွေကို ဖယ်ရှားနိုင်ပါလိမ့်မယ်။

  • ရေနွေးပူနဲ့ ပြုတ်လျှော်ပါ။

အိပ်ယာခင်းတွေ၊ညအိပ်ဝတ်တဲ့ အဝတ်အစားတွေ၊လက်သုတ်ဝတ်တွေနဲ့ တဘက်တွေကို ရေနွေးပူပူနဲ့ ပြုတ်လျှော်ခြင်းအားဖြင့် တုပ်ကောင်ဥတွေကို သုတ်သင်ရှင်းလင်းနိုင်ပါတယ်။ ပြီးရင် အပူများများနဲ့ အခြောက်ခံပါ။

  • မကုတ်ပါနဲ့။

စအိုနားတဝိုက်ကို မကုတ်ပါနဲ့။ တုပ်ကောင်ဥတွေ ကပ်တွယ်နိုင်မယ့် နေရာနည်းသွားစေဖို့ သင့်ကလေးကို လက်သည်းမှန်မှန် ညှပ်ပေးပါ။ လက်သည်းမကိုက်ပါစေနဲ့။

  • လက်ဆေးပါ။

တုပ်ကောင်ကူးစက်မခံရဖို့၊အခြားသူတွေဆီ မပျံ့နှံ့ဖို့အတွက် အိမ်သာတက်ပြီးတိုင်း ဒါမှမဟုတ် အနှီးလဲပေးပြီးတိုင်း ဒါမှမဟုတ် အစာမစားခင်တိုင်းမှာ လက်ကို စင်ကြယ်အောင်ဆေးရပါမယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 13/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement